
ကြည့်ရှုအားပေးကြတဲ့ ရွေရောင်လမ်း ရဲ့ ပရိသတ်ကြီးအားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာတော့ လက်ဆစ် ခြေဆစ်တွေချိုးတာနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတလေးတွေကို ပရိသတ်ကြီးကိုဝေမျှပေးချင်ပါတယ်။
နေ့စဉ်ဘဝမှာ စာအရေးများသူတွေပဲဖြစ်ဖြစ် ကွန်ပျူတာအသုံးများသူတွေပဲဖြစ်ဖြစ် လက်ညောင်းလာတဲ့အခါ လက်ဆစ်ချိုးတတ်ကြပါတယ်။
တချို့ကလည်း လက်ဆစ်ချိုးရာကထွက်တဲ့အသံကိုသဘောကျလို့ သတိရတိုင်း ချိုးကြသူတွေလည်းရှိပါတယ်။
လူကြီးသူမတွေကတော့ လက်ဆစ်အမြဲချိုးရင် အဆစ်ယောင်တတ်တယ်လို့ဆိုကြပါတယ်။
ဒါ့ကြောင့် လက်ဆစ်ခြေဆစ်တွေအမြဲချိုးနေရင် ဘယ်လိုတွေဖြစ်လာမလဲ ဘယ်လိုဆိုးကျိုးတွေရှိနိုင်လဲဆိုတာကိုသိချင်နေကြတဲ့ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
အရင်ဆုံးလက်ဆစ်ချိုးတဲ့အခါမှာ လက်ချောင်းတွေတကယ်ကျိုးတာမဟုတ်ဘဲ ဘာကြောင့်အသံထွက်လာရတာလဲဆိုတာလေးကို ရှင်းပြပေးချင်ပါတယ်။
ကျွန်တော်တို့ရဲ့ အဆစ်အမြစ်တွေကြားမှာ လှုပ်ရှားမှုပြေပြစ်စေဖို့ ဆိုင်နိုဗီးယားဆိုတဲ့အရည်ပျစ်ပျစ်တွေရှိပါတယ်။
ဆိုင်နိုဗီးယားအရည်တွေကြားက နိုင်တြိုဂျင်လေအိတ်လေးတွေရဲ့ ပေါက်ကွဲမှုကြောင့် လက်ဆစ်ချိုးတဲ့အခါ အသံထွက်လာခြင်းဖြစ်တယ်လို့ အရိုးနှင့်ကြွက်သားရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး Dr. Robert Klapper က ဆိုထားပါတယ်။
စက်တွေ မော်တာတွေ ကားအင်ဂျင်တွေမှာချောဆီထည့်ပေးရသလို သင့်ခန္ဓာကိုယ်လှုပ်ရှားရာမှာ ချောမွေ့ဖို့အတွက် အရိုးအဆစ်တွေကြားမှာလည်း ဆိုင်နိုဗီးယားအရည်တွေလိုအပ်ပါတယ်။
မဟုတ်ရင် အရိုးနုတွေကြာရှည်ခံဖို့အတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။
လက်ဆစ်ခြေဆစ်တွေချိုးလိုက်တဲ့အခါမှာ ဆိုင်နိုးဗီးယားအရည်ထဲက နိုက်တြိုဂျင်လေအိတ်လေးတွေ ပြန်လည်ဖြစ်တည်လာဖို့ နောက်ထပ်မိနစ် ၂၀စောင့်ရပါတယ်။
သူတို့ပြန်လည်တည်ဆောက်နေတဲ့ ကာလအတွင်း သင့်ရဲ့လှုပ်ရှားမှုတွေကတော့ အနည်းငယ်တင်းကျပ်သလိုခံစားနေရမှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် လက်ဆစ်ခြေဆစ်တွေချိုးပြီးပြီဆိုရင် တစ်ခုခုကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး လုပ်ကိုင်ရမယ့်အရာတွေကို မိနစ်၂၀လောက်တော့ နောက်ဆုတ်ထားဖို့လိုပါမယ်။
တစ်ချို့ကတော့ ဒီလိုလက်ဆစ်ချိုးလိုက်မှ နေသာထိုင်သာရှိတယ်လို့ဆိုကြပါတယ်။
အမှန်တော့ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဖြေလျော့ချက်သက်သက်ပါလို့ Dr. Klapper ကဆိုထားပါတယ်။
လက်ဆစ်ခြေဆစ်ချိုးနေတာ အကျင့်ပါနေပြီဆိုသူတွေအတွက် ဒီလိုပုံမှန်ချိုးနေရင် အဆစ်ယောင်ခြင်းကို ဖြစ်စေနိုင်လားဆိုတဲ့မေးခွန်းလေးကိုလည်း Dr. Klapper ကအခုလိုပဲ ဖြေဆိုထားပေးပါတယ်။
လက်ဆစ်ခြေဆစ်ချိုးတာကြောင့်တော့ အဆစ်ယောင်ခြင်း မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ လက်ဆစ်ခြေဆစ်ချိုးလိုက်တဲ့အခါ မသက်မသာဖြစ်နေပြီဆိုရင်တော့ သင်အဆစ်လည်နေတာဖြစ်ဖြစ် အဆစ်ဖိမိတာပဲဖြစ်ဖြစ် တစ်ခုခုမှားယွင်းနေလို့ဖြစ်မယ်လို့ ဆိုထားပါတယ်။
အရိုးအဆစ်တွေထိခိုက်ထားလို့ အဆစ်အမြစ်ယောင်ယမ်းနေမယ်ဆိုရင်တော့ နာကျင်ခြင်း အကြိတ်ထွက်သလို ဖောင်းနေခြင်း စတဲ့ ရှေ့ပြေးလက္ခဏာတွေကို ခံစားရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် သင့်လက်ဆစ်ချိုးတဲ့အခါ နာကျင်ခြင်းမခံစားရဘူးဆိုရင်တော့ သင့်မှာ အဆစ်အမြစ်ယောင်တဲ့ရောဂါဝေဒနာမရှိပါဘူးလို့ ဆိုပါတယ်။
အဆုံးထိကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရွှေရောင်လမ်း ( Writer – LLA )