အင်ဒိုနီးရှားတွင် ၆ဒသမ၂ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်သွားသဖြင့် အ ဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီးလူခုနှစ်ဦးထက်မနည်းသေဆုံး၍ ရာနှင့်ချီကာ ထိခိုက်ဒဏ်ရာရ

အင်ဒိုနီးရှားတွင် ၆ဒသမ၂ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်သွားသဖြင့် အ ဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီးလူခုနှစ်ဦးထက်မနည်းသေဆုံး၍ ရာနှင့်ချီကာ ထိခိုက်ဒဏ်ရာရ
============================================

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းမှာ ပြင်းအား ၆ဒသမ၂မဂ္ဂနီကျုရှိတဲ့ မြေငလျင်လှုပ်ခတ်သွားခဲ့တာကြောင့် အဆောက်အအုံအများအပြားပြိုကျပျက်စီးခဲ့ရပြီး လူခုနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရာနှင့်ချီရှိခဲ့တယ်လို့ အင်ဒိုနီးရှားသဘာ၀ဘေးအန္တရာယ်လျော့ပါးသက်သာစေရေးအဖွဲ့က ဆိုပါတယ်။


ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းက မာဂျီနီမြို့ရဲ့အရှေ့မြောက်ဘက် ခြောက်ကီလိုမီတာ (၃.၇၃မိုင်)အကွာ၊ အနက် ၁၀ ကီလိုမီတာ (၆.၂မိုင်) ကနေ ဗဟိုပြုလှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကနဦးသတင်းတွေအရ ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် မာဂျီနီမြို့မှာ လူလေးဦးသေဆုံးခဲ့ရပြီး ၆၃၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။နောက်ထပ်ရရှိတဲ့သတင်းတွေအရ ၎င်းနဲ့အနီးဝန်းကျင်က မာမူဂျူဒေသမှာလည်း လူသုံးဦးသေဆုံးခဲ့ပြီး လူနှစ်ဒါဇင်မျှထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

ဒေသစံတော်ချိန် နံနက် ၁နာရီခန့်မှာ ငလျင်လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး အိမ်ခြေပေါင်း ၆ဝထက်မနည်းပျက်စီးခဲ့ရကာ ငလျင်ဘေးကလွတ်နိုင်ဖို့ လူပေါင်းထောင်ချီမျှ နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရတယ်လို့ သဘာ၀ဘေးအန္တရာယ်လျော့ပါးသက်သာစေရေးအဖွဲ့က ဆိုပါတယ်။

ခုနှစ်စက္ကန့်ကြာမျှ အပြင်းအထန်လှုပ်ခတ်သွားခဲ့တဲ့ငလျင်ဖြစ်ပေမယ့် ဆူနာမီလှိုင်းအန္တရာယ်သတိပေးချက် မထုတ်ပြန်ထားဘူးလို့သိရပါတယ်။

အချို့သောအဆောက်အအုံတွေက ဆိုးဆိုးရွားရွားပျက်စီးပြိုကျနေပြီး ဟိုတယ်နှစ်ခုနဲ့ အနောက်ဆူလာဝေစီအစိုးရရုံးတစ်ခုနဲ့ ဈေးဝယ်စင်တာတစ်ခုလည်းပါတယ်လို့ ငလျင်ဗဟိုချက်ရဲ့မြောက်ပိုင်း မာမူဂျူဒေသက သတင်းထောက်ဆူဒါမန်ဆာမူရယ်က ဆိုပါတယ်။

တံတားတစ်ခုလည်းပျက်စီးသွားခဲ့ပြီး မာမူဂျူကိုလာတဲ့လမ်းလည်း ပြတ်တောက်နေရတယ်လို့ ဆိုပါတယ်။


ဇန်နဝါရီလ ၁၄ရက် အစောပိုင်းတုန်းကလည်း အဆိုပါခရိုင်ထဲမှာတင် ၅ဒသမ၉မဂ္ဂနီကျုရှိတဲ့ငလျင်လှုပ်ခတ်ထားပြီး အဆောက်အအုံတစ်ချို့ပျက်စီးထားခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၄နာရီအတွင်း ငလျင်နောက်ဆက်တွဲတွေလည်း လှုပ်ခတ်ထားခဲ့ပြီး မြေပြိုတဲ့နေရာ သုံးနေရာထက်မနည်းရှိခဲ့ကာ လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေခဲ့တယ်လို့ အင်ဒိုနီးရှားသဘာ၀ဘေးအန္တရာယ်လျော့ပါးသက်သာရေးအဖွဲ့က ဆိုပါတယ်။

Credit Pyi Myanmar