EPC ဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး ရန်ကင်းမြို့နယ်က မီးကြိုး ပေ ၁၀၀၀ ခန့် ခိုးသွားတဲ့ ဖြစ်စဥ်

အီးပီစီ ဝန်ထမ်းအယောင်ဆောင်၍ ဓာတ်မီးတိုင်မှ မီးကြိုးပေ ၁၀၀၀ ခန့် ဖြတ်တောက်ခိုးယူခံရမှု ရန်ကင်းမြို့နယ်တွင်ဖြစ်ပွား
〰〰〰〰〰〰〰〰〰〰〰〰

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက်တွင် လမ်းမီးတိုင်အတွက် သွယ်တန်းထားသော ဓာတ်ကြိုးများအား အီးပီစီဝန်ထမ်းအယောင်ဆောင်၍ ဖြတ်တောက်ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း တူမောရိုးမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကင်းမြို့နယ် အမှတ်(၆) ရပ်ကွက် ရန်ငြိမ်းလမ်းမပေါ်ရှိ လမ်းမီးဓာတ်တိုင်များ မီးမလင်းကြောင်း သတင်းပေးပို့လာသဖြင့် သက်ဆိုင်ရာ မြို့နယ်ရုံးမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းမပေါ်တွင် သွယ် တန်းထားသော လမ်းမီးကြိုးပေ ၁၀၀၀ ခန့်မှာ ဖြတ်တောက် ခိုးယူခြင်းခံထားရကြောင်း ရန်ကင်းမြို့နယ် အီးပီစီမှ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါရပ်ကွက်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ”နေ့ခင်းဘက် မွန်းလွဲ ၂ နာရီလောက် မြို့နယ်က လူကြီးတွေ ရုံးကိုလာရောက်စစ်ဆေးနေချိန်မှာ ဝုန်းဆိုတဲ့အသံကြားတာနဲ့ ကျွန်တော် ရုံးအပြင်ဘက်ကို ထွက်ကြည့်ခဲ့ပါတယ်။ ထွက်ကြည့်တော့ အီးပီစီဝတ်စုံဝတ်ဆင်ထားသူ နှစ်ယောက်က လမ်းမီးကြိုးကို ဖြတ်တောက်ဖြုတ်ချနေတာတွေ့ပါတယ်။

ဒါနဲ့ ဘာလုပ်တာလဲဆိုတော့ ကြိုးတွေ အသစ်လဲပေးမလို့ဆိုပြီး သူတို့က ပြောပါတယ်။ ငါဓာတ်ပုံရိုက်ယူထားမှာနော်ဆိုတော့ သူတို့က အေးအေးဆေး ဆေးပဲ ရိုက်ပါရပါတယ် လို့ပြောပါတယ်။ သူတို့ ဝတ်လာတဲ့ ဝတ်စုံနဲ့ ဆောင်းလာတဲ့ ဦးထုပ်မှာလည်း အီးပီးစီတံဆိပ် ပါပါတယ်”ဟု ပြောသည်။


ယခု လမ်းမီးများဖြတ်တောက်ခိုးယူခံခဲ့ရသည့် လမ်းတစ်လျောက်တွင် စီစီတီဗီများတပ်ဆင်ထားရာ ရပ်ကွက် တာဝန်ရှိသူများက စီစီတီဗီမှတ်တမ်းကို သက်ဆိုင်ရာသို့ ပေးပို့ထား သည်ဟုလည်း သိရသည်။

လမ်းမီးတိုင်မှ ဓာတ်ကြိုးများဖြတ်တောက်ခိုးယူခံခဲ့ရသည့် ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကင်းမြို့နယ် လျှပ်စစ်မန်နေဂျာက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဉပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူပေးပါရန် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား‌ကြောင်း သိရသည်။

ယခုအခါ ရန်ကင်းမြို့နယ်တွင် ပစ္စည်းခိုးယူခံရမှုများ မကြာ ခဏ ဖြစ်ပွားနေပြီး အဆိုပါနေ့ ဝန်းကျင်ကလည်း ရန်ကင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အမှတ် (၅)မှ ကွန်ပျူတာများ ခိုးယူခံခဲ့ရသေးကြောင်း သိရသည်။
ယခုဖြတ်တောက်ခိုးယူခံခဲ့ရသည့် လမ်းမီးတိုင်များမှ မီးလုံးများကို ရပ်ကွက်နေပြည်သူအချို့ စုပေါင်း ထည့်ဝင်ငွေဖြင့် LED မီးလုံးများလဲလှယ်တပ်ဆင်ထားသည်မှာ တစ်ပတ်ခန့်သာရှိသေး‌ကြောင်း သိရသည်။

Credit Tomorrow News Journal