မုန့်ဖက်ထုပ်ရောင်းပြီး မိဘကို ရှာကျွေးနေတဲ့ ၉ နှစ်ကလေး

မုန့်ဖက်ထုပ်ကူရောင်းပြီးမိသားစု ဝင်ငွေရှာပေးနေတဲ့ ၉နှစ်အရွယ်ကလေးငယ်
—————————




ဖိုးလပြည့် ဆိုသော ၉နှစ်အရွယ်ကလေးငယ်လေးဟာ မိသားစု စားဝတ်နေရေးလုပ်ငန်းြဖစ်သည့် မုန့်ဖက်ထုပ်ရောင်းခြင်းလုပ်ငန်းကို Covid 19ဖြစ်ကတည်းက ဝိုင်းကူရောင်းချပေးနေသည်မှာ ၁၀လနီးပါးရှိလာပြီဖြစ်သည်။ ကလေးငယ်ရောင်းချခြင်းမို့လို့ ဝယ်ယူအားပေးသူအများအပြားရှိသည်။



“အစ်မတို့က အစက စံပြဈေးမှာ အစ်မကမုန့်ဖတ်ထုတ်ရောင်းတယ် ။သူတို့အဖေက ပန်းရံလုပ်တယ်။ ကိုဗစ်ဖြစ်တော့ သူတို့အဖေက အလုပ်နားရတယ်။



အစ်မတို့ရောင်းတဲ့ဈေးနားမှာ လည်း ကိုဗစ်တွေ့လို့ မ‌ေရာင်းရဲဘူးလေ။ အဲ့တော့ရပ်ကွက်ထဲပြန်ရောင်းရတာပေါ့ ။အစ်မကအူအတက်ပေါက်လို့ ခွဲစိတ်ထားတဲ့အတွက် စက်ဘီးနင်းရောင်းလို့မရဘူးလေ ။အဲ့တော့ သားလေးကိုပဲစက်ဘီးနဲ့ရောင်းခိုင်းရတာပေါ့။



ကလေးလေးငယ်ငယ်လေးနဲ့ဈေးရောင်းတော့ ဓါတ်ပုံရိုက်တဲ့သူကရိုက်ကြနဲ့ ။အကုန်လုံးက ချစ်ပြီး အားပေးကြတယ်။ အစ်မကတော့ အိမ်နားတဝိုက်မှာပဲရောင်းတာပေါ့ ။ ပြောရရင် သူရောင်းတာကပိုရောင်းရတာပေါ့ “ဟု ကလေးငယ် ဖိုးလပြည့်၏မိခင်ဖြစ်သူကပြောသည်။



ဖိုးလပြည့်တို့မိသားစုမှာ မြောက်ဒဂုံမြို့နယ် ၃၃ရပ်ကွက်သန္တာလမ်းတွင်အိမ်ငှားဖြင့်နေထိုင်လျက်ရှိပြီး ဖိုးလပြည့်အပါအဝင် မောင်နှမ ၄ဦးရှိကာ ဖိုးလပြည့်မှာဒုတိယမြောက်သားဖြစ်သည်။



“ဈေးရောင်းတာကတော့ သားမှာအခက်အခဲ မရှိပါဘူး။ တခါတော့ပိုက်ဆံလုတဲ့သူတွေနဲ့ကြုံဖူးတယ်။ သားကတော့မကြောက်ပါဘူး။ သားကို ရပ်ကွက်ထဲက ကူညီကြတယ်။


တချို့ဆို မုန့်ဖတ်ထုပ်ဖိုးအပြင် မုန့်ဖိုးတွေပါပေးကြတယ်။ဖြစ်ချင်တာကတော့ အမေ့ကို အိမ်လေးဝယ်ပေးချင်တယ်။”ဟုကလေးငယ်ဖိုးလပြည့်ကပြောသည်။



ယခုလက်ရှိအိမ်မှာ ကလေးငယ်ဈေးရောင်းပြီးစုဆောင်းမိထားသော ငွေများဖြင့်ငှားရမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်ပိုင်ဝယ်နိုင်ရန်အတွက် ငွေစုနေကြသည်ဟုဆိုသည်။



“ကလေးက အမြဲပြောတယ် မေမေ့ကိုအိမ်‌ဝယ်ေပးချင်တယ်ပေါ့။ အရင်ကဆို အစ်မတို့က လိုင်းခန်းတွဲမှာ နေကြရတယ်။ ကိုယ့်သမီးလည်း အပျိုရွယ်လေးဆိုတော့ မလုံခြုံဘူးလေ။ အဲ့တော့ သားလေးရောင်းလို့ရတဲ့ပိုက်ဆံလေးတွေချွေတာစုပြီး ခုလိုအိမ်မျိုးလေး ငှားနိုင်တာ ။



ပြီးတော့ သူ့ပိုက်ဆံနဲ့ပဲ ရေခဲသေတ္တာတွေဘာတွေဝယ်ထားတာပေါ့ ။ တကယ်အားကိုးရတဲ့သားလေးပါ။ ပိုက်ဆံဆိုလည်းအကုန်အပ်တယ်”ဟုမိခင်ဖြစ်သူကပြောသည်။



ဖိုးလပြည့်လေးသည် တောင်ဥက္ကလာမြို့နယ်ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စတုတ္ထတန်းတွင်ပညာသင်ကြားသည်ဟုသိရသည်။



ယခုကျောင်းများပိတ်ထားချိန်တွင် နေ့လယ်ဘက်တစ်ကြိမ် ညဘက် တစ်ကြိမ် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်များသို့ စက်ဘီးတစ်စီးဖြင့် မုန့်ဖက်ထုပ်လှည့်လည်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေကူရှာပေးလျက်ရှိသည်။



Credit myanmaPlatform
Photo – Ye Myo Khant / MPA