ရေခဲမုန့် တွေထဲမှာ ကိုဗစ်ရောဂါပိုးတွေ တွေ့ရှိသဖြင့် အသည်းအသန် ခြေရာခံနေတဲ့ တရုတ်ပြည်

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တီယန်ကျင်းမြို့၌ ထုတ်လုပ်သော ရေခဲမုန့်များတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။


တီယန်ကျင်းရှိ ရေခဲမုန့်ထုတ်လုပ်သည့် Daqiaodao Food ကုမ္ပဏီတည်ရှိသော အဆောက်အအုံကို လူဝင်လူထွက်ပိတ်ပင်လိုက်ပြီဖြစ်ပြီး ဝန်ထမ်းများကိုလည်း COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း တီယန်ကျင်းအစိုးရကပြောဆိုခဲ့သည်။



ယခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ မရှိသေးချေ။
အဆိုပါရေခဲမုန့်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော ဘူး ၂၉၀၀၀ အနက် အများစုကိုမရောင်းချရသေးကြောင်း ဒေသဆိုင်ရာအစိုးရကပြောဆိုခဲ့သည်။ တီယန်ကျင်း၌ ရောင်းချခဲ့ပြီးဖြစ်သည့် ရေခဲမုန့်ဘူး ၃၉၀ ကိုခြေရာခံရှာဖွေနေပြီး မြို့နယ်တစ်ဝိုက်တွင် ရောင်းချမှုများရှိပါက အာဏာပိုင်များထံ အကြောင်းကြားရန် ညွှန်ကြားချက်ထုတ်ထားသည်။


ရေခဲမုန့်ပြုလုပ်ရာတွင် နယူးဇီလန်နှင့် ယူကရိန်းတို့မှ နို့မှုန့်များကို အသုံးပြုထားကြောင်း သိရသည်။တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၉ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၇၂ ဦးသည် နိုင်ငံတောင်ပိုင်း ဟဲဘေးပြည်နယ်မှဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။



တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၈၂၂၇ ဦးနှင့် သေဆုံးသူ ၄၆၅၃ ဦးရှိနေသည်။

Credit Myanmar Times