ကျောင်းဆရာ တစ်ဦးရဲ့သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့ရတဲ့အဖြစ် (ဖြစ်ရပ်မှန်) …

ကျွန်တော်တောကျောင်းကနေမြို့ကျောင်းကိုပြောင်းလာပေမယ့်မြို့ပေါ်ကျောင်းမှာနေရတာမဟုတ်ဘူး။မြို့နဲ့မနီးမဝေးမူလတန်းကျောင်းလေးကိုရောက်လာတယ်။

လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ကျောင်းကယိုင်တိုင်တိုင်စုတ်ချာချာ။မိုးရွာလေတိုက်ရင်မိုးလွတ်တဲ့နေရာခိုနေကြရတယ်။

ကျွန်တော့်လေးတန်းမှာကျောင်းသား၂၄ယောက်ရှိတယ်။အဲဒီခေတ်ကအုပ်စုလိုက်စစ်ဆိုတော့အစိုးရစစ်လိုပဲ။တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့

တန်းလုံးကျွတ်အောင်တာကိုဂုဏ်ရှိတယ်ထင်နေကြတာ။ကျွန်တော့်ကျောင်းအုပ်ကြီးကတော့တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။


အတန်းထဲကကလေးတွေမဆိုးပါဘူး။အရည်အချင်းလေးတွေတော့အရှိသား။လေ့ကျင့်အားနည်းနေတယ်လို့သုံးသပ်တယ်။အရင်ကကျောင်းအုပ်ဆရာကြီးကတာဝန်ယူထားတာကိုး။

သူလည်းတခါတရံသူ့ကိုယ်ရေးကိုယ်တာရှိလေတော့အကြောင်းပြပြီးကျောင်းလာတစ်ချက်၊မလာတစ်ချက်ဆိုတော့ကလေးတွေပညာငတ်နေကြတာပေါ့။

ကျွန်တော်အတန်းပိုင်ဖြစ်တော့ကလေးတွေတစ်ဦးချင်းကိုလေ့လာရတယ်။အားလုံးအနေအထားကောင်းတယ်။တန်းလုံးကျွတ်အောင်နိုင်တဲ့အနေအထားမှာရှိတယ်။

ကျွန်တော်ကလည်းတာဝန်ယူခဲ့တဲ့ကျောင်းတိုင်းမှာတန်းလုံးကျွတ်အောင်တာကိုမှဂုဏ်ယူတတ်တာဆိုတော့မောင်းရတော့တာပေါ့။

အတန်းထဲမှာဖြူမဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ဖြူဖြူသေးသေးလေး။စာအတော်လေးညံ့တယ်။လက်ရေးညံ့တယ်။သေသေချာချာလေ့လာကြည့်တော့ဖြူမကဉာဏ်ကောင်းတယ်။

ဒါပေမဲ့သူ့ကိုအတန်းထဲကအတန်းဖော်တွေကသိပ်အရောမဝင်တော့ဂျစ်တစ်တစ်၊ညစ်တစ်တစ်လုပ်ချင်နေတာ။ကျွန်တော်ကသူ့ကိုလက်ရေးက,စပြင်တော့ကျွန်တော့်ကိုနည်းနည်းအသိအမှတ်ပြုစဖြစ်လာတယ်။

တစ်နေ့တော့ရွာထဲမှာမဟာဒုတ်ပွဲဆိုပြီးအလှူတွေခံကြ၊ပွဲတွေခံကြ၊အကြီးအကျယ်လုပ်တယ်။ကျွန်တော်ကလေးတွေရဲ့လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့အလုပ်ရှုပ်နေချိန်မှာ


ဖြူမကမရဲတရဲကျွန်တော့်နားကပ်လာပြီး“ဆရာ… သမီးတို့အိမ်ကမဟာဒုတ်ဘုရားမဲပေါက်တယ်။အဖေကဆရာ့ကိုအိမ်မှာထမင်းလာစားပါလို့ဖိတ်ခိုင်းလိုက်လို့”

ကျွန်တော်ကလည်းသာမန်လောက်ပဲထင်ပြီး“အေး… အေး” လို့ပြောလိုက်တော့သူကထပ်ပြီးသေချာအောင်“တကယ်လာမှာလားဆရာ… အဖေ့ကိုပြန်ပြောလိုက်မယ်” ကျွန်တော်ကလည်းသာမန်လောက်သဘောထားပြီးခေါင်းငြိမ့်ပြလိုက်တယ်။

ညနေကျောင်းဆင်းတော့ကလေးတွေအားလုံးမရှိချိန်မှာဆရာမတစ်ယောက်ကကျွန်တော့်ဆီလာပြီး“ဆရာဖြူမတို့အလှူကိုဆရာတကယ်သွားမှာလား” လို့လာမေးတယ်။

“သွားမှာပေါ့ဆရာမရဲ့၊ဘာဖြစ်လို့လဲ” “ဖြူမတို့ကသုင်းထဲမှာနေတာဆရာ။သူ့အဖေကသုဘရာဇာ၊ဆရာသွားလို့ဖြစ်ပါ့မလား” ကျွန်တော်ဘာဖြစ်လို့ဖြူမတစ်ယောက်

သိမ်ငယ်စွာနဲ့အတန်းထဲမှာဖြစ်နေတယ်ဆိုတာသဘောပေါက်လိုက်တယ်။ဘာဖြစ်ဖြစ်အဲဒီအလှူကိုကျွန်တော်သွားဖြစ်အောင်သွားဖို့ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ကျောင်းကိုစောစောလာတော့ဖြူမကကျောင်းလှေခါးကနေလာစောင့်နေတယ်။ကျွန်တော့်လွယ်အိတ်လေးကိုလာပြေးယူပြီး“ဆရာသမီးနဲ့တစ်ခါတည်းလိုက်ခဲ့မှာလား” လို့မေးလိုက်တယ်။

ကျွန်တော်လည်းခေါင်းငြိမ့်ပြလိုက်ပြီးသူ့နောက်ကလိုက်ခဲ့တယ်။သချိုင်းကရွာပြင်မှာ။ကျွန်တော်သချိုင်းထဲဝင်လိုက်ချိန်မှာအုတ်ဂူကြားလေးတွေကနေခြောင်းကြည့်နေကြတဲ့ကလေးအချို့ကိုလည်းတွေ့လိုက်ရတယ်။

သချိုင်းနဲ့လှမ်းလှမ်းကကုန်းလေးပေါ်မှာဝါးတဲလေးတစ်ခုရှိတယ်။သပ်ရပ်ပြီးပြောင်နေတယ်။အခင်းတွေကဝါးခင်းတွေပဲ။ကျွန်တော်အိမ်ပေါ်တက်ထိုင်လိုက်ချိန်မှာဖြူမရဲ့အဖေကအခန်းထဲကထွက်လာပြီးဘာပြောရမှန်းမသိသလိုနဲ့ယောင်နနဖြစ်နေတယ်။

သူက……”မထင်ပါဘူးဆရာကြီးရယ်၊သမီးကပြောလို့သာ၊ဆရာကြီးတကယ်လာမယ်လို့ကျွန်တော်လုံးဝမထင်ထားပါဘူး” တဲ့။တုန်တုန်ရီရီနဲ့ပြောရှာတယ်။ကျွန်တော်ကလည်း“ကိုကျော်မင်းရယ်ခင်ဗျားအိမ်ကိုမဟာဒုတ်မဲပေါက်လို့ဘုရားတောင်ကြွလာသေးတာပဲ။ကျုပ်ကဘာလို့မလာရမှာလဲ” လို့ပြောလိုက်တယ်။ထမင်းဝိုင်းပြင်ပြီးတော့ကျွန်တော့ကိုတပည့်ဖြူမကလာခေါ်တယ်။

အိမ်ဦးခန်းမှာနေရာယူပြီးစားဖို့ပြင်တော့ကျွန်တော်တစ်ယောက်တည်း။ကျွန်တော်က”ကိုကျော်မင်းလာလေဗျာ။ကျွန်တော်တစ်ယောက်တည်း။ခင်ဗျားလည်းလာစားလေ” လို့ပြောလိုက်တော့

ဖြူမအဖေကအတင်းငြင်းတယ်။နောက်ဆုံးကျွန်တော်က“ကိုကျော်မင်း… ခင်ဗျားမစားရင်ကျွန်တော်လည်းမစားဘူး” ဆိုမှဝင်ထိုင်တယ်။ထမင်းဝိုင်းမှာကျွန်တော်ကြိုက်တဲ့ငါးဘတ်ခေါင်းကိုကြက်ပေါင်သီးနဲ့ချက်ထားတာတွေ့လိုက်ရတယ်။ငပိရည်တို့စရာတွေကလည်းစုံနေတာပဲ။

ကိုကျော်မင်းကကျွန်တော့်ပန်းကန်ထဲကိုငါးဘတ်ခေါင်းကြီးတစ်ခေါင်းလုံးခတ်ထည့်ပေးလိုက်တယ်။ကျွန်တော်ကတစ်ဝက်ဖဲ့ပြီးသူ့ပန်းကန်ထဲပြန်ထည့်ပေးလိုက်ရောကိုကျော်မင်းထမင်းဝိုင်းကနေထပြေးပြီးအိမ်ခန်းထဲဝင်သွားတော့တယ်။

အိမ်ခန်းထဲမှာဟီး…ဟီး..ဆိုတဲ့ငိုသံကြီးကြားလိုက်ရတော့ကျွန်တော်တောင်မျက်ရည်ဝဲတယ်။တအောင့်နေတော့ပြန်ထွက်လာပြီး“ဆရာကြီးရယ်ကျေးဇူးတင်ပါတယ်။ကျွန်တော့်ကိုသုဘရာဇာဆိုပြီးတစ်ရွာလုံးကအဖက်လုပ်ကြတာမဟုတ်ဘူး” လို့ပုဆိုးနဲ့မျက်ရည်တွေသုတ်ပြီးပြောတယ်။ကျွန်တော်သူ့ကိုတရားဟောမနေတော့ဘူး။

ထမင်းကိုဆာဆာနဲ့အားရပါးရစားပြလိုက်တယ်။သူတို့မိသားစုလည်းဝမ်းသာလွန်းလို့ပီတိဖြစ်နေတာကိုကျွန်တော်မျက်ရည်မကျမိအောင်မနည်းထိန်းရင်းကစားနေရတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။

အဲဒီနေ့က,စပြီးဖြူမအချိုးပြောင်းလာတယ်။ခိုင်းရင်လုပ်တယ်။အရမ်းကြိုးစားတယ်။အဲဒီကလေးအတွက်စိတ်ပူနေရာကနောက်ဆုံးစတုတ္ထတန်းအောင်စာရင်းထွက်လာတော့ကျွန်တော့်ကလေး၂၄ယောက်စလုံးအောင်တယ်။

ဒီရွာသမိုင်းမှာတန်းလုံးကျွတ်အောင်တဲ့ပထမဆုံးအောင်ပွဲပဲ။ကျွန်တော့်အောင်ပွဲကဒီမှာတင်မရပ်ဘူး။ကျောင်းအိုကျောင်းဟောင်းလေးကိုပြင်ဆောက်ဖို့ရွာထဲလိုက်အလှူခံတော့ဆေးလိပ်ခုံတစ်ခုကိုရောက်သွားတယ်။ဆေးလိပ်ခုံသူဌေးကကျွန်တော့်ကိုကြည့်ပြီး“သချိုုင်းထဲထမင်းသွားစားတဲ့ဆရာလား” လို့မေးလိုက်တယ်။

သူကကျွန်တော့်ကိုအိမ်ထဲခေါ်သွားပြီး“ဆရာ့စိတ်ဓာတ်ကိုလေးစားတယ်ဗျာ။ကျွန်တော်လည်းအဲဒီလိုဘဝကသူဌေးဖြစ်လာတာ။ကိုင်းအလှူလိုက်ခံမနေနဲ့။ဆရာ့ကျောင်းကိုကျွန်တော်ပြန်ဆောက်ပေးမယ်။ဒီနှစ်တန်းလုံးကျွတ်အောင်တယ်ဆိုကတည်းကဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားနေတာ” လို့ပြောလိုက်တယ်။

ကျွန်တော်ဒီကျောင်းနဲ့ပတ်သက်ပြီးဒုတိယတစ်ကြိမ်မျက်ရည်လည်ခဲ့ရတယ်။ခုတော့ကျွန်တော်မရှိတော့ပေမယ့်ကျောင်းလေးကတိုက်ကျောင်း၊ကွန်ကရစ်လမ်းတွေနဲ့စည်ကားနေပြီလို့ကြားတယ်။ဖြူမတစ်ယောက်လည်းဘာတွေဖြစ်နေပြီလဲလို့သိချင်လှတယ်။

မူရင်းရေးသားသူ ကို လေးစားစွာ Credit ပေးပါတယ်