ထိုင်းဘုရင်ကို စော်ကားတဲ့ အမျိုးသမီး ထောင် ၄၃ နှစ် ကျပြီ

ထိုင်းဘုရင်ကို စော်ကားပြစ်တင်မှုနဲ့ အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၄၃ နှစ် ချခံရ
————————–


ထိုင်းဘုရင်ကို စော်ကားမှု ဒါမှမဟုတ် ရှုတ်ချပြောဆိုမှု တားမြစ်ထားတဲ့ ဥပဒေချိုးဖောက်မှုနဲ့ အစိုးရဝန်ထမ်းဟောင်းတစ်ဦးကို ထိုင်းတရားရုံးတစ်ခုက အင်္ဂါနေ့က ထောင်ဒဏ် ၄၃ နှစ်နဲ့ ၆လ ချမှတ်ခဲ့ကြောင်း သိရပါတယ်။




အဆိုပါအမျိုးသမီးဟာ ဖေ့ဘွတ်ခ်နဲ့ ယူကျူမှာ ထိုင်းဘုရင်ကိုဝေဖန်တဲ့အသံဖိုင်တွေ တင်ခဲ့တဲ့အတွက် ဘန်ကောက်ရာဇဝတ်ခုံရုံးက နိုင်ငံအကြီးဆုံးဥပဒေ ချိုးဖောက်မှု ၂၉ မှုနဲ့ စီရင်ချက်ချခဲ့ကြောင်း ထိုင်းလူအခွင့်အရေးရှေ့နေအဖွဲ့က ပြောပါတယ်။


ကနဦးက ထောင်ဒဏ် ၈၇ နှစ် သတ်မှတ်ခဲ့ပေမယ့် အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် ထက်ဝက်လျော့ပေးခဲ့တယ်လို့ သိရပါတယ်။




ခုလို စီရင်ချက်ချမှုဟာ ထိုင်းဘုရင်စနစ်ကို မကြုံစဖူး ဝေဖန်နေတဲ့ ဆန္ဒပြပွဲတွေကြား ထွက်ပေါ်လာတာဖြစ်ပြီး လူအခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။ ပုဒ်မ ၁၁၂ လို့ လူသိများတဲ့ ထိုင်း တော်ဝင်ဘုရင်မိသားစုဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခွင့်ရှိနေပါတယ်။



ဖေ့ဘွတ်မှာတင်ထားတဲ့ပို့စ်ကို Like နှိပ်ရုံနဲ့ အပြစ်ပေးခွင့်ရှိနေသလို အာဏာပိုင်တွေဖြစ်ဖြစ် တခြားတစ်ယောက်ယောက်က ဖြစ်ဖြစ် တိုင်ကြားခွင့်ရှိနေပြီး နှစ်နဲ့ချီ ထိန်းသိမ်းထားနိုင်တဲ့အတွက် အငြင်းပွားစရာ ဖြစ်နေပါတယ်။




ထောင်ဒဏ်နှစ် ၄၀ ကျော် ချခံရတဲ့အမျိုးသမီးအမည်ဟာ အန်ချန်းလို့ သိရပြီး အသက် ၆၀ ကျော်အရွယ်ရှိနေပြီလို့ ထိုင်းလူအခွင့်အရေးရှေ့နေအဖွဲ့က ဆိုပါတယ်။




၎င်းအမှုဟာလွန်ခဲ့တဲ့ ၆နှစ်ကျော်ကာလ ၂၀၁၄ ခုနှစ်စစ်တပ်အာဏာသိမ်းမှုအပြီးကဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၈ နိုဝင်ဘာအထိ ထောင်ချခံထားရတာလည်း ဖြစ်ပါတယ်။



စစ်တပ်တရားရုံးမှာ ပထမဆုံးအချိန်ကြားနာချိန်က တရားစွဲဆိုချက်တွေကို ၎င်းက ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ရာဇဝတ်မှုတရားရုံးကိုလွှဲပြောင်းတဲ့အချိန် တရားရုံးက သူ့ပြစ်ဒဏ်ကို လျော့ပေါ့ပေးနိုင်မယ်လို့ မျော်လင့်ချက်ကြောင့် ဝန်ခံခဲ့ကြောင်း ဆိုပါတယ်။ အန်ချန်းဟာ အစိုးရဝန်ထမ်းအဖြစ် နှစ်၄၀ အလုပ်လုပ်ကိုင်ခဲ့ပြီး ပင်စင်မယူခင် တစ်နှစ်အလိုမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။



ခုလို စီရင်ချက်ဟာ ထိုင်းအာဏာပိုင်တွေက အဘုရင်စနစ်ကို ဝေဖန်မှုတွေကို သည်းမခံဘဲ ဝေဖန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်မယ်ဆိုတာ သတိပေးလိုက်တာဖြစ်တယ်လို့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ ဆူနိုင်ဖာဆက်က ပြောပါတယ်။



ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေမှာ ဒီဥပဒေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချခဲ့တာပါ။ မကြာသေးခင်အချိန်အထိ ထိုင်းဘုရင်ကို လူသိရှင်ကြား ဝေဖန်မှုတွေ အလွန်ရှားပါးခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က စပြီး ပြုပြင်ပြောင်းလဲရေးတောင်းဆိုနေတဲ့ဆန္ဒပြလူငယ်တွေဟာ ထိုင်းဘုရင်စနစ်ပြောင်းလဲဖို့ တောင်းဆိုလာကြတာလည်း ဖြစ်ပါတယ်။ အစောပိုင်းကတော့ အာဏာပိုင်တွေက ဝေဖန်မှုတွေ ခွင့်ပြုခဲ့ပေမယ့် နိုဝင်ဘာလကစပြီး လူ ၅၀ ကိုဖမ်းဆီးပြီး ဒီဥပဒေနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

Credit Myanma Platform