နန်းတွင်းအမည် ဘုရားထူးမခံချင်တဲ့ ကုန်းဘောင်နွယ်၊ သီပေါဘုရင်ရဲ့မျိုးဆက် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပုံ

နန်းတွင်းအမည် ဘုရားထူးမခံချင်တဲ့ ကုန်းဘောင်နွယ်၊ သီပေါဘုရင်ရဲ့မျိုးဆက် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပုံ..
ပိပိရိရိထုံးထားတဲ့ ငွေရောင်ဆံပင်တွေပေါ်မှာ စံပယ် ပန်းကုံးလေးကို ပန်ထားတဲ့ အသက် ၉၀ ကျော် အမျိုးသမီးကြီးတစ်ဦးက တရားရိပ်သာ ကြီးတစ်ခုရဲ့ အခန်းငယ်တစ်ခုထဲမှာ အိနြေ္ဒကြီးမားစွာ ထိုင်နေပါတယ်။ လေသံက အသက်အရွယ်နဲ့မလိုက်အောင် ဩဇာရှိနေဆဲဖြစ်တဲ့သူက ကုန်းဘောင်မင်းဆက်ရဲ့ အနွယ်တော်တစ်ဦးပဲ ဖြစ်ပါတယ်။


တက်ဆာမင်းသမီးလို့ လူသိများတဲ့သူ့ကို ငယ်စဉ်ကတည်းက ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို လိမ္မော်ရောင်ရင့်ရင့်ရင်ဖုံးအင်္ကျီနဲ့ လည်ပင်းက မာဖလာအရောင် လိုက်ဖက်ညီညွတ်နေခြင်းက သက်သေပြနေပါတယ်။



ဘွားမေလို့ပဲ ခေါ်ပါ.. ‘နန်းတွင်းနာမည်ကိုတောင်မှ စွန့်ထားပြီးတော့ ဘွားဘွားမေနဲ့ အမျိုးတော်တော် မတော်တော် အကုန်လုံးကို ဘွားမေလို့ပဲ သုံးပါလို့ မေတ္တာရပ်ခံတယ်၊ ဘာလို့လဲ ဆိုတော့ အဆဲခံရလို့ ကြောက်လို့တော့မဟုတ်ဘူး၊ ဒေါသဖြစ်လွန်းလို့ မခံချင်လွန်းလို့’ ဆိုပြီး သက်တော် ၉၇ နှစ်) ရှိပြီဖြစ်တဲ့ ထိပ်စုဖုရားကြီး (အခုအမည် ဒေါ်စုစုခင်) က အသံမာမာနဲ့ ပြောပါတယ်။ထိပ်စုဖုရားကြီးဆိုတဲ့ နန်းတွင်းနာမည်အစား စုစုခင်လို့ခေါ်တာကိုသာ ပိုပြီးလိုလားတဲ့ တော်ဝင်မင်းသမီးကြီးရဲ့လေသံနဲ့ စကားပြောဟန်တွေက သမိုင်း စာအုပ်အများစုက ဖော်ပြထားတဲ့သူ့ရဲ့ဘွားတော် စုဖုရားလတ်ရဲ့ ဟန်ပန်တွေ ကို မြင်ယောင်လာစေပါတယ်။ သူစကားပြောလိုက်တိုင်းမှာ နဖူးပေါ်က အစိမ်းရောင်သွေးကြောလေးတွေက ထင်ထင်ရှားရှားပေါ်လာတတ်ပါတယ်။



အခုအချိန်အထိ သီပေါဘုရင်ရဲ့ မိသားစုဝင်တွေနဲ့ပတ်သက်လို့ ဝေဖန်ပြစ်တင် နေသူတွေရှိကြပြီး နန်းတွင်းသုံးဖြစ်တဲ့ ‘ဘုရား’၊ ‘ထိပ်တင်’ စတဲ့စကားလုံးတွေကို သုံးတဲ့အတွက်ကြောင့် မိသားစုဝင်တွေကို ဘဝင်မြင့်သူ၊ အရည်အချင်းမရှိသူတွေလို့ သတ်မှတ်ကြတဲ့အထိ ပြောဆိုမှုတွေရှိနေတာကြောင့် ခံပြင်းဒေါသထွက်မိတယ် လို့ သူက ဆိုပါတယ်။ ‘ကြာလာတော့လဲ မခံနိုင်တော့ဘူးပေါ့’လို့ ထိပ်စုဖုရားကြီးက ပြောပါတယ်

မြန်မာနိုင်ငံရဲ့ အယူအဆအရ ဘုရင်မိသားစုဝင်တွေသာ ဘုရားထူးခံခွင့်ရှိတာဖြစ်ပြီး သာမန်မိသားစုတွေအနေနဲ့ကတော့ ဘုရားအသုံးအနှုန်းကို နာမည်တွေမှာ သုံးရင် အခေါ်ခံရင် ခိုက်တတ်တယ်၊ ဒုက္ခရောက်တတ်တယ်လို့ အယူအဆရှိသူတွေပါ။ ဘုရင်အနွယ်မဟုတ်တဲ့ အခြားမင်းညီမင်းသားတွေတောင် ဘုရားသုံးခွင့်မရှိပါဘူး။ အခြားသီပေါအနွယ်ဝင်တွေက ဘုရားထူးခံနာမည်တွေသုံးပြီး နန်းတွင်းထုံးစံ အတိုင်းနေပေမဲ့ ထိပ်စုဖုရားကြီးကတော့ သားသမီးတွေကို ခေတ်ကာလနဲ့အညီ သာမန်နာမည်တွေပဲ ပေးခဲ့ပါတယ်။ သူ့ရဲ့နန်းတွင်းနာမည်ကို မခေါ်ဖို့လည်း တားမြစ်ခဲ့ပါတယ်။ သမီးဖြစ်သူကိုလည်း သူဆုံးပါးသွားရင် သူ့ရဲ့ပြာမှုန့်တွေကို အခြားသူတွေအတိုင်း အုတ်ဂူတွေနဲ့မလုပ်ဘဲ မြစ်ရေထဲမှာမျှောပေးဖို့ ပြောထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဘွားတော် စုဖုရားလတ်ရဲ့ အုတ်ဂူတောင်မှ ဘယ်ဆွေမျိုးကမှ သန့်ရှင်းရေးလုပ်မပေးတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
ကျပ်တည်းခဲ့ပါတယ်..



မြန်မာနိုင်ငံ နောက်ဆုံးဘုရင်ရဲ့ မြေးတော်အရင်းအချာဖြစ်ပေမဲ့ စိန်ရွှေငွေ အလျှံ အပယ်နဲ့ မင်းသမီးတစ်ပါးလို ဘဝတစ်လျှောက်မှာ သက်သောင့်သက်သာနေထိုင်ခဲ့ရ သူ မဟုတ်ပါဘူး။ ဆင်းရဲလွန်းတဲ့အတွက် သမီးတော်တစ်ပါး နာမကျန်းဖြစ်စဉ် ဆေးကုသမှုမပေးနိုင်ခဲ့လို့ အသက်ပါပေးလိုက်ရတဲ့အထိ ကျပ်တည်းခဲ့တာက သူ့ရဲ့ဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးတွေထဲက အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။သူအသက်ရှင်နေတဲ့ ကာလပတ်လုံးမှာ သီပေါဘုရင်အရိပ်က စိုးမိုးနေတုန်း ဖြစ်ပါတယ်။ ဘုရင့်မြေးတော်အဖြစ် လေးလေးစားစားဆက်ဆံတာတွေရှိခဲ့သလို မြန်မာနဲ့နိုင်ငံ ကိုလိုနီနယ်ချဲ့တွေရဲ့ လက်အောက်ကို သီပေါမင်းကြောင့် ကျရောက်ခဲ့တယ်လို့ ယုံကြည်နေသူတွေလည်း ရှိနေတုန်း ဖြစ်နေပါတယ်။


‘သူ (သီပေါမင်း) ဘယ်လောက်တော်တော်ကျမှာပဲ ၊ သူက ဓားစာခံဖြစ် သွားတာ၊ မြန်မာနိုင်ငံမှာ အဲဒီအချိန်မှာ အဘက်ဘက်က အားနည်းနေပြီး ဘယ် ဘုရင်တက်တက် အင်္ဂလိပ်က သိမ်းပိုက်မှာ’ လို့ သီပေါမင်းရဲ့မြစ်တော် ထိပ်စုဖုရား ကြီးရဲ့သမီး ဒေါ်ဒေဝီခင်က သူ့ရဲ့ ဘိုးတော်နဲ့ပတ်သက်ပြီး ပြောပါတယ်။ထိပ်စုဖုရားကြီးရဲ့ မိခင် စတုတ္ထသမီးတော်ဟာ သီပေါဘုရင်ရဲ့ သမီးတော် လေးယောက်ထဲမှာ အထက်မြက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း စတုတ္ထသမီးတော်ဟာ အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်တာကို ခံရသလို မိသားစုအတွင်း အဆင်မပြေမှုတွေကြောင့် အသက် ၄၀ ကျော်အရွယ်မှာပဲ နတ်ရွာစံကံ ကုန်ခဲ့ပါတယ်။မယ်တော်ကံတော်ကုန်ချိန်က ထိပ်စုဖုရားကြီးရဲ့ အသက်ဟာ ၁၂ နှစ်မျှသာ ရှိသေးပြီး မော်လမြိုင် အင်္ဂလိပ်စာသင်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေခဲ့ရပါတယ်။ အင်္ဂလိပ်စာကျွမ်းကျင်တာကြောင့် နိုင်ငံခြားသံရုံးတွေမှာ ဝင်ရောက် လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ အဲသည်နောက်ပိုင်း သူဟာ နန်းတွင်းအမည် မင်းသမီးအမည်တွေဖျောက်ပြီး ခင်ပွန်းဖြစ်သူ မောင်မောင်ခင်အမည်ကိုယူပြီး အနောက်တိုင်း ထုံးစံ အတိုင်း မစ်စ်မောင်မောင်ခင်အမည်နဲ့သာ လုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။



‘ကိုယ်က ပြောလိုက်ရင် ကိုယ့်ကိုလဲ အထင်သေးမယ်၊ ဗမာကိုလဲ အထင်သေးမယ်၊ သူတို့သုံးတဲ့အတိုင်း ကိုယ်ကအိမ်ထောင်ရှိရင် မစ္စစ်သုံးတာပေါ့’ လို့ ထိပ်စုဖုရားကြီးက ပြောပါတယ်။ စားဝတ်နေရေးကြောင့်သာ နိုင်ငံခြားဌာနတစ်ခုမှာ ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ ဗမာဘုရင်တစ်ဦးရဲ့မြေးတော်ဟာ တိုင်းတစ်ပါးအောက်မှာ အလုပ်လုပ်တယ် ဆိုတဲ့ အမျိုးဂုဏ်ကို ထိပါးမှာကိုတော့ မင်းသမီးကြီးက စိုးရိမ်ခဲ့ရပါတယ်။
ရန်ကုန်သူ..


ထိပ်စုဖုရားကြီးကို ရန်ကုန်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မယ်တော်ဖြစ်သူက ငယ်ငယ်ရွယ်ရွယ်မှာ နတ်ရွာလားခဲ့တာကြောင့် ထိပ် စုဖုရားကြီးအပါအဝင် မောင်နှမ ခြောက်ယောက်ဟာ ကိုယ့်ဝမ်းကိုယ် ကျောင်းခဲ့ရပါတယ်။ အင်္ဂလိပ်အစိုးရက ပင်စင်လစာဖြတ် တောက်ထားစဉ်ကလည်း မိခင်ဖြစ်သူနဲ့အတူ စက္ကူပန်းတွေ ချိုးခေါက်ပြီး ဝမ်းရေးအတွက် ရှာခဲ့ဖူးကြပါတယ်။ အများထင်သလို သက်ဦး ဆံပိုင်ဘုရင်တွေရဲ့ ထုံးစံအတိုင်း မောက်မောက်မာမာ ကျော့ကျော့မော့မော့ နေခဲ့ရတာတော့ မဟုတ်ကြပါဘူး။ လွတ်လပ်ရေးရပြီး မြန်မာအစိုးရတက်လာတဲ့နောက်ပိုင်းမှာ တတိယသမီးတော်မှလွဲပြီး ကျန်တဲ့သမီးတော်တွေရဲ့ မျိုးဆက်တွေကို ပင်စင်လစာငွေ ဆက်လက်ချီးမြှင့်ခြင်း မရှိတော့ပါဘူး။


အသက် ၂၅ နှစ် ဝန်းကျင်ခန့်က ထိပ်စုဖုရားကြီးက အစိုးရရုံးမှာ အောက်တန်းစာရေးအဖြစ် အလုပ်လျှောက်ထားခဲ့ပေမဲ့ ငြင်းဆို ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းက သူ့ကိုသီပေါဘုရင်ရဲ့မြေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ရုံးမှာအကြံပေးရဲ့ အတွင်းရေးမှူးတာဝန်ကိုလည်း ရပ်ဆိုင်းခံခဲ့ရပါတယ်။ အဲသည်နောက်ပိုင်းမှာတော့ သူက အစိုးရရုံးဌာနတွေမှာ မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။

ထိပ်စုဖုရားကြီးက ဘွားတော်ရဲ့ဟန်အတိုင်း ပြတ်သားစွာ စကားပြောတတ် သလို ဘိုးတော်တွေ အဒေါ်ဖြစ်သူတွေအတိုင်း ပေးကမ်းတာကလည်း ရက်ရောနေတုန်းပါပဲ။ ငယ်စဉ်ကျောင်းတက် စဉ်ကာလကတည်းက ကျောင်းနေဖက်နွမ်းပါးသူတွေကို ထောက်ပံ့ခဲ့ပြီး သူလက်ထဲမှာ မရှိရင်တောင်မှ သူငယ်ချင်းဖြစ်သူထံမှာ ချေးငှားပြီး ပေးကမ်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခုချိန်ထိလည်း လက်ထဲမှာ ရှိသလောက် အနီးနားမှာရှိတဲ့ သူတွေ၊ ချို့တဲ့တဲ့ ဆွေတော် မျိုးတော်တွေကို ထောက်ပံ့နေလို့ သူ့ဆီမှာ အမြဲတမ်းလို ငွေစပေါပေါများများတော့ မရှိပါဘူး။ နိုင်ငံခြားသံရုံးတွေမှာ အလုပ်လုပ်ခဲ့ရလို့ ဝင်ငွေကောင်းခဲ့ပေမဲ့ သုံးစွဲမှုမှာ ချွေတာ ခြင်းမရှိခဲ့ပါဘူး။ ထိပ်စုဖုရားကြီး ကိုယ်တိုင်လည်း သူလက်ဖွာတယ် ဆိုတဲ့အကြောင်းကို ရယ်ရယ်မောမော ဝန်ခံပါတယ်။


အဆင်မပြေစဉ် ကာလတွေမှာ တဲနဲ့နေခဲ့ဖူးတယ်လို့ မင်းသမီးကြီးက ဆိုပါတယ်။ အိမ်ထောင်သက်တစ်လျှောက်မှာလည်း အိမ်ပိုင်နဲ့နေခဲ့ရတာမဟုတ်ဘဲ အိမ်ငှားဘဝနဲ့သာ ရပ်တည်ခဲ့ရတာဖြစ် ပြီး ချေးငှားသုံးစွဲမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ချိန်က ဘိုးတော်ဖြစ်သူ သီပေါမင်းစိုးစံခဲ့တဲ့ မန္တလေးနန်းတော်ကြီးကို လွန်ခဲ့တဲ့ ၉ နှစ်က ဆွေတော်မျိုးတော်တွေရဲ့ ဂူတွေကို သွားရောက်ဖူး မျှော်စဉ်က အခကြေးငွေပေးပြီး ဝင်ခဲ့ရတယ်လို့ သူကပြောပါတယ်။ မပိုင်တော့ပေမဲ့ တော်ဝင်မိသားစုတွေနဲ့ဆိုင်တဲ့ မန္တလေးနန်းတော်ကို လည်ပတ်တဲ့အခါမှာလည်း စိတ်မ ချမ်းမြေ့ရဘူးလို့ ပြောပါတယ်။


ခံစားချက်တွေ..

‘ဝင်လိုက်တာနဲ့ တစ်ခါတည်း မြက်တွေက ခြောက်ပြီးတော့ ချုံပုတ်တွေဖြစ် နောက်ညာဘက်ကို ကြည့်လိုက်တော့ စစ်တပ်ရဲ့တန်းလျားမှာ သူတို့ရဲ့ကာကီဘောင်း ဘီအစုတ်အပြတ်၊ သူတို့စီးတဲ့ စစ်ဖိနပ်အစုတ်အပြတ်တွေကလဲ တောင်တစ်ဖက် မြောက်တစ်ဖက် ညစ်ပတ်ပေရေနေပြီးတော့ နန်းတော်ရဲ့ ကျက်သရေဟာ လုံးဝ မရှိတော့ဘူး၊ အဲဒီတော့ ရင်ထဲမှာ တော်တော်ကို နာတာပဲ’လို့ ထိပ်စုဖုရားကြီးက နန်းတော်ကို သွားရောက်လည်ပတ်စဉ် ခံစားခဲ့ရတာကို ပြောပါတယ်။


မင်းသမီးကြီးရဲ့ အိမ်ထောင်ရေးက အစပိုင်းမှာ အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်း မှာ အဆင်မပြေဘူးလို့ သိရပါတယ်။ မယ်တော်လိုပဲ နောက်ပိုင်းမှာ အိမ်ထောင်ရေးက စိတ်ညစ်စရာကောင်း လာတယ်။ သည်လို ဖြစ်ရတာဟာ ကျွန်မတို့ အနွယ် တော်တွေက မင်းညီ မင်းသားတွေကို မိသားစုအလိုက် သတ်ဖြတ်ခဲ့တာကြောင့် ဝဋ်ပြန်လည်တာဆိုပြီး အိန္ဒိယစာရေးဆရာ ဆူဒါရှားစာအုပ်မှာ သူ့အကြောင်းကို ဖော်ပြထားပါတယ်။သူက ဆရာဝန်တစ်ယောက် ဖြစ်ချင်ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ရဘူးလို့ ဆိုပါတယ်။ လောကဓံတွေ ခံရသော်လည်း ပျော်ပျော်နေတတ်သူမို့ အမြဲပြုံးနေတတ်ပြီး နုပျိုနေတုန်း ဖြစ်ပါတယ်။


‘ဘွားမေတို့က ဗမာပြည် လွတ်လပ်ပြီးတော့ ဘွားမေတို့လဲ လွတ်လွတ်လပ်လပ်နဲ့ ဘာမှအထောက်အပံ့မရတော့ ဘွားမေတို့ မြေးတွေဆိုရင် စားပွဲထိုး ၊ တက္ကစီ ဒရိုင်ဘာ၊ အဲဒီအဆင့်ရောက်သွားပြီ’ လို့ လက်ရှိဘုရင်မိသားစုဝင်တွေရဲ့ အခြေအနေတွေကိုပွင့်လင်းစွာ ပြောပြပါတယ်။ ဘွားမေက အခုအချိန်မှာ ကိုးမိုင် ပင်မဗုဒ္ဓဝါဒီကျောင်းမှာ သမီးဖြစ်သူ ဒေါ်ဒေဝီခင်နဲ့ အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။ (ကိုသက်ဖြိုး)