သားငါးရောင်းသူများထက် အကုသိုလ်များနေတဲ့ မြန်မာပြည်က ငှက်ပျောသီးသည်များ

သမ္မာအာဇီဖြင့် ငရဲယူနေကြသူများ (သို့) သားငါးရောင်းသူများထက် အကုသိုလ်များနေတဲ့ မြန်မာပြည်က ငှက်ပျောသီးသည်များ..

မြန်မာပြည်မှာ ငှက်ပျောသီးကို အစားအသောက်မှာမှ ဖီးကြမ်းငှက်ပျောသီးက မြန်မာပြည်မှာ ရောင်းရအကောင်းဆုံး စာရင်းထဲက အရာ။ ဖီးကြမ်းငှက်ပျောသီးက ခွန်အားကို ဖြစ်စေတယ်။ မွေးပြီးလသား ကလေးအရွယ်မှ စကာ လူရွယ်၊ လူလတ်၊ သက်ကြီး ပိုင်းတွေအတွက် ခွန်အားဖြစ်စေလို့ စားကြတယ်။



ရန်ကုန်မြို့ဗားဂရာ ကမ်းနားမှာ ငှက်ပျောသီး၊ အုန်းသီးဒိုင်တွေ အများကြီး ရှိတယ်။ သည်နေရာကမှ ရန်ကုန်မြို့ရဲ့ မြို့နယ်အသီးသီးကို ဖြန့်ချိတယ်။ ပွဲထိုး၊ နတ် ဆက်တဲ့ ရေသီ ငှက်ပျောသီး ယူမလား (ရခိုင်ငှက်ပျောလို့လည်း ခေါ်ကြတယ်) ၊ ဖီး ကြမ်း၊ သီးမွှေးနဲ့ ရွှေငှက်ပျောသီး တွေရတယ်။ ရာသီပေါ်ဖြစ်တဲ့ သရက်သီးနဲ့ ကြံ တို့ကိုလည်း သည်ကမ်းနားကပဲ ဖြန်ချိတယ်။ ရှမ်းပြည်နယ်နဲ့ အထက်မြန်မာ ပြည်ကလာတဲ့ သရက်သီးတွေကတော့ ကုန်းလမ်းနဲ့ သီရိမင်္ဂလာဈေးကို တိုက်ရိုက်ဝင်တယ်။


ကမ်းနားမှာ ငှက်ပျောသီးတွေ အဝင်များတဲ့အခါမှာ ဈေးအလွန် ပေါပေမဲ့ ရှားပြီဆိုရင်တော့ လုံးဝမမြင်ရဘူး။ သည်အချိန်မျိုးမှာ ငှက်ပျောပွဲစားတွေပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ပိုက်ဆံရှိရင် ရွှေဘုံသာလမ်းသွားပြီး အချိန်မရွေး ရွှေကို ဝယ်ယူလို့ ရပေမဲ့ ငှက်ပျောသီး ကိုတော့ ရှားလာပြီဆိုရင် ဘယ်လောက်ပေးပေး ဝယ်မရဘူးဆိုတဲ့ တင်စားတဲ့ စကား ရှိကြတယ်။


မြန်မာလူမျိုးတွေဟာ ကလေးမွေးပြီး ခြောက်လ လောက်အကြာမှာ ဖီးကြမ်းငှက်ပျောသီးကို အခွံကို အပ်နဲ့ အပေါက်လေးတွေ ဖောက်တယ် (ငှက်ပျောသီးရဲ့ အစေးဓာတ်တွေ ထွက်ကုန်အောင်ပေါ့)။ ပြီးတော့ မီး ဖုတ်တယ်။ ကလေးငယ်ကို ကျွေးတယ်။ ကလေးနို့တိုက်စဉ်မှာ မိခင်က အစားရှောင်ရ၏။ ဒါကိုလည်း သိပ်ပြီး လိုက်နာလိုဟန်မရှိ။ သည်တော့ မိခင်နို့ကို အားပြုရမည့်အစား လသားနှင့် ဖြည့်စွက်အစာတို့ ကျွေးလေတော့၏။ ထမင်းကို ပိတ်စိမ်းပါးနှင့်တိုက်ပြီး သုံးလလောက်နှင့် ကလေးကို ခွံ့သူရှိ၏။ အဓိက လက်မလွှတ်တာကတော့ ဖီးကြမ်းပါ။



တကယ်တမ်းမြို့နယ်အတွင်းက ငှက်ပျောသီးသည်များ ဖီးကြမ်းရောင်းစားပုံကို လေ့လာဖူးပါသလားဟု ပြည်သူတွေကို မေးလို၏။ ငှက်ပျောသီးသည်များ အားလုံးသည် နတ်ပွဲဆက်သည့် ရေသီ (ခေါ်) ရခိုင်ငှက်ပျောမှတစ်ပါး ကျန်ငှက်ပျောသီးများအားလုံးကို ဆေးဆွတ်ကြ၏။ ဆေးဆွတ်ပုံမှာ ငှက်ပျောသီးများကို အခိုင်မှ အဖီးလိုက်ဖြတ်ကြ၏။ ပြီးလျှင် အဝတ်လျှော် ဇလုံအရွယ်အစားလောက်ရှိသော ဇလုံထဲတွင် ရေ လေးပုံသုံးပုံခန့်ထည့်မည်။ ထိုအထဲသို့ (အိမ်နီးချင်း သို့မဟုတ် တရုတ် တိုင်း ပြည်မှလာသော) အသီးအနှံအမြန်မှည့်သော ဆေးကို လစ်ပိုပုလင်းအဖုံးတစ်ဖုံး စာခန့် ထည့်၍ ရောမွှေမည်။


ထိုဆေးအရည်ဖျော်စပ်ထားသော ဇလုံအတွင်းသို့ ဆစ်ပိုင်းထားသော ငှက်ပျောသီးများကို တစ်ဖီးချင်း နှစ်ပြီး သပ်သပ်ရပ်ရပ်စီထားကာ အပေါ်မှ ငှက်ပျောဖက်ဖြင့် အုပ်ထားလျှင် မိုးသည်းထန်စွာ ရွာ၍ နေရောင် လုံးဝ မရသော နေ့များမှာပင် ယနေ့လို နေ့လယ် ကစပြီး အုပ်ထားပါက နက်ဖြန်မနက်တွင် ခပ်တင်းတင်းအနေအထားဖြင့် မှည့်လာသည်။ သန်ဘက်ခါ မနက်တွင်မူ ခပ်ပျော့ပျော့ အနေအထားဖြစ်လာပြီး နောက်တစ်ရက်ဆိုလျှင်တော့ ငှက်ပျောသီး၏ အညှာပိုင်းများစပြီး မဲပုပ်လာတော့၏။ သူတို့ ဇလုံထဲသို့ တစ်ချက်မျှသာ နှစ်လိုက်သော ဆေး၏။ အပူဓာတ်သည် မည်မျှပြင်းသည်ကို ခန့်မှန်းကြည့်နိုင်ပါပြီ။



ရေသီ(ခေါ်) ရခိုင်ငှက်ပျောသီးကိုမူ အရောင်းအဝယ် ဈေးတည့်ပြီးမှ ရေဆေးပေး သလိုလိုဖြင့် ဇလုံထဲ တစ်ချက်နှစ်ကာ ပြန်ပေးလိုက်၏။ ငှက်ပျောဖက်ဖြင့် အုပ်မထား သောကြောင့် သုံးလေးရက်ကြာမှ မှည့်တတ်၏။ ဒါကိုပင် အဘက ချစ်လို့ အပျော် မြန်တာဟုဆိုကာ ပျော်နေကြသူများ ရှိသေးသည်။


ငှက်ပျောသီးသည် ပျော့လာလျှင်ပင် လူသိပ်မကြိုက်တော့ပေ။ ထိုအခါ အမှည့် မြန်သောဆေးလည်း အုပ်ထားပြီးဖြစ်၍ အမြန်ရောင်းထွက်ရန် ဈေးသည်တို့ ကြိုးစားလာကြ၏။ အဖီးလိုက်ရောင်းသလို ငှက်ပျောသီးဈေးကွက်ပေါ်မူတည်၍ အဖီးကို ဖြတ်တောက်ပြီး ငှက်ပျောသီး သုံးလုံးတစ်ပုံ၊ လေးလုံးတစ်ပုံနှုန်းဖြင့် ဗန်းထဲသို့ ထည့်ကာ တစ်ပုံ ၅၀ဝ ကျပ်ဖြင့် ရောင်းကြတော့သည်။


ဤသို့ ရောင်းခြင်းက ပို၍ ရောင်းအား ကောင်းပြီး အကုန်မြန်၏။ အကြောင်းမှာ ငွေတတ်နိုင်၍ အဖီးလိုက်ဝယ်သွားသော ငှက်ပျောသီး (ဆေးအုပ်)မှာလည်း နောက် နေ့မနက်တွင် အိမ်သားများစား မကုန်မီ ပျော်ပြီး နောက်တစ်ရက်မှာ ပုပ်ကာ လွှင့်ပစ်ရသောကြောင့် တစ်နိုင်တစ်ပိုင် ငါးရာ ဖိုး အပုံကလေးများ ဝယ်စားခြင်းဖြင့် လွှင့်မပစ်ရတော့ပေ။ ရောင်းသူလည်း ရောင်းအားကောင်းပြီး ဝယ်သူလည်း အဆင်ပြေ၏။


အဆင်မပြေသည်က မွေးဖွားပြီး မ ကြာမီအချိန်မှ သေဆုံးခါနီးအထိ လူတန်း စားအသီးသီး စားနေကြသော ထို(ဖီးကြမ်း) ငှက်ပျောသီးတို့အား မှည့်ဆေးများအုပ်ပြီး စားသောက်ကြရခြင်း၊ အသီးအနှံအလုံး အထည် ပမာဏကြီးမားလှပသည်ကို မက်မော၍ ပြင်ပမှ တင်သွင်းလာသော သဘာဝမျိုးစေ့မဟုတ်သော မျိုးစေ့များကို သဘာဝမြေဩဇာမဟုတ်သော ဓာတ်မြေ ဩဇာတို့ဖြင့် စိုက်ပျိုးထားသော အစားအသောက် သီးနှံများကို စားရသော ပြည်သူတို့အတွက် အဆမတန် အန္တရာယ်များနေသည်ကိုတော့ မည်သည့်ဆရာဝန်မှ မငြင်းရဲသည်မှာ အမှန်ပင်။


မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ ဒုတိယအဖြစ် အများဆုံး တိုင်းပြည်ဖြစ်နေရခြင်းမှာ ဤသည်လည်း အချက်တစ်ခုအနေဖြင့် ပါဝင်နေ၏။ ငှက်ပျောသီး ရောင်းသူများ သေချာစဉ်းစားကြစေလို၏။ အကုသိုလ်အလုပ်ဖြင့် အသက်မမွေးချင်လို့ အသီးအနှံရောင်းစားခါမှ သားငါးရောင်းသူထက် အကုသိုလ် ပိုများသည့်အဖြစ်ကို ရောက်ရှိနေပြီဆိုတာ တွေးမိကြပါရဲ့လားဟု (စိုက်ပျိုးသော တောင်သူ ဦးကြီးတို့ကိုလည်း) မေးလို၏။



အထက်ပါ အကြောင်းအရာတို့ကို ကျွန်တော့်၏ ညီအရင်းသဖွယ် ဖြစ်နေသော မြောက်ဒဂုံ (အမှတ် ၅) ဈေးမှ ငှက်ပျောသီးရောင်းသော မောင်ဇော်အား လက်တွေ့တရားဟော၏။ ငှက်ပျောခိုင်မှ ငှက်ပျောသီးအချို့ကို သဘာဝအတိုင်း မှည့်စေ၏။ ပြီးလျှင် ဒါက ဆေးစိမ်၊ ဒါက သဘာဝအမှည့်ဟုပြောပြီး ရောင်းချစေ၏။ ဈေးနှုန်းကိုလည်း ငှက်ပျောသီး တစ်ဖီး လျှင် ၄၀ဝ ကျပ်လောက် ပိုတင်ထား၏။ သို့သော် လူတို့သည် မျက်စိနားများပွင့်လာကြပြီဖြစ်၍ ဆေးစိမ်ငှက်ပျောထက် ဈေးကြီးသော သဘာဝ အမှည့်များကို ပို၍ အဝယ်လိုက်ကြ၏။


ထို့ကြောင့် အခြားငှက်ပျောသီးရောင်းသူများကိုလည်း ကျွန်တော် တိုက်တွန်းလိုသည်။ ကျွန်တော်ပေးသည့်နည်းလမ်းကို စမ်းကြည့်ပါ။ မောင်ဇော့်လိုအောင်မြင်လာပြီး အဆင်ပြေလာပါလိမ့်မည်။ သူဌေး မဖြစ်ဘဲ ထမင်းစားရရုံရှာဖွေသည့်အလုပ်မှာ ငရဲမပါကြပါစေနဲ့။ တခြားသီးနှံ စိုက်ပျိုးသော တောင်သူများအားလည်း သဘာဝ အတိုင်းသာ စိုက်ပျိုးကြပါ (မြေဆီလုံးဝညံ့ ဖျင်းသော ဒေသများမှ လွဲ၍ပေါ့)။ သဘာဝ မျိုးစေ့တွေကို နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် လှိုင်လှိုင်ဖြန့်ဝေပေးပါ။



သည်ကိစ္စသည် အနာဂတ်နိုင်ငံတော် အတွက် ခပ်ပေါ့ပေါ့ပစ်ထားရမည့် အရာ မဟုတ်ပါ။ ယခုကတည်းက စီမံကိန်းဖြင့် စတင်လျှင် နောင်အနှစ် ၂၀ မှာ တိုင်းပြည် တစ်ပြည်လုံး သဘာဝအသီးအနှံများဖြင့် ပြန်လည်စားသောက်နိုင်မည့်အပြင် နိုင်ငံရပ်ခြားသို့ပင် တင်ပို့နိုင်လောက်ပါသည်။


ယခုတော့ ဆရာဝန်ကလည်း သင်ထားသော စာအရ အသီးအနှံများစားခိုင်း၏။ အောက်ခြေအထိ လေ့လာထားသော ကျွန်တော်တို့မှာ ဘယ်အသီးအနှံက ဆေးနဲ့ လွတ်သလဲ၊ သဘာဝစစ်စစ်လဲ လိုက်လံရှာဖွေစားသောက်နေရ၏။ ဒါတောင် ဆေးနဲ့ လွတ်တာ ရှာမရသလောက်ပါ။ ကိုယ့် အိမ်မှာ ကိုယ်စိုက်ပြီး စားရမယ့် ကိန်းပေါ် နေသော်လည်း မြေကမရှိ။ လုပ်ကြပါဦး အုပ်ချုပ်သူတို့ ရေဟုပင် ဟစ်လိုက်ချင်တော့သည်။


(ကိုမိုး)