ကိုဗစ်ကာလ ပြောင်းလဲသွားတဲ့ အလုပ်အကိုင်များနှင့် ပိုက်ဆံရှာဖို့ လျှောက်လှမ်းရမယ့် အနာဂတ်ပုံစံ

မော်တော်ကားတွေ ပေါ်လာတဲ့အချိန်မှာ မြင်းလှည်းမောင်းသူတွေ အလုပ်ပြုတ်သွားမှာပဲ။ စက်တပ်လှေတွေပေါ်လာတဲ့အခါ လက်ခတ်လှေမောင်းသမားတွေ အလုပ်မရှိဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီအပြောင်းအလဲတွေဟာ နောက်ပြန်လှည့်လို့မရဘူး။ မော်တော်ကားတွေပိတ်ပေးဖို့ စက်တပ်လှေတွေအသုံးမပြုကြဖို့ တောင်းဆိုလို့ရတဲ့အရာမဟုတ်ဘူး။ တကယ်တမ်းမှာတော့ အလုပ်က ပျောက်သွားတာမဟုတ်ဘူး။ အဆင့်မြင့်သွားတာ။ ပျောက်သွားတဲ့အလုပ်နေရာတိုင်းအတွက် အလုပ်အသစ်အသစ်တွေဆက်ဖြစ်ပေါ်လာတယ်။


အဲဒီအတွက် ကိုယ့်အရည်အချင်းကို အဆင့်မြှင့်တင်ထားပြီး အဆင်သင့်ဖြစ်နေဖို့တော့လိုတယ်။ ဥပမာ မြင်းလှည်းမောင်းတဲ့သူက သူ့အလုပ်နေရာပျောက်လို့ဆိုပြီး ထိုင်ညည်းညူနေမဲ့အစား မော်တော်ကားဘယ်လိုမောင်းလဲဆိုတာကို လေ့လာသင်ယူမယ်ဆိုရင် သူ့နဂိုအရည်အချင်းနဲ့ကိုက်ညီပြီးသားဖြစ်လို့ အဆင်ပြေမှာပဲ။ ဒါဆိုရင် သူက မြင်းလှည်းမောင်းတဲ့သူဘဝကနေ မော်တော်ကားမောင်းတဲ့သူတစ်ယောက်ဖြစ်လာမှာပဲ။ ဒါက အလုပ်အဆင့်အတန်းမြင့်လာတာ။


ကိုဗစ်ကြောင့်အလုပ်တွေနားရတယ် အလုပ်တွေပြုတ်တယ်ဆိုတဲ့အခါမှာလည်း အများအားဖြင့်အလုပ်တွေက အိမ်ကနေလုပ်ပေးလို့မရတဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချလို့မရတဲ့ အလုပ်အကိုင်မျိုးတွေများတယ်။ အိမ်ကနေ ဟန်မပျက်ဆက်လုပ်သွားလို့ရတဲ့အလုပ်တွေက အိမ်ကလုပ်ရင်း ဆက်သွားနေတာပဲ။ ဒါက အဆင့်မြှင့်ရမယ်ဆိုတာကိုပြတာ။ ဒီလိုအပြောင်းအလဲမျိုးကလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ဘူး။ နည်းပညာကို သုံးပြီး အလုပ်ကိုရှေ့ဆက်ကြတော့မှာ။


ဒီအချိန်မှာ ကိုယ်က ကိုယ့်ကိုယ်ကိုယ်အဆင့်မြှင့်ထားနိုင်မယ် နည်းပညာ၊ ဒစ်ဂျစ်တယ်နဲ့ အင်္ဂလိပ်စာလိုမျိုး မရှိမဖြစ်အရာတွေကို တတ်မြောက်ကျွမ်းကျင်အောင်လုပ်ထားမယ်ဆိုရင် ဖြစ်လာမယ့်အလုပ်အသစ်တွေအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်။ အခက်အခဲကြုံရတာ အများနဲ့ဖြစ်တဲ့အတွက် ကိုယ်ပြင်ဆင်ကြိုးစားထားမယ်ဆိုရင် အခွင့်အရေးရတဲ့အခါ ရှေ့တန်းက ဖြစ်နေမှာပဲ။ လက်လျှော့ပြီး ညည်းညူနေရင်တော့လည်း ဘာမှ ဆက်မဖြစ်လာတော့ဘူးပေါ့။


(ဒေါက်တာသူရိန်လှိုင်ဝင်း)