ဂုတ်ထိပ်တံတားအနီး၌ တည်ဆောက်မည့် မှန်တံတား အမြင့်ပေ ၁၆၀ သတ်မှတ် တည်ဆောက်မည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုရှိ နာမည်ကျော်ဂုတ်ထိပ်တံတားအနီး၌ တည်ဆောက်မည့် မှန်တံတားကို အမြင့်ပေ ၁၆၀ သတ်မှတ်တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်မည့် ချယ်ရီမူဆယ်ကုမ္ပဏီမှ သတင်း ထုတ်ပြန်သည်။



မှန်တံတားမှာ ဂုတ်ထိပ်တံတားကြီး၏ ၁ ဒသမ ၇၅ ကီလိုမီတာခန့် အကွာတွင် တည်ရှိမည်ဖြစ်ကာ၊ ၁၇ ဧက အကျယ်အ ဝန်းပေါ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတား စီမံကိန်းအဖြစ် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ မှန်တံတားပညာရှင်များ၊ အင်ဂျင်နီယာများဖြင့် တည်ဆောက်သွား မည်ဖြစ်သည်။


မှန်တံတား တည်ဆောက်မှုကာလကို နှစ်နှစ် ခန့်မှန်းလျာထားကာ၊ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ တည်ဆောက်ရာတွင် မှန်သားပြင် လျှောက်လမ်းတံတား၏ အမြင့်ပေ ၁၆၀၊ အလျားပေ ၂၀၀၊ အကျယ်ပေ ၁၂၀ သတ်မှတ်တည်ဆောက်မည်ဖြစ်သည်။


“မှန်တံတားနဲ့ ဒီဇိုင်းပိုင်းကို တရုတ် ပြည်နဲ့ မတူအောင်၊ အမြင့်ကအစ မြန်မာပြည်မှာကျ မှန်တံတားက တစ်ခုမှမရှိသေးတော့ သိပ်မြင့်မားသွားရင် အသစ်အဆန်းဆို ကြောက်သွားမှာကြောင့် သိပ်မြင့်အောင် မလုပ်ထားပါဘူး။

ဒီဇိုင်းပိုင်းကိုလည်း တရုတ်နဲ့ ခပ်ဆင်ဆင် မလုပ်ထားပါဘူး။ တရုတ်ပြည်ဘက်မှာ ခုနစ်ခု လောက်ရှိတယ်၊ သူက မှန်တံတားနဲ့ မှန်မျှော်စင်ပေါ့။

တံတားကျတော့ ဒီဘက်တောင်နဲ့ ဟိုဘက်တောင် ချိတ်ထားတဲ့တံတားက လေးခုလောက်ရှိမယ်။ ကျန်တဲ့သုံးခုက မျှော်စင်အနေနဲ့ ရှုခင်းတွေကြည့်ဖို့၊ တောင်တန်းတွေကြည့်ဖို့ပေါ့။ အခု ကျွန်မတို့လုပ်မှာက မှန်သားပြင်လျှောက်လမ်းပါ။


တရုတ်ပြည်မှာ မှန်တံတား ခေတ်စားတာက ငါးနှစ်လောက်တော့ ရှိပြီ”ဟု ချယ်ရီမူဆယ်ကုမ္ပဏီမှ ခရီးသွားဈေးကွက်တာဝန်ခံ ဒေါ်လင်းလင်းထက်ဦးက ပြောသည်။


မှန်တံတားကို လုံခြုံရေးကောင်းမွန်ရန် အဓိကထား တည်ဆောက်မည်ဖြစ်ကာ၊ ပန်းခြံ၊ သက်တံ့လျှောစီး၊ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်များ၊ နားခိုရန် သဘာဝတဲအိမ်များ စီမံကိန်းတွင် ပါဝင်ကြောင်း၊ ရင်းနှီးမြှုပ် နှံမှုအမေရိကန် ဒေါ်လာ ငါးသန်း ခန့်မှန်းထားကာ ချယ်ရီမူဆယ်ကုမ္ပဏီမှ

ဦးဆောင်ပြီး ပြည်တွင်းရှိ စိတ်ဝင်စားသူများ ကို ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။


“ကျွန်မတို့ကုမ္ပဏီက ခရီးသွားကုမ္ပဏီဆိုတော့ တစ်နှစ် တစ်နှစ်ကို တရုတ်ပြည်ရဲ့ မှန်တံတားဆီ ပို့ရတာက အယောက် ၁, ၀၀၀ ကျော်လောက် ပို့ရပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာသာ ဒီလိုမျိုး မှန်တံတားရှိခဲ့ရင် ပိုကောင်း မှာပဲ၊


ကုန်ကျ စရိတ်လည်း နည်းမယ်။ မြန်မာနိုင်ငံကလူတွေလည်း အလွယ် တကူသွားလာလို့ရမယ်လို့ စိတ်ကူးမိပြီး ဒီမှာအကောင်အထည်ဖော်ဖို့ ရည်ရွယ်ခဲ့တာပါ။


မြန်မာနိုင်ငံမှာ ကျွန်မတို့သွားလုပ်တဲ့ဒေသကလည်း နှစ်ပေါင်း ၁၀၀ ကျော်ရှိတဲ့ ကမ္ဘာ ကျော်ဂုတ်ထိပ်တံတား ကြီးရဲ့ ဘေးမှာလုပ်မယ်ဆိုတော့ တချို့ကလည်း ဂုတ်ထိပ်တံတားကို လာလည်တာ အပြင်ကနေပဲ ရတာတို့၊


ခပ်လှမ်းလှမ်းကပဲ ကြည့်ရတာတို့ဆိုတော့ ကျွန်မတို့ဒီမျှော်စင်မှန်တံတားပြီးသွားရင် ဒီမှန်တံတား ပေါ်ကနေ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို ကြည့်လို့ရမှာပါ။



လာလည်ပတ်မယ့်သူတွေအတွက် အချက်အလက်တွေ အသေးစိတ်မသတ်မှတ်ရသေးပေမယ့် ကျွန်မတို့ရည်ရွယ်ချက်က ဈေးနှုန်းကို အချိုသာဆုံးဖြစ်အောင် သတ်မှတ်သွားမှာပါ”ဟု ဒေါ်လင်းလင်းထက်ဦး က ပြောကြားထားသည်။



ref ; MyanamrTimes