ကိုဗစ်ကာကွယ်ဆေးထိုးနေတဲ့ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်သန်းကျော်တော့မည်

ကိုဗစ်ကာကွယ်ဆေးထိုးနေတဲ့ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်သန်းကျော်တော့မည်
———————————



အင်ဒိုနီးရှားနိုင်ငံမှာ ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်သန်းကျော်သွားဖို့ ရှိနေကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နေဖို့ ခက်ခဲနေတဲ့ အရှေ့တောင်အာရှနိုင်ငံအတွက် ဆိုးရွားတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာတော့မှာပါ။


ကမ္ဘာ့ စတုတ္ထလူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ တနင်္လာနေ့က ကိုဗစ်ကူးစက်မှု ၉၉၉၂၅၆ ဦး ရှိကြောင်း မှတ်တမ်းတင်ထားပြီး တစ်ပတ်ကျော်အတွင်း ပျှမ်းမျှ နေ့စဉ် ကူးစက်လူနာ ၁၁၀၀၀ ဦး အထိ မြင့်တက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။



ရောဂါကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၂၈၁၃၂ ဦး ရှိနေပါတယ်။



ဒီအရေအတွက်ဟာ အာရှတိုက်မှာ အမြင့်ဆုံး ဖြစ်ပေမယ့် ကျန်းမာရေးကျွမ်းကျင်သူတွေက အမှန်တကယ် မြေပြင် ပျံ့နှံ့မှုနှုန်း ပိုမိုဆိုးရွားဖွယ်ရှိကြောင်း ယုံကြည်နေကြပါတယ်။
ယခုလအစောပိုင်းက ဆေးရုံတွေမှာ ပိုးတွေ့လူနာတွေ ပိုများလာတဲ့အချိန် အင်ဒိုနီးရှားအစိုးရက ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို စတင်ခဲ့ပြီး ဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ပိုမိုတင်းကျပ်ခဲ့ပါတယ်။



အင်ဒိုနီးရှားဟာ ကမ္ဘာတစ်ဝှမ်း ရောဂါစစ်ဆေးမှုနဲ့ ရောဂါရှာဖွေမှုနှုန်း အနိမ့်ဆုံး ရောက်ရှိနေတာကြောင့် ဝေဖန်ခံနေပြီး ကျန်းမာရေးကာကွယ်မှု တိုးချဲ့ဖို့ လိုအပ်နေချိန် ကာကွယ်ဆေး ရရှိဖို့ အဓိကထားနေတာကြောင့်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။



အသက် ၄၂ နှစ်အရွယ် ဂျာကာတာမြို့ခံတစ်ဦးက ကိုဗစ်စည်းကမ်းတွေ ပိုမိုတင်းကျပ်ဖို့ အစိုးရကို တောင်းဆိုထားပါတယ်။အစိုးရအနေနဲ့ ပိုတင်းကျပ်သင့်တယ်။ မျက်နှာဖုံးမတပ်တဲ့ လူတွေ အုပ်စုလိုက်ကို မြင်နေရတုန်းပဲလို့ ပြောပါတယ်။


လက်ရှိ ဗိုင်းရပ် ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်း အပြည့်အဝ ပြန်လည်ကျန်းမာလာနေတယ်လို့လည်း အင်ဒိုနီးရှား အစိုးရ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Reisa Broto Asmoro ကပြောကြားသွားပါတယ်။


Credit MyanmaPlatform