အနှစ်(၂၀)တိုင် ခင်ပွန်းရဲ့အိပ်မက်ဂဏန်းကို မွေးဂဏန်းအဖြစ်ထိုးခဲ့ရာ ထီဆုကြီးပေါက်ခဲ့တဲ့ဇနီး

အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းရဲ့အိပ်မက်ဂဏန်းတွေကို မွေးဂဏန်းအဖြစ်ထားပြီး အနှစ်(၂၀)တိုင်တိုင် ဇွဲမလျှော့ဘဲ ဆက်တိုက်ထိုးလာခဲ့ရာ၊ အခုအခါမှာတော့ ထီဆုကြီး ဆွတ်ခူးခဲ့ပြီဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒီလောက်စိတ်ရှည်ရှည် မွေးဂဏန်းထားပြီးထိုးဖို့ဆိုတာ မလွယ်ပါဘူး။


အခုတော့ သူတို့ မိသားစု သန်းကြွယ်သူဌေး ဖြစ်ခွင့်ရခဲ့ပါပြီ။ အမျိုးသမီးရဲ့အမည်ကတော့ ဒန်ပရာဗာတာဒမ် (Deng Pravatoudom)ဖြစ်ပါတယ်။ အသက်(၅၇)နှစ်ဖြစ်ပြီး၊ ထီမပေါက်ခင်ကတော့ သူမတို့ဟာ မိသားစု စားဝတ်နေရေးအတွက် အနေ့နေ့ အလလ ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။


ဆင်းရဲတွင်းက လွတ်ဖို့အတွက် သူမတို့မိသားစုရဲ့မျှော်လင့်ချက်ဟာ ကံတရားတစ်ခုကိုသာ ကိုးကွယ်ခဲ့ရတာပါ။ ပရာဗာဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက ဒေါ်လာသန်း(၆၀) ထီဆုကြီးကို Ontario Lottery and Gaming (OLG) ကနေ ဆွတ်ခူးခဲ့တာဖြစ်ကြောင်း ထီအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။



ပရာဗာဟာ အခုနှစ်မှာ မိသားစုအတွက် အတော်ရုန်းကန်ခဲ့ရပြီး၊ ကိုဗစ်ကပ်ကြီးကြောင့် အလုပ်ကနေ ပြုတ်ထားသူတစ်ဦးပါ။ ထီပေါက်တယ်ဆိုတဲ့နေ့ကလည်း ဘေလ်ဆောင်ဖို့ ဘဏ်ကိုထွက်သွားချိန် ခင်ပွန်းက အိမ်မှာနေရင်း ထီဂဏန်းတွေ တိုက်နေခဲ့တာဖြစ်ပါတယ်။ သူမ ပြန်လာတော့ ထီပေါက်တယ်လို့ ရုပ်တည်တည်ပြောချခဲ့ရာ-


သူမလည်း စနောက်တာလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှန်တရားဟာ တကယ့်ကို သေချာကြောင်း ထီပေါက်စဉ်နဲ့ ထိုးထားတဲ့ထီလက်မှတ်လေးက သက်သေခံနေတာကို သူမ အံ့သြစွာ တွေ့လိုက်ရပြီး၊ ခင်ပွန်းကို ပြေးဖက်ကာ အားရပါးရ ငိုမိတော့တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ အခုဆိုရင် အိမ်ကောင်းကောင်းတစ်လုံး ဝယ်နိုင်တော့မှာ ဖြစ်သလို-


ကိုဗစ်ပြီးတာနဲ့ သူမတို့ ကမ္ဘာပတ်ပြီး ခရီးတွေထွက်ပစ်မယ်လို့လည်း ဆိုပါတယ်။ ပရာဗာဟာ လာအိုနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ (၁၉၈၀)ခုနှစ်က မွေးချင်းမွေးချင်းမောင်နှမ (၁၄)ယောက်နဲ့အတူ ကနေဒါကို အရဲစွန့်ကာ ရွှေ့ပြောင်းခိုလှုံခဲ့တာပါ။ ဆယ်စုနှစ်များစွာ သူမနဲ့ခင်ပွန်းဟာ အားလုံးကို စောင့်ရှောက်နိုင်ဖို့ ပင်ပင်ပန်းပန်း ကျပန်းအလုပ်တွေလုပ်ခဲ့ရပါတယ်။ ကနေဒါကိုရောက်ခါစက ဒေသခံဘုရားကျောင်းတစ်ခုကပဲ သူတို့ကို ထောက်ပံ့ကျွေးမွေးခဲ့ရပါတယ်။ အခုတော့ အနှစ်(၄၀)ကြာ ဆင်းရဲပင်ပန်းမှုတွေကနေ သူတို့မိသားစု သေချာပေါက် လွတ်ကင်းပြီ ဖြစ်ပါတယ်။