ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ တစ်လအတွင်း ဆေးလိပ်၊ အရက်မသောက်သုံးဖို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦး သတိပေး

ကိုဗစ်ကာကွယ်ဆေးထိုးထားစဉ်ကာလအတွင်းမှာ ဆေးလိပ်နဲ့ အရက်ဘီယာတွေကို မသောက်သုံးဘဲ ရှောင်ခြားတာအကောင်းဆုံးဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



ကာကွယ်ဆေးဆိုတဲ့သဘောသဘာဝက ဆေးလိပ်၊အရက်တွေနဲ့ မတည့်တာကြောင့် ရှောင်ခြားတာအကောင်းဆုံးဖြစ်ပြီး ကာကွယ်ဆေးစထိုးပြီး ဖျားနာတာ၊ အသားယားယံတာနဲ့ ကိုက်ခဲတာတွေရှိရင်လည်း ကျန်းမာရေးဌာနကို ချက်ချင်းပြန်ပြဖို့လိုတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးက ပုံမှန်ရောဂါကာကွယ်ဆေး (၆)မျိုးထိုးသလိုပဲ။သတိထားပြီးနေရပါတယ်။ ဖျားရင်၊ ခန္တာကိုယ်မှာယားယံတာတွေ၊ကိုက်ခဲတာတွေရှိရင် ချက်ချင်းပြန်ပြပါ။ ပထမဆုံးတစ်ရက်ကတော့ အိပ်ရေးဝအောင်အိပ်၊ ရေများများသောက်၊အစားကို ပုံမှန်လေးစားပေး။ အရက်၊ဆေးလိပ်တွေကတော့ မသောက်တာအကောင်းဆုံးပါ။ ကာကွယ်ဆေးဆိုတဲ့သဘောက အရက်တွေ၊ ဆေးလိပ်တွေနဲ့မတည့်တဲ့အတွက် ရှောင်ခြားတာအကောင်းဆုံးပါ”လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။


ကာကွယ်ဆေးက (၂)ကြိမ်ထိုးနှံရမှာဖြစ်ပြီး ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ်မှာ (၂၈)ရက်ကြာမြင့်မှာဖြစ်ကာ ဒီကာလအတွင်းမှာလည်း ဆေးလိပ်၊အရက်ရှောင်ခြားဖို့လိုသလို ဒုတိယတစ်ကြိမ်ထိုးပြီး (၁)ပတ်အတွင်းမှာလည်း ရှောင်ခြားသင့်တယ်လို့ သိရပါတယ်။


ယခုကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်နိုင်ရန် ကိုယ်ခံအားကိုတက်စေတဲ့ ဆေးတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးရင်တောင် ကူးနိုင်တဲ့အနေအထားရှိတဲ့အတွက် ပုံမှန်အတိုင်း maskတပ်သွားလာတာမျိုးတွေနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်မှုအနေအထားနဲ့ အသက်ဆုံးရှုံးမှုတွေကိုတော့ ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


Credit Duwun