ရန်ကုန်မြို့ မြေအောက်က မဟာ လျှို့ဝှက်ချက်ကြီးများ (သို့) ရန်ကုန် မြေအောက်မှ သိကောင်းစရာ ဗဟုသုတ

တာမွေအဝိုင်း ခုံးကျော်တံတားဆောက်ဖို့ မြေတူးတော့ မြေအောက်ထဲမှာ အချင်း ၅ ပေလောက်ရှိတဲ့ ဧရာမသံပိုက်ကြီးတွေတွေ့တယ်တဲ့။ ဘာပိုက်ကြီးတွေမှန်း မသိကြဘူး။ ဂျိူးဖြူရေပိုက်လည်း မဟုတ်ဘူးတဲ့။


ပိုက်ရဲ့ပုံစံ၊ အရည်အသွေးနဲ့ မြှုပ်ထားတဲ့ပုံစံတွေအရ အင်္ဂလိပ်ခေတ်ကလုပ်ထားတာဆိုတာလောက်တော့ ခန့်မှန်းလို့ရတယ်။ အဲ့ဒါနဲ့လိုက်စုံစမ်းတော့ အင်းယားကန်ရေလျှံရင် ကန်တော်ကြီးထဲကို လွှဲပို့တဲ့ ပိုက်ကြီးဖြစ်နေတယ်။ အင်္ဂလိပ်လက်ထက်က ရန်ကုန်မြို့ကို စံနစ်တကျတည်ဆောက်ခဲ့တယ်ဆိုတဲ့ သက်သေတွေပေါ့။


လုပ်ထားတဲ့ပုံစံက အင်းယားကန်ရေလျှံရင် အဲဒီပိုက်ကနေ ကန်တော်ကြီးထဲကို လွှဲပို့တယ်။ ကန်တော်ကြီးထပ်လျှံရင် ပုဇွန်တောင်ချောင်းထဲကို ထပ်လွှဲတဲ့ပိုက်ကြီးတွေလည်း ရှိတယ်။ အဲဒါကြီးတွေက နောက်ပိုင်းမှာ စနစ်တကျမထိန်းသိမ်းတော့ သုံးမရဘဲ ပျက်စီးကုန်တယ်။ ခုခုံးကျော်တံတားဆောက်တော့ အဲဒီလောက်ကြီးတဲ့ပိုက်ကြီးတွေကို ဘယ်လိုဖယ်ရှားရမှန်းမသိတာနဲ့ ပိုက်ပေါ်ကပဲ ခွပြီးကွန်ကရစ်လောင်းပစ်လိုက်တယ်။ ပိုက်ကမခံနိုင်တော့ ကျိုးသွားတယ်တဲ့။ ပြန်လုပ်ကြပေါ့။ ပိုက်ဆံတွေထပ်ကုန်တယ်။ အချိန်တွေထပ်ကုန်တယ်။



သေချာတယ်။ အင်္ဂလိပ်ကတော့ ပစ်စလက်ခတ်လုပ်ခဲ့မှာမဟုတ်ဘူး။ သူမြှုပ်ခဲ့တဲ့လမ်းကြောင်းတွေကို မြေပုံနဲ့မှတ်တမ်းနဲ့ စနစ်တကျထားခဲ့မှာပဲ။ ကိုယ့်လူတွေက အထိန်းအသိမ်းမတတ်လေတော့ အဲဒီမှတ်တမ်းတွေအကုန်ပျောက်ပျက်ကုန်မှာပေါ့လေ။ ပြီးတော့ တာမွေအဝိုင်းလမ်းဆုံရဲ့ အလယ်တည့်တည့်မှာ မြေအောက်ကိုဆင်းတဲ့ Manhole အပေါက်တစ်ပေါက်ရှိတယ်။


၈၈ အရေးအခင်းမဖြစ်ခင်က အဲဒီနေရာမှာ အဝိုင်းကြီးရှိတယ်။ အရေးအခင်းအပြီး လမ်းတွေချဲ့တော့ အဲဒီအဝိုင်းကြီးကိုဖျက်ပြီး လမ်းဆုံလုပ်ပစ်လိုက်တယ်။ ကျွန်တော်တို့ငယ်ငယ်ကဆို အဲဒီအဝိုင်းကြီးရဲ့အလယ်က Manhole အပေါက်ထဲ ခဲလုံးလေးတွေ သွားသွားပစ်ချကြည့်ကြတယ်။ အောက်ကိုဘယ်လောက်အထိနက်လဲတော့ မခန့်မှန်းတတ်ဘူး။ အဲဒီကနေဆင်းရင် ရန်ကုန်မြို့ရဲ့ မြေအောက်မြောင်းကွန်ယက်ကြီးဆီကို ရောက်တယ်တဲ့။ ကျွန်တော်တို့အဖိုးတွေ အဖေတွေပြောပြတာက အဲဒီမြေအောက်ဥမင်ကြီးတွေဟာ အမြင့် ကိုးပေ ဆယ်ပေလောက်ရှိတယ်။ အဲဒီထဲမှာ ဂျစ်ကားတစ်စီး ကောင်းကောင်းမောင်းလို့ရတယ်တဲ့။ ပုဇွန်တောင်ချောင်းဝအထိကို ပေါက်တယ်တဲ့။ ရေထုတ်မြောင်းအပြင် တခြားမီးကြိုးတွေ၊ ကေဘယ်လ်တွေပါ သွယ်တန်းလို့ရနိုင်တယ်။ နိုင်ငံခြားအက်ရှင်ကားတွထဲမှာ ရဲနဲ့လူဆိုးလိုက်ကြပြေးကြလုပ်တဲ့ မြေအောက်လမ်းကြောင်းကြီးတွေလိုပေါ့။



အဲဒီလိုမြေအောက်ကိုဆင်းတဲ့ Manhole အပေါက်တွေ ရန်ကုန်မြို့အနှံ့မှာရှိတယ်။ သိတဲ့လူကြီးတွေ သိကြတယ်။ လူကြီးတွေအပြောအရ ဟိုးမင်္ဂလာဒုံနားအထိကို အဲဒီမြေအောက်ကွန်ယက်ကြီးပေါက်တယ်တဲ့။ အဲဒီနားတွေမှာပါ အပေါက်တွေရှိတယ်တဲ့။



အင်္ဂလိပ်ကတော့ သူ့အကျင့်အတိုင်းအကုန်စံနစ်တကျလုပ်သွားတာပဲ။ ဖြစ်နိုင်ရင်တော့ အဲ့ဒီမြေအောက်ကွန်ယက်လမ်းကြောင်းကြီးကို ပြန်ဖော်ထုတ်ပြီးသုံးလို့ရမယ်ဆိုရင်တော့ တော်တော်အဆင်ပြေလိမ့်မယ်။


တာမွေအဝိုင်းထိပ်ခုံးကျော်တံတားလုပ်ငန်းခွင်မှာပေါ်လာတဲ့ မြေအောက်သံပိုက်လုံးကြီးတွေဟာ အင်းယားကန်ရေလျှံရင် ကန်တော်ကြီးဆီကိုလွှဲပို့တဲ့ပိုက်လိုင်းကြီးတွေဆိုတာသေချာတယ်လို့ တချို့ကအတည်ပြုပြောကြပါတယ်။ လက်ရှိမှာသုံးလို့ရ၊ မရ မသေချာပေမယ့် ရေထိန်းဘားတွေကတော့ ဆီဒိုးနားဟိုတယ်ဘေးမှာတစ်ခု၊ ဖိုးစိန်လမ်းထဲမှာတစ်ခုရှိတယ်လို့ ဆိုကြပါတယ်။ ကန်တော်ကြီးကနေ ပုဇွန်တောင်ချောင်းထဲကိုတော့ ပိုက်နဲ့မဟုတ်ဘဲ မြေအောက်မြောင်းတွေနဲ့ ဆက်သွယ်ထားတယ်လို့ ဆိုကြပါတယ်။


ဒါပေမယ့် တော်တော်များများ စိတ်ဝင်စားကြတာကတော့ မြေအောက်ဥမင်ကြီးတွေအကြောင်းပါ။ အဲ့ဒီမြေအောက်ဥမင်ကြီးတွေဟာ ဂျစ်ကားတစ်စီး ကောင်းကောင်းမောင်းလို့ရလောက်အောင် ကြီးမားလှတယ်ဆိုတာလည်း တော်တော်များများပြောကြပါတယ်။ ဟိုခေတ်တုန်းက ဒုစရိုက်လောကသားတွေ ခိုအောင်းလှုပ်ရှားရာ မြေအောက်ကမ္ဘာကြီးပေါ့။


အဲ့ဒီမြေအောက်ဥမင်ကြီးထဲမှာ ရပ်ကွက်တစ်ခုလိုဖြစ်နေပြီး မူးယစ်ဆေး၊ ပြည့်တန်ဆာနဲ့ တခြားတရားမဝင်ကိစ္စတွေ အခြေပြုလှုပ်ရှားကြတဲ့နေရာကြီးပါတဲ့။ အဲဒီမြေအောက်ရပ်ကွက်ကြီးရဲ့ဝင်ပေါက်က ဆူးလေဘုရားနား၊ ရှားမီးမုန့်တိုက်ဘေးက မြောင်းပေါက်ကြီးလို့ ဆိုကြတယ်။



အဲ့ဒီမြေအောက်ကမ္ဘာကြီးထဲမှာ သောက်ရေသုံးရေလည်းရ၊ လျှပ်စစ်မီးလည်းရတယ်တဲ့။ မြောင်းဆိုပေမယ့်လို့ အနံ့အသက်ဆိုးတွေမရှိဘူး။ လူမိုက်တွေက တာဝန်ယူအုပ်ချုပ်တဲ့ရပ်ကွက်ကြီးပေါ့။ တော်ရုံသူစိမ်းဝင်လို့မရဘူး။ “မွန်းတည့်ချိန်မှာ နေဝင်သည်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့မှာ အဲဒီမြေအောက်လောကသားတွေအကြောင်းပါတယ်တဲ့။


အဲဒီမြေအောက်မြောင်းကွန်ယက်ကြီးရဲ့ လမ်းကြောင်းအတိအကျကိုတော့ ဘယ်သူမှသိပ်မသိကြပါဘူး။ ဒါပေမယ့် တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံနဲ့ ပြောစကားတွေကို ဆက်စပ်ကြည့်တဲ့အခါ အဲ့ဒီကွန်ယက်ကြီးက ရန်ကုန်တစ်မြို့လုံးရဲ့အောက်မှာ ဖြန့်ကျက်နေတယ်လို့ ယူဆရတယ်။ မြို့လယ်ပိုင်းမှာတော့ ခပ်စိပ်စိပ်နဲ့၊ မြို့ပြင်ပိုင်းမှာတော့ ခပ်ကျဲကျဲပုံစံဖြစ်ဖို့များတယ်။ မြို့လယ်ဆိုတာက ခုဆို လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင် ပတ်ဝန်းကျင်ပေါ့။ မြို့ပြင်ကတော့ ဗဟန်း၊ တာမွေဘက်ပိုင်းပေါ့။ ဒါပေမယ့် တချို့ကဆိုကြပြန်တာက မင်္ဂလာဒုံပေါက်ကုန်းနားမှာလည်း မြေအောက်ကိုဆင်းတဲ့အပေါက်ကြီးတွေ ဂျပန်ခေတ်ကတည်းက ရှိနေတယ်တဲ့။ စစ်တပ်က အသေပိတ်၊ သော့ခတ်ထားတယ်လို့ပြောကြတယ်။ မြို့ထဲအထိဆက်နေတာ ဟုတ် မဟုတ်တော့ မသေချာဘူးပေါ့။


ဂွတ္တလစ် (ခု ဆရာစံရပ်ကွက်) က တစ်ယောက်ပြောပြတာက သူတို့ငယ်ငယ်က အဲဒီမြောင်းကြီးတွေအောက်ထဲ ဆင်းကြည့်ဖူးတယ်တဲ့။ ဂွတ္တလစ်မင်းလမ်းနားကနေ ခုတံတားထိုးနေတဲ့ တာမွေအဝိုင်းထိပ်အထိရောက်တယ်။ ဆက်သွားလို့ရသေးတယ်တဲ့။


နောက်တစ်ယောက်ပြောတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကအကြောင်း။ တစ်နေ့မှာ ကျိုက္ကဆံရပ်ကွက် (မြလမ်းမှတ်တိုင်နား) က မြောင်းပေါက်ကြီးတစ်ခုထဲကနေ နွားအော်သံကြားလို့ချောင်းကြည့်တော့ မြေအောက်မြောင်းကြီးထဲမှာ နွားကြီးတစ်ကောင်တွေ့ကြတယ်။ မြောင်းပေါက်ကို မရရအောင်ချဲ့ပြီးဆွဲတင်ကြရတယ်။ ဒီမြောင်းထဲကို နွားကြီးဘယ်ကနေဘယ်လိုရောက်လာလဲ စဉ်းစားလို့မရကြဘူး။ နောက်တော့မှ ဟိုးသိမ်ဖြူထိပ်က မွတ်ဆလင်ရပ်ကွက်မှာ အစ်ဒ်နေ့နီးတော့မွေးထားတဲ့နွားကြီးက လွတ်လာပြီးမြေအောက်မြောင်းထဲကနေ ဒီဘက်အထိရောက်လာတယ်ဆိုတာ သိလိုက်ကြရတယ်။


ခု ဗိုလ်မြတ်ထွန်းကွန်ဒိုဆောက်ထားတဲ့နေရာကလည်း အရင်ကမိလ္လာကန်အကြီးကြီးဆိုပဲ။ အဲဒီကနေတဆင့် ရန်ကုန်မြစ်ထဲကို ရေဆိုးတွေထုတ်ချတယ်လို့ ပြောကြတယ်။ အရင်တုန်းက အိမ်တွေမှာမိလ္လာကန်စံနစ်မရှိဘဲ အဲဒီရေဆိုးမြောင်းတွေကနေတဆင့် ရီဆာဗာကြီးမှာလှောင်ထားပြီး ရန်ကုန်မြစ်ရေအတက်အကျအတိုင်း သွန်ချပစ်တယ်တဲ့။

နောက်စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခုရှိသေးတယ်။ ၁၉၈၃ တုန်းက အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ်ကို လုပ်ကြံခဲ့တဲ့ မြောက်ကိုရီးယားသူလျှို ကင်မင်ချူးနဲ့ ဇင်ဘိုတို့ဟာ (နံမည်နဲ့ ခုနှစ်သက္ကရာဇ်တွေလွဲကောင်းလွဲနိုင်ပါတယ်) ရွှေတိဂုံဘုရားနားက မြေအောက်မြောင်းပေါက်ထဲကနေတဆင့် ပုဇွန်တောင်ချောင်းဆီကိုထွက်ပြေးကြတယ်။ အဲဒီကနေ ဒလဘက်လား၊ ကွမ်းခြံကုန်းဘက်လားပြေးကြပြီး နောက်ဆုံးရွာသားတွေနဲ့အတွေ့မှာ တစ်ယောက်ကကိုယ့်ကိုယ်ကိုဗုံးခွဲပစ်လိုက်တယ်။ တစ်ယောက်ကတော့ အရှင်ဖမ်းမိတယ်တဲ့။ (မှားနေတယ်ဆိုရင် အမှန်သိသူများပြင်ပေးကြပါ)


ပါးစပ်ရာဇဝင်တွေအရ ရန်ကုန်မြို့ရဲ့ မြေအောက်မြောင်းကွန်ယက်မြေပုံ Blue Print ဟာ တစ်ယောက်ယောက်ရဲ့ လက်ထဲမှာရှိနေပြီး ဒေါ်လာတစ်သန်းနဲ့ရောင်းမယ်လို့ အစိုးရကိုကမ်းလှမ်းဖူးတယ်လို့ ပြောကြတယ်။ စင်္ကာပူက မြေအောက်မြောင်းတွေက ရန်ကုန်ဒီဇိုင်းကိုယူပြီး တည်ဆောက်ထားတယ်လို့လည်း ပြောကြတယ်။ တချို့ပြောတာကတော့ အင်္ဂလိပ်က အဲ့ဒီမြေပုံကို မြန်မာတွေလက်ထဲလုံးဝမပေးခဲ့ပါဘူးတဲ့။


တချို့ကကျတော့လည်း ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ အဲဒီမြေပုံကို မြို့တော်စည်ပင်ဆီကနေ စစ်တပ်က သိမ်းသွားတယ်တဲ့။ လုံခြုံရေးအကြောင်းပြချက်နဲ့ပေါ့။ အခု ရွှေတိဂုံဘုရားလမ်းက စစ်ရုံးဝင်းထဲမှာ အဲဒီမြေအောက်ကွန်ယက်ရဲ့ အလယ်ဆုံချက် ဝင်ပေါက်နေရာရှိတယ်လို့လည်း ပြောကြပြန်တယ်။


နဝတ၊ နအဖ လက်ထက်တုန်းကတော့ အဲဒီမြေအောက်မြောင်းတွေကို ပြန်ရှာကြသေးတယ်တဲ့။ စံနစ်တွေက ခေတ်မမှီတော့ဘူး။ မြောင်းတွေက ကောကုန်ပြီ။ ပြန်သုံးလို့မရနိုင်တော့ဘူး။ အမျိုးမျိုးပြောကြတယ်တဲ့။ အကြောင်းပြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။


ရှေးလူကြီးတွေ စိတ်ဝင်တစားပြောပြကြတာက ဗားဂရာလမ်းဆုံဟာ တကယ့်အနိမ့်ပိုင်းနေရာမှာရှိနေရဲ့သားနဲ့ တခါမှရေကြီးရေလျှံမဖြစ်ဖူးဘူးတဲ့။ အဲ့ဒီအောက်မှာ ရန်ကုန်မြစ်နဲ့ဆက်သွယ်ထားတဲ့မြေအောက်မြောင်းကြီး ရှိနေတယ်တဲ့။


ကျွန်တော် အထက်မှာပြောခဲ့သလိုပါပဲ။ အခုရေးထားတာတွေအကုန်လုံးဟာ အထောက်အထားခိုင်ခိုင်မာမာမဟုတ်ပေမယ့် ယုံကြည်ရလောက်တဲ့စကားတွေပါပဲ။ အားလုံးကိုခြုံငုံကြည့်ရင်တော့ ရန်ကုန်မြို့ရဲ့အောက်မှာ အဖိုးတန်တဲ့မြေအောက်မြောင်းကွန်ယက်ကြီး တကယ်ရှိနေပါတယ်။


လက်ရှိမှာရော သုံးနေသလား။ သုံးလို့မရတော့တာလား။ ဒါမှမဟုတ် လုံခြုံရေးအကြောင်းပြချက်နဲ့ အကုန်ပိတ်ပစ်လိုက်ကြတာလားဆိုတာ စိတ်ဝင်စားစရာပါ။


တကယ်လို့ ပြန်ဖော်ထုတ်ပြီးအသုံးချလို့ရသေးတယ်ဆိုရင်တော့ ပြန်ပြီးသုံးသင့်၊ မသုံးသင့် ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ တာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ အကြံပြုပါရစေခင်ဗျား။


မူရင်းရေးသားသူ အား လေးစားစွာဖြင့် Credit ပေးပါသည်။