ကိုဗစ် ကူးစက်မှုအန္တရာယ်မြင့်မားသူတွေမှာ ရောဂါ တိတိကျကျ သိစေဖို့ တရုတ်မှာ စအိုတို့ဖတ် စတင် အသုံးပြု စစ်ဆေးနေ

ကိုဗစ် ကူးစက်မှုအန္တရာယ်မြင့်မားသူတွေမှာ ရောဂါ တိတိကျကျ သိစေဖို့ တရုတ်မှာ စအိုတို့ဖတ် စတင် အသုံးပြု စစ်ဆေးနေ
—————————–


တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ် မြင့်မားတယ်လို့ ယူဆရသူတွေမှာ ရောဂါကူးစက်မှု အတိအကျ စစ်ဆေးနိုင်ဖို့ စအို တို့ဖတ် နမူနာနည်းတွေ စတင် အသုံးပြုကာ စမ်းသပ်နေကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံက ဖော်ပြသွားပါတယ်။



ပြီးခဲ့တဲ့ အပတ်က ပေကျင်းမြို့မှာ ကိုဗစ်၁၉ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရောဂါ စစ်ဆေးခဲ့ရာမှာ စအိုတို့ဖတ် စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြောင်း တရုတ်ရုပ်သံ CCTV က ဖော်ပြသွားပါတယ်။ ရောဂါပိုးရှိလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ ကွာရန်တင်းဝင်ရောက်နေသူတွေကိုလည်း စအိုတို့ဖတ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


မကြာသေးခင် သီတင်းပတ်တွေအတွင်း ဒေသအလိုက် ရောဂါကူးစက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ပေါင်းများစွာကို Lockdown ချမှတ်ခဲ့ရပါတယ်။ အဲဒီအပြင် ရောဂါတိုက်ဖျက်နိုင်ဖို့အတွက် တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေနဲ့အတူ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ အသုံးပြုကာ လူအစုလိုက် အပြုံလိုက် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။



စအိုတို့ဖတ်ယူနည်းက ရောဂါကူးစက်ခံထားရသူ တွေ့ရှိနှုန်းကို တိုးစေနိုင်ပြီး ဗိုင်းရပ်စ်သဲလွန်စတွေဟာ အခြားအသက်ရှုလမ်းကြောင်းတွေထက် စအိုမှာ ပိုကြာရှည်နေနိုင်တယ်လို့ ပေကျင်းမြို့ရှိ ယိုယွန်ဆေးရုံက အကြီးတန်းဆရာဝန် လီတောင်ကျန်းက CCTV သတင်းကို ဖြေကြားသွားပါတယ်။



စအိုတို့ဖတ်ယူဖို့ စအိုထဲကို ၃ စင်တီမီတာကနေ ၅ စင်တီမီတာရှိတဲ့ ဝါဂွမ်းဆို့ကို ညင်ညင်သာသာလှည့်ထည့်ပြီး ရယူကြောင်း သိရပါတယ်။


စအိုတို့ဖတ်ယူနည်းဟာ အဖြေမှန်ပိုထွက်စေနိုင်ပေမယ့်လည်း တို့ဖတ်ယူနည်း အဆင်မပြေနိုင်တာကြောင့် တခြားနည်းတွေလို ကျယ်ကျယ်ပြန့်ပြန် အသုံးပြုခွင့်မပေးထားကြောင်း CCTV သတင်းက ဖော်ပြသွားပါတယ်။



ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာနဲ့အမျှ တရုတ်နိုင်ငံကလည်း ပြည်တွင်း ကူးစက်မှု လုံးဝမရှိအောင် ထိန်းသိမ်းထားနိုင်ဖို့ နိုင်ငံတကာခရီးသည်တွေကို ပိုတင်းကြပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားပါတယ်။


ပြည်တွင်းမှာလည်း ရောဂါကန့်သတ်ချက်တွေ တင်းတင်းကြပ်ကြပ်ချမှတ်ထားသလို နှစ်သစ်ကူးကာလအတွင်း ရောဂါပြန့်ပွားမှု လျှော့ချနိုင်ဖို့ ကြာသပတေးနေ့က စတင်ပြီး ပေကျင်းမြို့ရှိ ကူးစက်မှုအန္တရာယ်များတဲ့ဒေသကလူတွေ သွားလာခွင့် ပိတ်ထားကြောင်း ကြေညာထားပါတယ်။ နိုင်ငံတွင်း ဝင်ရောက်လာသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ဟိုတယ်မှာ အနည်းဆုံး ၁၄ ရက်ကွာရန်တင်း ဝင်ရာမှာဖြစ်သလို ရောဂါပိုးမရှိကြောင်း စစ်ဆေးချက်အမျိုးမျိုး ပြဖို့ လိုအပ်ကြောင်း သိရပါတယ်။

Credit Myanma Platform