ဓာတ်ခွဲခန်းမှူးကြီး ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတဲ့ ကိုဗစ် ကာကွယ်ဆေး နောက်ဆက်တွဲ

ကျွန်တော်တို့ ခပ်ငယ်ငယ်ဘဝ၊ ရွာကနေ မတ္တရာမြို့ကို ပြောင်းလာတုန်းကပေါ့။ ကျွန်တော့် အမေက မူလတန်းပြ ဆရာမ။ အမေတို့ တာဝန်ကျတဲ့ ကျောင်းက မတ္တရာကနေ ၃ မိုင်လောက်ဝေးမယ်။ အမေနဲ့အတူ မြို့ပေါ်က ဆရာမတွေ နေ့တိုင်း စက်ဘီးနဲ့ ကျောင်းတက်ရတာ။ အဲဒီတုန်းက အမေ့လုပ်ဖော်ကိုင်ဖက် ဆရာမ ဒေါ်မာမာဝင်း ပြောဖူးတာ တစ်ခုကို သတိရနေမိတယ်။



သူလည်း ကျွန်တော့်အမေလို လင်ဆိုးမယား၊ လူမမယ်ကလေးတွေရဲ့ မိခင် ဆိုတော့ကာ၊ မနက်လင်းတာနဲ့ လျှော်ဖွပ်၊ ချက်ပြုတ်၊ ခူးခပ်၊ စားသောက်၊ ကျွန်တော်တို့ မောင်နှမနဲ့ ရွယ်တူ၊ သူ့ကလေးတွေ ကျောင်းအတွက် ထုပ်ပိုးပေးပြီးတော့ကာ၊ အဖြူအစိမ်းလေး ကောက်စွပ်ပြီး စက်ဘီးတစ်လှည့်စီ အမေနဲ့နင်းလို့ ကျောင်းတက်ရတယ်မို့လား။ လူလား မမြောက်သေးတဲ့ ကလေးတွေ ကိုယ်စီနဲ့ မိန်းမသားတွေချည်း လုပ်ကိုင်စားရတဲ့ဘဝတွေ ဆိုတော့လည်း နည်းနည်းတော့ ကသီ စိတ်မော ရှာမှာပေါ့။


ကျောင်းရောက်တော့ ဆရာမ နားနေခန်းထဲရောက်ချိန် ဆရာမဒေါ်မာမာဝင်းက ဆိုသတဲ့။ “အောင်မလေး ဆရာမရယ်၊ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ နှစ်ရက် ဘယ်လိုကို ကုန်သွားမှန်း မသိလိုက်ပါဘူး။ တစ်ပတ်လုံးစာ လျှော်လိုက် ဖွပ်လိုက်၊ လှဲလိုက် ကျင်းလိုက် ကလေးတွေနဲ့ အိမ်အလုပ်နဲ့ လူလည်း ဖတ်ဖတ်ကိုဆာ နေတာပါပဲ။ အခု ကျောင်းရောက်မှပဲ နားရတော့တယ်” တဲ့။



ကျွန်တော့်အမေက အဲဒီ စကားကို အခု သူပင်စင်နီးတဲ့အထိ သဘောတကျ ပြန်ပြော မဝဘူး။

ကျွန်တော့်မိတ်ဆွေများက အခုတလော ဖေ့ဘုတ်သိပ်မသုံးဖြစ်တဲ့ ကျွန်တော့်ကို ကိုအောင်မျိုး နေကောင်းရဲ့လား။ ကျန်းမာရဲ့လား။ စသဖြင့် ချစ်ခင် စိုးရိမ်စိတ်နဲ့ သတင်းမေးကြပါတယ်။ ကျွန်တော်က ကိုဗစ်လုပ်ငန်းတွေ လုပ်နေတဲ့ သူကိုး။ ဆိုတော့ကာ ကျွန်တော်ကလည်း “နေကောင်းပါတယ် ခင်ဗျာ။ ကျွန်တော် အလုပ်များနေလို့ပါ” လို့ သူတို့ စိတ်မပူအောင် ပြန်ဖြေတာပေါ့။ တကယ်လည်း လူက ကျန်းမာနေပါတယ်။



ဟော.. မနေ့ကတော့ ချစ်ခင်ရသူ ဆရာသမား၊ အပေါင်းအသင်းများက အတင်း တိုက်တွန်းလို့ ရှောင်နေတဲ့ကြားက ကိုဗစ်ကာကွယ်ဆေးဆိုတာ ထိုးလိုက်ရပါရော။ အခု လက်မောင်းတစ်ဖက် ကောင်းကောင်း မမြှောက်နိုင်ဘူး။ လူက နုံးနေပြီး၊ မနေ့က တစ်ညလုံးဖျားနေတာ။ ကျွန်တော်နဲ့ တစ်ချိန်ထဲထိုးတဲ့ Swab အဖွဲ့ထဲက ကောင်လေးဆို ချက်ချင်း အာခေါင်တွေခြောက်ပြီး မူးလို့ ဆေးကုလိုက်ရသေး ဆိုပဲ။ ဒီမနက် အိပ်ယာနိုးတော့ ကိုယ်သိသမျှလူကုန် ဖုန်းလိုက်ဆက်ပြီး၊ “ခင်ဗျားတို့ရော အခြေအနေ ဘယ်လိုလဲဗျ” ဘာညာ စူးစမ်းရတာပ။



“အို.. ငါတို့လည်း..” က အစချီပြီး သူတို့ ခံစားရသမျှ ဝေဒနာဋီကာတွေ ပြန်မျှကြချိန်၊ စိတ်ယုတ်မာထားတယ် လို့ စွပ်စွဲကာမှ ရှိစေ၊ ဝမ်းသာလိုက်တာ ခင်ဗျာ။ ဖျားနေတာ ငါတစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့အသိက၊ ကျွန်တော့်ကို တော်တော်စိတ်သက်သာ စေတာပဲ။


ဒီမနက်တော့ တစ်ဖွဲ့လုံး နေမကောင်းကြတာမို့ ယူရမယ့် Swab အလုပ်တွေ အကုန် ရက်ရွှေ့လိုက်ရပါတယ်။ ဒီတော့ကာ ဒီနေရာမှာ မောင်အောင်မျိုးလေး ချိုးချချင်တဲ့ ဒရာမာက၊ “ဒီနေ့မှ ကျွန်တော်လည်း စိတ်အားလက်အား နားရတယ်” ပေါ့ခင်ဗျာ။ အားလုံး ဖျားကြတာပဲ ကျေးဇူးတင်ရမလိုလို။ ဟီးဟီး။


Aungmyothu Lwin)