အသိဉာဏ်နည်းတဲ့ ရှေးရိုးစွဲမိဘတွေ နှင့် ပဲဆီကြောင့် မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေ

အသိဉာဏ်နည်းတဲ့ ရှေးရိုးစွဲမိဘတွေ နှင့် ပဲဆီကြောင့် မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေ..

အစိုးရဆရာ၀န် လုပ်လာတဲ့တလျောက်မှာ ကိုယ့်အတွက် အခက်ခဲဆုံးကိစ္စက ကလေးတယောက်သေသွားပြီ အသက်မရှိတော့ဘူး ဆိုတာအမေဖြစ်သူကို ပြောရတဲ့ အချိန်ပဲ။ သေ‌လောက်မယ့်ရောဂါမို့လို့ ကြိုတင်ရှင်းပြထားပြီးသားဆိုရင် တော်သေး။ ရုတ်တရက် သေသွားတာမျိုးဆို သေပြီပြောတဲ့ဆရာ၀န်လုပ်သူပါ ပြသနာရှာခံထိတတ်တယ်။ လက်ခံရခက်တဲ့ သတင်းမို့လို့ တော်တော်ဖြေရှင်းရခက်ပါတယ်။



ဒါကြောင့်မို့ ကိုယ့်ဂျူတီ ဆိုရင် လဲ အဲလိုမျိုးတွေ မလာပါစေနဲ့ အမြဲဆုတောင်းပေမယ့် ကံကလဲ အရမ်းကောင်းဆိုတော့ ကိုယ့် EMO နေ့ဆို အသည်းအသန်ဖျားနာ တွေ ဆုံးပြီးသားတွေ ခနခန လာတတ်တယ်။ လာတော့လဲ အတွေ့အကြုံတွေ ရတာပေါ့။



ပြောပြချင်တာက အဲလို ဆုံးပြီးသားကလေးတွေ ရောက်လာရင် အများစုက ပဲဆီ လက်ချက်ဖြစ်နေတာပဲ။ ပဲဆီ က ဘယ်လိုသေစေတာလဲ ရှင်းပြမယ်။




ကလေးလေး တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ‘တက်’ တတ်ပါတယ်။ ရောဂါကြောင့်ဖြစ်ဖြစ် အဖျားကြီးလို့ဖြစ်ဖြစ် ‘တက်’ တဲ့ အခါ လူကြီးမိဘတွေက ‘တက်’ နေတဲ့ ကလေးလေးကို အတက်ကျအောင်ဆိုပြီး လုပ်မိလုပ်ရာ အစုံလုပ်ကြပါတော့တယ်။ တချို့တွေ မြန်မာဆေးနည်းဆိုပြီး ပါးစပ်ထဲ စပါးကြီးသည်းခြေ ထိုးထည့်တယ်။ ငယ်ထိပ်ကို မှုတ်တယ်။ ခြေတွေ လက်တွေ ချိုးတယ် နှိပ်တယ်။ တခြားဒေသတွေတော့ မသိဘူး။ မြိတ်မြို့က လူကြီးတွေကတော့ ပါးစပ်ထဲ ပဲဆီလောင်းထည့်ကြတယ်။ ပအုန်းရည် ရှာလကာရည် ဆား သကြား အချိုမှုန့်ရည် လောင်းထည့်တယ်။ ကြက်ချေးတွေ ပြာတွေ လောင်းထည့်တာလဲ‌ရှိတယ်။ ပြောမယုံ ကြုံမှသိ အစုံကိုလုပ်ကြတာ။ အဲလိုလုပ်တဲ့သူတွေကလဲ စာမတတ်တဲ့ဆင်းရဲသားမိဘကနေ ဘွဲ့ရပညာတတ်ကျောင်းဆရာမ တွေပါ ပါတာနော်။



မိဘကိုယ်တိုင်ကနေ အဖိုးအဖွား အိမ်နားနီးချင်းတွေ ပါပါတာ။
ဆေးရုံမှာ တက်လို့ဆိုပြီးရောက်လာတဲ့ ကလေးတွေကို အိမ်မှာဘာလုပ်ပေးလာသလဲမေးလိုက်ရင် ဆယ်ယောက်မှာ ကိုးယောက် အဲလိုတွေ တခုမဟုတ် တခုလုပ်လာကြတယ်။ ဘယ်သူကစတဲ့ အယူအဆလဲတော့မသိဘူး။ တော်တော်များများ ကလေးတက်ရင် အဲလိုလုပ်ရတယ် ပဲထင်ကြတယ်။



စဉ်းစားကြည့်ပါ သတိလစ် တက်နေတဲ့ လူတယောက်ရဲ့ ပါးစပ်ထဲ အရည်တွေ ပစ္စည်းတွေ သွားလောင်းထည့်တဲ့အခါ မမျိုချနိုင်ပါဘူး။ တခါထဲ အသက်ရှုလမ်းကြောင်းထဲ၀င်သွားရင် ပိတ်ပြီး ဆုံးပါလေရော။ ရေနစ်သူ ဝါးကူထိုးလိုက်သလိုပါပဲ။ တခါထဲ မဆုံးပဲလဲ အသက်ရှုလမ်းကြောင်းထဲ ပစ္စည်း၀င်သောကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ဖြစ်ရင် ဆေးအကြာကြီးထိုး ကုရတတ်ပါတယ်။




အမှန်တော့ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် တက်သွားတယ်ဆိုရင် အသက်ရှုလမ်းကြောင်းပွင့်နေအောင်ထားပြီး ဆေးရုံခေါ်လာရမှာပါ။ ပါးစပ်ထဲနှာခေါင်းထဲ ဘာမှ သွားမထည့်ရပါဘူး။ပါးစပ်ထဲ အန်ဖတ်တွေရှိနေရင်တောင် ဖယ်ပစ်ရမှာပါ။ လူနာကို ဘေးတစောင်းအနေအထား ချက်ချင်းထားပြီး အသက်ရှုလမ်းကြောင်း ပိတ်မနေအောင်လုပ်ပေးရမှာပါ။ တက်တာက ဦးနှောက်ထဲက ပြသနာကြောင့်တက်တာမို့ ‌ခြေလက်တွေ ချိုးနှိပ်လို့ မထူးပါဘူး။ လူနာအသားနာရုံပဲရှိမှာပါ။ ဘေးတ‌စောင်းထားပြီး ဆေးရုံ ဆေးခန်းခေါ်လာပါ။


ပုံထဲက ကံဆိုးရှာသူ ကလေးလေး ပါးစပ်မှာ ပဲဆီတွေနဲ့မည်းနေတာ တွေ့မှာပါ။ ကိုယ်ကတော့ အဲလိုတွေ့လိုက်ကထဲက သွားပြီဆိုတာ ၈၀% လောက်သေချာနေပြီ။ အဲ့သလောက်ကို အံတိုနေပြီ။

ကလေးမိဘများ ကိုပြောချင်တာက ကလေးတွေကို လက်တည့်မစမ်းကြပါနဲ့။ ဆရာ၀န်နဲ့ တွေ့ခွင့်ပေးလိုက်ပါ။ ရောဂါကြီးကြီးမားမား ကြောင့်ဆုံးသွားရတာ မဟုတ်ပဲ အဲလို ပဲဆီထည့်လို့ ဆုံးရတာ မတန်လွန်းလို့ပါ။ ဆေးခန်းပြဖို့ ပိုက်ဆံ မတတ်နိုင်ရင်လဲ အစိုးရဆေးရုံမှာ ၂၄ နာရီလုံး အလကားလာပြလို့ရနေပါတယ်။


ကလေးမွေးထားရင်လဲ ကလေးကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတရှိအောင်လုပ်ကြပါ။ သူငယ်နာကျမ်းနဲ့ ပေါက်က‌ရတွေ မလုပ်ကြပါနဲ့။ ကလေးဆရာ၀န်ကြီးတွေ ရေးထားတဲ့စာအုပ်တွေ ပေ့ချ်တွေ အများကြီးရှိပါတယ်။ ဖတ်ကြပါလို့။


ဘိတ်မြို့က လူကြီးမိဘတွေကိုလဲ ပဲဆီ ပအုန်းရည်‌‌ကို ကိုက်ကြေးကိုက်ကြော်တဲ့နေရာမှာပဲ သုံးကြပါ။ ကလေးပါးစပ်ထဲမထည့်ကြပါနဲ့ ပဲဆီထည့်လို့သေရတဲ့ ကလေးတွေ များပါပြီ လို့ပြောချင်ပါတယ်။


“ကလေးလေးက အသက်မပါလာဘူး အမေရယ်” လို့နောက်ထပ်မပြောပါရစေနဲ့တော့။အလုပ်နဲ့ပတ်သက်တာတွေ ဖေ့စဘွတ်ပေါ်မတင်ဖို့ ဆုံးဖြတ်ထားသော်လည်း ခနခန ရင်နာရ‌တဲ့ကိစ္စမို့လို့ စာအရှည်ကြီးရေးတင်ပါတယ်။ ကြယ်ငါးလေးတကောင် ရှင်သွားရင် ကျေနပ်ပါပြီ။ (ဒေါက်တာသူသူဇင်ဦး)