ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ နက္ခတ္တဗေဒ ပညာရှင်လေး နှင့် (၂၀၂၁) ခုနှစ် ဟောကိန်းများ..

အိန္ဒိယနိုင်ငံက ကမ္ဘာ့ အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင် အာဘီဂီယန် အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ အကြောင်းပါတယ်။ နေ၊ လ၊ မာကျူရီ၊ ဂျူပီတာ၊ ဗီးနပ်စ်နဲ့ စနေဂြိုဟ်တို့ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ တစ်တန်းတည်းကျမယ်။ ဒါကို six-star concatenation လို့ခေါ်တယ်တဲ့။ ဒါကြောင့် ဖေဖေါ်ဝါရီလမှာ ထိတ်လန့်ဖွယ် သဘာဝဘေးအန္တရာယ်တွေကျရောက်နိုင်ပြီး စီးပွါးရေးပြိုလဲမှုတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့တယ်။


အာနန်(ဒ်) ရဲ့ဟောကိန်းတွေအားလုံးကတော့ မှန်ခဲ့တာတော့မဟုတ်ဘူး။ ဥပမာအားဖြင့် ၂၀၂၀ မှာ တတိယ ကမ္ဘာစစ်ဖြစ်လိမ့်မယ်။ အမေရိကန်၊ အီရန်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ပါဝင်မယ်ပြောခဲ့တာ တကယ်မဖြစ်ခဲ့ပါဘူး။


မှန်ခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလ၊ မနက်ဖြန်ကစပြီး သတိတော့ထားကြပါလို့။ “သတိဆိုတာ ပိုတယ်မရှိ” လို့ဆိုကြတယ်မဟုတ်လား။ ဘာသာတရားကိုးကွယ်သူတွေလည်း ဘုရားတရားမမေ့ကြဖို့..။ဒါကတော့ ၂၀၂၁ မှာ ဘာတွေဖြစ်နိုင်တယ်ဆိုပြီး ထွက်ခဲ့တဲ့ ဟောကိန်းပါ..


အိန္ဒိယနိုင်ငံက ကမ္ဘာ့ အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင် အာဘီဂီယန် အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းက အခုတစ်လော နာမည်ကြီးနေတယ်။


အာနန်(ဒ်) က ၂၀၀၆ ခုနှစ်မွေး၊ မွေးဇာတိက အိန္ဒိယနိုင်ငံ (Srirangapatna, Karnataka, India) ပေါ့။ သူ့ အသက် ၁၃ နှစ်အရွယ် (၂၀၁၉ ခုနှစ်) မှာ ကိုဗစ် နဲ့ ပတ်သက်တဲ့ဟောကိန်းတွေ မှန်တယ်ဆိုပြီး ကမ္ဘာကျော်သွားခဲ့သူ..။ အာနန်(ဒ်) ပြောခဲ့တာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာပေါ့။ သူ ထုတ်ဝေခဲ့တဲ့ YouTube ဗီဒီယိုမှာ “ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၀ ဧပြီလကြားမှာ အန္တရာယ်ရှိပါတယ်။ ကမ္ဘာကြီးမှာ ကူးစက်ရောဂါတစ်မျိုးပေါ်လာပြီး ဒါဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပြင်းထန်တဲ့အန္တရာယ်ပေးလိမ့်မယ်” လို့ လူတွေကို ကြိုတင်သတိပေးခဲ့တယ်။ ဒီဟောကိန်းက မှန်ခဲ့တယ်။


သိပ္ပံပညာရှင်တွေရဲ့စကားကို နားမထောင်ရင် ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေတောင် ကျန်ဖို့မလွယ်တာမို့ ဆေးပညာရှင်တို့စကားကို နားထောင်ကြဖို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ဗီဒီယိုထဲမှာ သူ အသေအချာ ပြောခဲ့ပါတယ်။သူက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၅ ရက်မှာ ရောဂါကပ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သလိုဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ ဒါတော့မှားခဲ့ပါတယ်။ ထူးထူးခြားခြား ထပ်မှန်တာတစ်ခုရှိပါသေးတယ်။


“၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်မှာ စေတန်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ် တစ်တန်းထဲကျရောက်ပြီးပူးပေါင်းမယ်။ ဒီလို အခြားဂြိုဟ်တွေရဲ့ရွေ့လျားမှုဟာ ကမ္ဘာဂြိုဟ်ပေါ်ကလူသားတွေကို အဲဒီလို သက်ရောက်မှုရှိတယ်” “ ဒါ ဘာအဓိပ္ပါယ်လဲဆိုတော့ နောက်ထပ် ရောဂါပျံ့နှံ့မှုတစ်ခုဖြစ်နိုင်တာပဲ။ အဲ့ဒီရောဂါပျံ့နှံ့မှုနဲ့အတူ အခြားဘေးအန္တရာယ်တွေအများကြီး ထပ်ပေါ်လာဦးမယ်။ ၂၀၂၁ ၊မတ်လအထိဆက်ပြီး ရောဂါတွေအမျိုးမျိုး ဆက်တိုက်ကူးမှာမို့ သတိထားကြပါ” တဲ့။


အခု ဗြိတိန်က ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ (VUI-202012/01) အမျိုးအစားအသစ်ပြန့်ပွားမှုက အတော့်ကို ကြောက်စရာကောင်းနေတာမဟုတ်လား။ အခု နောက်ဆုံး တောင်အာဖရိက ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ 501.V2 က ဗြိတိန်မျိုးကွဲထက်ကို ပိုကြောက်စရာကောင်းတယ်လို့သတင်းမှာ ကြေညာသွားတယ်။ လူငယ်တွေပါ စိုးရိမ်ရတဲ့ အနေအထားရှိတယ်တဲ့။ တောင်အာဖရိကကိုလည်း တခြားနိုင်ငံတွေက ခရီးသွားခွင့်တွေ ပိတ်ကုန်ကြပြီ။



ဒါကတော့ အာနန်(ဒ်) ရဲ့ အတော်တိုက်ဆိုင်တဲ့ ဟောကိန်းဖြစ်ပါတယ်။၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက သူ့ရဲ့ နောက်ဆုံး ဗီဒီယိုမှာတော့ ၂၀၂၁ ခုနှစ်အတွက် ဒီလိုပြောထားတယ်။နိုဝင်ဘာလနှောင်းပိုင်းကစပြီး ကမ္ဘာကြီးတစ်ခုလုံး အကျပ်အတည်းကြုံရဦးမယ်လို့ပြောခဲ့တယ်။ စစ်ပွဲတွေ၊ ကပ်ဘေးတွေ၊ ရောဂါတွေဖြစ်မယ်။ စီးပွားရေးပြိုလဲမယ်။ ပြည်သူလူထုတွေက မီဒီယာ၊ အစိုးရအဖွဲ့တွေနဲ့ အချို့အဖွဲ့အစည်းတွေကို ကြောက်နေရမယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စီးပွါးရေးကပ်ဆိုက်မယ်။


၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ဂျူပီတာဂြိုဟ်က စေတန်ဂြိုဟ်ကနေ ထွက်သွားမယ်။ ဒုက္ခတွေ တဖြည်းဖြည်းငြိမ်းလာမယ်။ ကမ္ဘာကြီး အသစ်ကပြန်စလိမ့်မယ်တဲ့။အာနန်(ဒ်)က အသက် ၇ နှစ်အရွယ်ကတည်းက အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ ကမ္ဘာပေါ်ရှိရှေးအကျဆုံးဘာသာစကားဖြစ်တဲ့ Sanskrit ဘာသာကို လှည့်လည်သင်ယူခဲ့တယ်။ ဉာဏ်သိပ်ကောင်းတဲ့ ပါရမီရှင်ကလေးကို ဆရာ၊ ဆရာမတွေကတောင် အတန်းထဲမှာ မေးခွန်းတွေမမေးဖို့ တားခဲ့ရတဲ့အဖြစ်။ အသက် ၁၀ နှစ်မှာ နက္ခတ်ဗေဒင်သင်တန်းကြော်ငြာပိုစတာကိုတွေ့ပြီး နက္ခတ်ဗေဒင်ပညာကိုသင်ဖို့ အလွန်စိတ်အားထက်သန်ခဲ့သတဲ့။


သူက ဒီနေ့ဖြစ်နေတဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်း (၇) ခုကို အဆိုပြုခဲ့တယ်။
၁။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ကိုယ့် ဘာသာရေးကိုယုံကြည်ပြီး ဘုရားတရားလုပ်ကြပါ။
၂။ ကာကွယ်ဆေးတွေပေါ်လာပြီး အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးလိမ့်မယ်ဆိုပေမဲ့ အဲ့ဒါ တကယ့်အဖြေမဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါ – ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာ ကျွန်ုပ်တို့ရဲ့ကိုယ်ခံစွမ်းအားကိုပဲ အသုံးပြုရပါမယ်။” တဲ့။ (အီလက်ထရောနစ်နည်းပညာကို အသုံးမပြုကြဘဲ နေရောင်ခြည်၊ လေကောင်းလေသန့် စတဲ့ သဘာဝနဲ့ထိတွေ့ရမယ်။ အားကစားလုပ်ရမယ်)


၃။ စည်းလုံးကြပါ။ အပြုသဘောဆောင်သော စိတ်ခံစားမှုတွေ အချင်းချင်းဖြန့်ဝေပါ။
၄။ စီးပွားရေးကို စနစ်တကျစီမံပြီး စုတတ်ဆောင်းတတ်ပါစေ။
၅။ စားသောက်ဖို့ အသီးအနှံတွေ (တစ်နိုင်ပဲဖြစ်ဖြစ်) စိုက်ကြပါ။ အသားလျှော့စားပါ။
၆။ စိတ်ကျန်းမာရေးကို အထူးဂရုပြုပါ။
၇။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ အပင်တွေခုတ်၊ တိရစ္ဆာန်တွေသတ် မလုပ်ကြပါနဲ့။



အာနန်(ဒ်) က ခေတဲ့သူတော့ မဟုတ်ပါဘူး။ Global Child Prodigy ဆိုတဲ့ ပါရမီရှင်တွေကို အသိအမှတ်ပြုတဲ့အဖွဲ့အစည်းက Global Child Prodigy Awards 2020 ဆုရခဲ့သူလည်းဖြစ်တယ်။ဒါကတော့ သူ့ရဲ့ ကိုဗစ် ဟောကိန်းတွေပါ။ အခြား ကမ္ဘာ့ နိုင်ငံရေး၊ စီးပွါးရေးတွေ ဟောကိန်းထုတ်ပြီး ဖြစ်မလာတာတွေ၊ မှားတာတွေလည်း အများကြီးရှိပါတယ်။ ယုံကြည်တာ မယုံကြည်တာ၊ လက်ခံတာ လက်မခံတာထက် သတိဆိုတာ ပိုတယ်ရယ်လို့မရှိဘူးမို့..။ သူက ၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီလကုန်၊ မတ်လအထိ လူတွေအတော်ဒုက္ခရောက်မယ်လို့ဆိုတယ်။

မရွှေမိုး (ကိုရီးယား)