အမေဖြစ်သူထံဝိဉာဉ်ပူးပြီး အကူညီတောင်းမှသိလိုက်ရတဲ့စိတ်မကောင်းစရာအဖြစ်ဆိုး

မြိတ်မြို့၊ငွေပုလဲရပ်၊မွေးမြူရေးဇုံတွင်လူသတ်ပြီးအလောင်းဖျောက်ထားသည်ကိုအသတ်ခံရသူကအမေဖြစ်သူထံဝိဉာဉ်ပူးပြီးအကူညီတောင်းရာမှအမှုအားဇန်နဝါရီ၃ရက်တွင်ဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။



မြိတ်မြို့၊မြိတ်တောင်ကျေးရွာအုပ်စု၊ငွေပုလဲရပ်၊မြို့ပတ်၂လမ်း၊မွေးမြူရေးဇုန်ရှိခြံအမှတ်၉တွင်ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့်ဦးအောင်မိုးဆွေပျောက်ဆုံးနေသည်မှာတစ်လခန့်ကြာမြင့်ပြီဖြစ်သောကြောင့်အစ်ကိုဖြစ်သူကရန်ကုန်မြို့တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်မှမြိတ်မြို့သို့လာရောက်ကာရဲစခန်းတွင်တိုင်ချက်ဖွင့်ပြီးတစ်ရက်အကြာတွင်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။


“ကျွန်တော်တို့ဆီကိုဇန်နဝါရီလ၂ရက်နေ့မှာလူပျောက်တိုင်ချက်လာဖွင့်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်ကိုသွားရောက်စုံစမ်းကြည့်တော့ဘေးပတ်ဝန်းကျင်ကလူတွေကလည်းအဲဒီခြံထဲမှာတစ်ခုခုဖြစ်နေကြောင်းမသင်္ကာဖြစ်နေတယ်လို့သိရတယ်။



ကျွန်တော်တို့ခြံထဲဝင်စစ်ဆေးကြည့်ပြီးအလောင်းမြှုပ်ထားနိုင်တယ်လို့မသင်္ကာဖြစ်တဲ့နေရာကိုသက်သေတွေနှင့်တူးဖော်ရာကနေအလောင်းကိုတွေ့ရှိခဲ့တာပါ။ဝိဉာဉ်ပူးပြီးဖော်ထုတ်တယ်ဆိုတာကတော့ကာယကံရှင်တွေပဲသိမှာပါ။ကျွန်တော်တို့ကဥပဒေပိုင်းအရဆောင်ရွက်တာပါ” လို့မြိတ်မြို့မရဲစခန်းမှတာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးမှပြောကြားခဲ့သည်။



ဦးအောင်မိုးဆွေကအမေဖြစ်သူထံဝိဉာဉ်ပူးအကူညီတောင်းဆိုမှုကြောင့်အလောင်းကိုခြံထဲတွင်မြှုပ်နှံထားသည်ကိုသိရှိခဲ့ခြင်းဖြစ်ကြောင်းအသတ်ခံရသည့်ဦးအောင်မိုးဆွေ၏အကိုဖြစ်သူဦးထင်အောင်စိုးကပြောကြားခဲ့သည်။


“ကျွန်တော့်အမေကိုဝိဉာဉ်ဝင်ပူးပြီးညီလေးကပြောတာပါ။ဇန်နဝါရီလ၂ရက်နေ့ကကျွန်တော်ကမြိတ်ကိုရောက်နေပါပြီ။မှော်ဘီမှာရှိတဲ့ကျွန်တော့်အမေကိုဝိဉာဉ်ဝင်ပူးပြီးညီလေးကအသတ်ခံရကြောင်းသူဘယ်မှမသွားပဲခြံထဲမှာရှိကြောင်းသူ့ကိုကူညီပေးပါလို့ပြောတယ်။အိပ်မက်လည်းရပါတယ်။အဲဒါကိုအမေကကျွန်တော့်ဒေါ်လေးကိုပြောပြတာဒေါ်လေးကကျွန်တော့်ဆီဖုန်းလှမ်းဆက်ပြီးအဲဒီအကြောင်းပြောပြတာပါ။


ကျွန်တော်မြိတ်ရောက်တော့ကျွန်တော့်ညီဘယ်မှာလဲလို့မေးတော့ခြံအလုပ်သမားတွေကထားဝယ်ဘက်သွားနေတယ်လို့ပြောတယ်။ဖုန်းထဲမှာလည်းသူမသေခင်တုန်းကခရီးထွက်စရာရှိကြောင်းတစ်လလောက်ကြာမယ်လို့လည်းmessage တွေပို့ခဲ့တယ်။ကျွန်တော်ကမသင်္ကာလို့ရဲစခန်းမှာလူပျောက်တိုင်ချက်ဖွင့်ထားခဲ့တယ်” ဟုအသတ်ခံရသူ၏အစ်ကိုဖြစ်သူဦးထင်အောင်စိုးမှပြောကြားခဲ့သည်။


“အလောင်းမတွေ့ခင်မှာကျွန်တော်ဆီဖုန်းဝင်လာပါတယ်။ဦးထင်အောင်စိုးရဲ့ဖုန်းဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်ကြားလိုက်ရတာကတော့ကျွန်တော့်သူငယ်ချင်းအောင်မိုးဆွေ(အသတ်ခံရသူ)ရဲ့အသံဖြစ်နေတယ်။သူ့ရဲ့ဖုန်းပြောတဲ့ပုံစံအတိုင်းဟဲလိုအောင်မိုးဆွေပါလို့ပြောပါတယ်။ပြီးတော့ငါတော့ဒီမှာဒုက္ခရောက်နေပြီ။



ငါ့ကိုမင်းနဲ့ဇော်ကိုဦး(နောက်သူငယ်ချင်းတစ်ဦး) ပဲကယ်လို့ရတော့မယ်။ငါ့ကိုခြံထဲမှာမြုပ်ထားကြတယ်လို့ငိုသံနှင့်ပြောပါတယ်။ကျွန်တော်လည်းအရမ်းအံ့သြသွားတယ်။နောက်တော့သူ့အစ်ကိုဦးထင်အောင်စိုးကိုမေးကြည့်တော့သူဖုန်းခေါ်တာမှန်ပါတယ်။


ဒါပေမယ့်ဖုန်းဝင်တဲ့အသံပဲကြားနေရတယ်ဖုန်းတောင်မပြောရသေးဘူးလို့ပြောပါတယ်။ဖုန်းဝင်တဲ့အသံကိုတစ်ဖက်ကကြားနေရပေမယ့်ကျွန်တော့်ဆီမှာကတော့အောင်မိုးဆွေရဲ့အသံကိုအတိုင်းသားကြားနေရတာပါ။ဒါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတာပါ” လို့ကိုအောင်မိုးဆွေ၏သူငယ်ချင်းဖြစ်သူဝတုတ်(ခ) ကျော်ဝင်းရှိန်မှပြောကြားခဲ့သည်။



“ခြံထဲကလက်ရှိအလုပ်သမားတွေကိုခေါ်ယူစစ်ဆေးပြီးပါပြီ။ပြစ်မှုကျူးလွန်တဲ့ဇင်ကိုထိုက်(၁၇) နှစ်ကိုမိထားပြီးပါပြီ။အဓိကတရားခံလို့ယူဆရတဲ့ရဲမင်းဆွေဆိုသူကိုအခုလိုက်လံဖမ်းဆီးနေပါတယ်။အလုပ်ထဲကထုတ်ခံထားရတာကိုအကြောင်းပြပြီးဖြစ်တာလို့ပြောတယ်။မိထားတဲ့သူကတော့ဝန်ခံထားပြီးပါပြီ။ဗိုက်ကိုဓားနှင့်ထိုးတယ်။ပြီးတော့လည်ပင်းကိုလည်းဓားနဲ့ထိုးထားပါတယ်။ပြီးတော့မြန်မာဘီယာကြော်ငြာဗီနိုင်းစနဲ့ပတ်ပြီးခြံထဲမှာမြှုပ်ထားခဲ့တယ်။ပတ်ဝန်းကျင်ကိုလည်းအလုပ်ရှင်ခရီးထွက်နေတယ်လို့ပြောပြီးသူတို့ကဟန်မပျက်ပုံမှန်လုပ်ငန်းလုပ်နေကြတယ်။အခုတစ်ယောက်ထွက်ပြေးနေလို့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေလိုက်ဖမ်းနေပါတယ်” ဟုမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။


အဆိုပါအမှုနှင့်ပတ်သက်ပြီးမြိတ်မြို့မရဲစခန်းမှ(ပ) ၁၂/၂၀၁၆၊ပြစ်မှုပုဒ်မ၃၀၂၊၂၀၂၊၁၁၄တို့ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။


Credit:Golden Light ( ရွှေရောင်အလင်းတန်း)( S – H ) Media