၃ နှစ်အရွယ်သားလေးရဲ့ အသက်ကို နုတ်ယူသွားတဲ့ ရွှေကြယ်သီး တစ်လုံး (ဖြစ်ရပ်မှန်)

”ဆရာမရယ် ကျွန်မသားလေးကို ကယ်ပါဦး”ကလေး မျက်စိထဲ ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ပြန်အလှည့်မှာ ကလေးအမေရဲ့ ငိုသံစွက်နေတဲ့စကားကြောင့် သက်ပြင်းခိုးချလိုက်မိတယ်။

ကလေးရဲ့ သူငယ်အိမ်က တုန့်ပြန်မှုမရှိ … ကျယ်နှင့် ပြီ။ ကလေးရဲ့ ဦးနှောက်က သေနှင့်ပြီ ဆိုတဲ့အကြောင်း ဘယ်လိုအင်အားနဲ့ ရှင်းပြရပါ့။

ခုန်ပေါက်ပြေးလွှားဆော့ကစားနေတဲ့ သားဖြူတုတ်လေး နာရီဝက်လောက်အတွင်း ဒီလိုအဖြစ်ဆိုးမျိုးကြုံရမယ်လို့ ဒီအမေ ဘယ်ထင်မိပါ့မလဲ။

တရားခံက သိပ်လှတဲ့ ”ကြယ်သီးလေးတလုံး”

ကလေးအမေက အဝတ်လျှော်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ သားကလေး ကစားနေတယ်။ အဝတ်လျှော်ခါနီး အဖေလုပ်သူရဲ့ ရှပ်အကျီက ရွှေကြယ်သီးလေးကို အမေက တီဗီစင်ပေါ် တင် ထားလိုက်တယ်။

ခဏနေတော့ ကလေးက တဂစ်ဂစ်နဲ့ လဲကျသွားတာတွေ့လိုက်ရတယ်။ အမေမှာ ထမီရင်လျားနဲ့ အူယားဖားရား ပြေးလာကြည့်လိုက်တော့ သားကလေးက မျက်ဖြူလန်ပြီး သတိလစ်နေပြီ။

တီဗီစင်ပေါ်မှာ ကြယ်သီး လေးကို မတွေ့ရတော့။အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး ကလေးကို ဆေးရုံကို အမြန်ဆုံးခေါ်လာခဲ့။

အရေးပေါ်ဋ္ဌာနက ဆရာဝန်တွေ ကလေးရောက်လာချင်း လည်ချောင်းထဲကြည့်တဲ့မှန်ပြောင်းနဲ့ကြည့်လိုက်တော့ လေပြွန်အဝမှာ တစ် နေ တဲ့ ကြယ်သီးကိုတွေ့။ အလျင်အမြန်ထုတ်။

ပြီးတာနဲ့ အသက်ရှုပိုက်ထည့်။နှလုံးနဲ့အဆုတ်ကို ပြန်အလုပ်လုပ်အောင် အသက်ကယ်နည်းတွေနဲ့ကုသ။ ဒါတွေအားလုံးပြီးတော့ အထူးကြပ်မတ်ကုသဆောင်ကိုပို့။အသက်ရှူစက်တ င်။ နှလုံးပြန်ခုန်လာ။

အသက်မရှူတာကို အသက်ရှူစက်က ရှူပေးနေ။ လိုအပ်တဲ့ဆေးဝါးတွေနဲ့ အကြောဆေးတွေပေးထား။အောက်ဆီဂျင်ပြတ်လပ်တာကို ငါးမိနစ်ထက်ပိုမခံနိုင်တဲ့ ဦးနှောက်ဆဲလ်တွေက ထကြွ သောင်းကျန်း။

တ ဒိုင်းဒိုင်းနဲ့ အကြောတက်။အကြောတက်တာ ရပ်တော့ ဘာအလုပ်မှ မလုပ်တော့။ ဦးနှောက်သေပြီ။ ထိန်းချုပ်အမိန့်ပေးမယ့် ဦးနှောက်သေမှတော့ အနှေးနဲ့အမြန်နှလုံးခုန် တဖြည်းဖြည်းရပ်တော့မယ်။

တခြားအင်္ဂါတွေ အလုပ်လုပ် တာ တဖြည်းဖြည်းရပ်တော့မယ်။”နက်ဖြန်ဆို သားလေးရဲ့ သုံးနှစ်ပြည့်မွေးနေ့ပါ ဆရာမရယ် …” အခြေအနေအရပ်ရပ်ကို ရှင်းပြပြီးတဲ့အခါ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရင်း ပြောရှာတယ်။

လူ့လောကထဲ သုံးနှစ်ပဲ နေခွင့်ရရှာတဲ့ က လေး ရယ် … နောင်ဘဝ ဒီလို အဖြစ်မျိုး ဝေးပါစေ ကွယ်။ ။လတ်တလော ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။

”Chocking လည်ချောင်းထဲ တစ်ဆို့ခြင်း” ကို မိဘများ သတိပြုနိုင်အောင် ရင်နာနာနဲ့ရေးရပါတယ်။

အမေကို ခွင့်တောင်းပြီး ရိုက်ထားတဲ့ ကြယ်သီးလေးပါ။

ချစ်စရာရင်သွေးငယ်တို့ ဘေးကင်းကြပါစေ။

ရေးသားသူ – ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)