ဘုရားရှိခိုးပြီးတဲ့ အခါတိုင်း ကြေးစည်တီးရတဲ့ ရည်ရွယ်ချက် နှင့် အကြောင်းရင်း အမှန်

ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီးပြီး အမျှပေးဝေပါ။

“ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ဟာ

ရောက်လေရာ တောရများမှာ”ဆွမ်းခံတဲ့အကျင့်”ရှိခဲ့တဲ့အတိုင်း “နတ်တလူတောရ”သို့ ကြွရောက်စဉ်မှာပင် ပတ်ဝန်းကျင်ဂေါစဂါမ်ရွာများမှာ “ဆွမ်းခံကြွ”တော်မူ ပါတယ်။

“ဆရာတော်ဘုရားကြီး”-“နတ်တလူတောရ”ကို ပြောင်းကြွလာတဲ့ သတင်းကြားတာနဲ့

ရပ်ဝေးက လိုက်လာတဲ့ တပည့်သာဝကတွေလည်း “ဆရာတော်ဘုရားကြီး”ချွေး မတိတ်မီ အလုအယက် ဖူးမြော်ကြပါတယ်။

“ဆရာတော်ဘုရားကြီး”က”မေတ္တာပြုံး”ဖြင့် အားလုံးကို နှုတ်ဆက်ပြောဟောနေစဉ်…

“ဆရာတော်ဘုရား… ဆွမ်းခံကြွတာ ဘာလိုပါသေးလဲ ဘုရား။

တပည့်တော်တို့က ခုမှ ဆရာတော့်နောက်လိုက်ရတာဆိုတော့ ဘာလိုလို့ လိုမှန်း မသိသေးလို့ပါဘုရား”-လို့

“ဒေသခံလူကြီးတစ်ဦး”က မေးလျှောက်ပါတယ်

သူမေးတာက စိတ်ဝင်စားစရာကောင်းပါတယ်။

“လိုတာပေါ့ဗျ။ ကြေးစည် လိုတယ်၊ ကြေးစည်”

“ဆရာတော်ဘုရား”အမိန့်ရှိမှ ရပ်ထဲရွာထဲ “ရဟန်းသံဃာနဲ့ ကိုရင်ကလေး”တွေ ဆွမ်းခံကြွလာစဉ် ကြားရလေ့ရှိတဲ့ “ကြေးစည်သံတလွင်လွင်”ကို အောက်မေ့မိနေပါတယ်။

ပြီးတော့ “ကုသိုလ်ကောင်းမှုပြုပြီးတိုင်း “ကြေးစည်”တီးပြီး “မေတ္တာပို့, အမျှဝေ လေ့ရှိ”တာကိုလည်း သတိရလာပါတယ်။

“ဘာဖြစ်လို့ “ကြေးစည်”လိုတာလဲဗျ။ “ကုသိုလ်ကောင်းမှု”တွေပြု.ပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ”

“ဆရာတော်”အမေးရှိလိုက်ပေပြီ။

ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။ “ဆရာတော် ဘုရားကြီး”က –

“ကြေးစည် သံကြားရင် စိတ် ထဲ အေး မသွားဘူးလား။

ရဟန်းသံဃာ တွေ ဖူး လိုက်ရရင်ကော အေး မသွားဘူးလား။

တရားနာ လိုက်ရတော့လည်း အေး မသွားဘူးလား။

“ကြေးစည်”ဆိုတာ “အေးတာ”ကို “ကိုယ်စားပြုတာ”…

“ကိလေသာအပူမီး”တွေ ဝိုင်းနေတဲ့ လူ တွေကိုအအေးဓါတ်၊ အငြိမ်းဓါတ်၊ နိဗ္ဗာနဓါတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ။

ပြီးတော့ “ကြေး”ဆိုတဲ့ သတ္တုကအလွန်အေးတာ။ ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ “ကြေး”ဖြစ်လာတာ။

ဒါကြောင့် “ကြေးစည်သံများ”မကြားလိုက်နဲ့….. တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။ ဓါတ်ရိုက်တာ၊ဓါတ်ကူးတာပေါ့”-လို့ ရှင်းပြလိုက်တော့မှ အားလုံးသဘောပေါက်သွားပါတယ်။

“ကြေးစည်သံကြားရင် ခွေး ဘာကြောင့်အူရသလဲ” “ဆရာတော်ဘုရားကြီး”က ဆက်ပြီးတော့ မေးပြန်ပါတယ်။

“ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး, ခွေးတွေက ဘာလို့ အူရတာတုန်းဗျာ…”

ကျွန်တော်တို့ မဖြေနိုင်ကြပါ။ “ကြေးစည်-က “အအေး”၊ “ခွေး”က “အပူ”ဗျ။

“ခွေး”များ ဘယ်လောက်”ပူ”တုန်းဆိုရင် “ခွေးသားစားမိသူ”ဟာ ပူလွန်းလို့ ရေချိုး ရေစိမ် လုပ်နေရဆိုပဲဗျ…”

“မှန်ပါဘုရား”

“အလွန်ပူတဲ့ ခွေး ဟာအလွန်အေး တဲ့ ကြေးစည်သံကြားတော့ ခံစားမှု တစ်မျိုး ဖြစ်ပေါ်လာပြီး အူတော့တာပါပဲဗျာ…”

“ဆရာတော်ဘုရား” ရှင်းပြတာကို ပရိသတ်ဘဝင်ကျသွားပါတယ်။

ဒါလည်း အပူ နဲ့ အအေး ဓါတ်ချင်း ထိခတ်တုံ့ပြန်မှုတစ်မျိုးလို့နားလည် မှတ်သားခဲ့ရပါတယ်။

#Credit – မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအားဦး

ကြေးစည် ဆိုတာ… သူတော်ကောင်းတို့၏ နားတွင် အေးမြသော အသံရှိ၏။

သူယုတ်မာ (နာနာ ဘာဝ)တို့၏ နားတွင် ပူလောင်သော အသံရှိ၏။

ကောင်းသော သူတို့သည် သာဓုခေါ်ပြီး မကောင်းသော သူတို့သည် အဝေးသို့ ပြေး၏။

ကြေးစည်သည် အအေးဓာတ်ကို ပေးသဖြင့် ကိလေသာအပူကို ငြိမ်းစေပါတယ်။

မိမိမှာ…ကံဆိုးနေပြီ ကံ ညံ့နေပြီ ထင်လျှင်တော့ ပို၍ တီးသင့်ပါသည်။

ဒီလို တီးခြင်းဟာ… ကိုယ့်ကို မကောင်းကြံမဲ့ သူတွေကို ဝေးကွာ သွားစေပါတယ်။

အမျှဝေရာတွင်လည်း လူ၏ အသံအားဖြင့် အမျှဝေသည့်အခါ အဝေးသို့ မရောက်နိုင်ပါဘူး။

ကြေးစည်ကသာ အဝေးသို့ ပဲ့တင်သံဖြင့် သွားနိုင်ပါတယ်။

အဝေးတွင်ရှိသော နတ် လူတို့ ကြားနိုင်သလို သာဓုလည်း ခေါ်နိုင်တယ်။

ကြေးစည်တီးပြီး မေတ္တာပို့ အမျှဝေလျှင် ပို၍ ထိရောက်ပါသည်။

ထို့ကြောင့်… ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီး၍ အမျှဝေပါ။

Credit – အရှင်ပုည( ဝကုန်း )