မနက်အိပ်ယာ နိုးတဲ့အခါတိုင်း ရေနွေးပူပူလေး တစ်ခွက်သောက်ရင် သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်လာမယ်

လူတော်တော်များများမှာ အယူအဆမှားနေတာလေးတွေ ရှိတတ်ကြပါတယ်။

ဥပမာ-မနက်စောစောအိပ်ရာထတာနဲ့ စိတ်အာရုံလန်းဆန်းအောင် ကော်ဖီပူပူ၊လက်ဖက်ရည် ပူပူလေးတွေ သောက်ချင်ကြတာမျိုးပေါ့။

ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှသိပ်မသောက်ချင်ကြဘူး။ သောက်ရင်လည်းရိုးရိုးရေ မဟုတ်ပဲ ရေခဲရေမှ သောက်ချင်သူတွေကလည်း အများသားလား။

အေးမှ သောက်ချင်တာ လူ့သဘာဝပါ။ ငယ်စဉ်ကာလ ကလေးဘဝကတည်းက ရေအေးတိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လည်းပါလိမ့်မယ်။

အသက်ကြီးလာပြန်တော့လည်း ရေဆိုအေးမှ သောက်တဲ့အကျင့်ရလာပါတယ်။

ဒီလိုဆိုရင် ရေအေးသောက်တာ မကောင်းဘူးလား။ ကျန်းမာရေးဆိုးကျိုးရှိလို့လား။ရေပူနဲ့ ရေအေး ဘာကွာခြားလဲမေးစရာ ရှိပါတယ်။

အပေါ်ယံကြည့်ရင်တော့ ရေတိုင်းနီးပါးအတူတူပါပဲ။ ရေရဲ့ အဓိကအာနိသင်က ဆဲလ်တွေရဲ့ သယ်ယူပို့ဆောင်မှု၊လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့သာဖြစ်တယ်။

ရေမှာ စွမ်းအင်၊အာဟာရဓာတ် မည်မည်ရရ မပါဝင်ပေမယ့် သတ္တုဓာတ်တွေတော့ ပါဝင်တတ်ကြတယ်။

ရေအရင်းအမြစ်ပေါ်လိုက်ပြီး သတ္တုဓာတ်(သံဓာတ်၊ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်) ပါဝင်မှုပြောင်းလဲနိုင်ပါတယ်။

ဒါလည်း အဓိကတော့ သိပ်မကျပါ။ ရေရဲ့ အပူဓာတ်၊အအေးဓာတ်သဘာဝပေါ် အခြေခံပြီး ကျန်းမာရေးအကျိုးရလာဒ်တွေ ပြောင်းလဲသွားတယ်။

ရေကိုအပူပေးတဲ့အခါ အထဲမှာပါတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားတယ်။ ရေနွေးရဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်အပူချိန် မြှင့်တက်လာစေတယ်။

သွေးလည်ပတ်မှုအားကောင်းပြီး ချွေးထွက်များလာတယ်။ အဆိပ်အတောက်၊ပိုးမွှားတွေက အရေပြားကနေ ချွေးနဲ့အတူအပြင်ထွက်သွားတယ်။

ဒါ့ပြင် ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှု မြန်ဆန်စေပြီး အဆီပိုတွေ လောင်ကျွမ်းစေတယ်။ ကြွက်သားတွေကို ပြေလျှော့စေပြီး အာရုံကြောတွေကို နှိုးဆွပေးတယ်။

အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေမှာ ရေနွေးက ပိုအသုံးဝင်တယ်။ အအေးမိ၊နှာစေး၊လည်ချောင်းနာ၊ချောင်းဆိုး၊အသံဝင်ခြင်းအတွက် ရေနွေးရဲ့ အာနိသင်က ထိရောက်တယ်။

သလိပ်ပျော်စေပြီး ချွဲထွက်စေတယ်။ နှာခေါင်းပိတ်ခြင်းကို သက်သာစေတယ်။

အသက်ရှုလမ်းကြောင်းကို ရှင်းလင်းစေတယ်။ အဖျားရောဂါတွေမှာ ရေနွေးက ရေအေးထက် ပိုကောင်းတယ်။

ဗမာဆေးတွေသောက်တဲ့အခါ ရေနွေးနဲ့သောက်ခိုင်းတာ ဒီအာနိသင်ကို ရရှိစေဖို့ဖြစ်တယ်။

သို့သော် အင်္ဂလိပ်ဆေးတွေမှာတော့ ရေနွေးနဲ့မသောက်ပဲ ရိုးရိုးရေအေးနဲ့သာ သောက်ပေးသင့်တယ်။

အပူက ဆေးရဲ့အာနိသင်ကို ပြောင်းလဲစေတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်စတာတွေနဲ့ တွဲသောက်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။

အသက်ရှည်သူတွေကို လေ့လာကြည့်တဲ့အခါမှာလည်း အများစုဟာ ရေအေးမသောက်ဘဲ ရေနွေးကိုသာ စွဲစွဲမြဲမြဲ သောက်ကြတာ တွေ့ရပါတယ်။

သီအိုရီအရ အစာစားပြီး ရေအေးသောက်တဲ့အခါ အစားအသောက်နဲ့ ပါလာတဲ့ အဆီလေးတွေကို ခဲသွားစေတယ်။ အဲ့ဒီအဆီခဲလေးတွေဟာ အူနံရံမှာ တွယ်ကပ်တဲ့အခါ အူလမ်းကြောင်း ကင်ဆာကို ဖြစ်ပေါ်စေတယ်။

မနက်စောစော အိပ်ရာထမှာ ရေနွေးသောက်ပေးခြင်းကို အထက်ပါဆိုးကျိုးတွေကို ကာကွယ်နိုင်တယ်လို့ဆိုတယ်။

လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုးရေနွေး(လက်ဖက်ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။

အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တစ်နေ့တာအစာခြေဖို့အတွက်အခြေခံကောင်းတခုဖြစ်တယ်လို့ ယူဆကြတယ်။

အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။

တချို့ကလည်း အာနိသင်ပိုကောင်းအောင် ပိုလီဖီနော(polyphenol)ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။

ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊အရသာကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာပါဝင်တဲ့ ပက်တင်(pectin)အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။

အူလမ်းကြောင်းမှာရှိတဲ့ အစာဟောင်းတွေကို စွန့်ထုတ်ပေးတယ်။ အဆီပိုတွေကိုလည်း ကျဆင်းစေတယ်။

တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။

ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ်။ သံပုရာက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။

ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။

ရှောက်သီးကတော့ နည်းနည်းပိုခါးတယ်။ ဒါပေမယ့် ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။

ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆပိုများတဲ့ သံပုရာသီးက အောက်ကို နှစ်မြှုပ်သွားမယ်။သိပ်သည်းဆသိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါလောပေါ်နေတာ တွေ့ရတယ်။

ဒါက သံပုရာသီးလား၊ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။

ရေနွေးသောက်တဲ့အခါ ရှောက်သီး(သို့)သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။

သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။

ရေသောက်တဲ့အခါ တထိုင်တည်းနဲ့ အများကြီးကုန်အောင် သောက်တာမျိုးလည်း မလုပ်အပ်ဘူး။

ပျို့ချင်၊အန်ချင်၊ရင်ပြည့်ရင်ကယ်ဖြစ်စေတယ်။ အစာခံပြီး ဆီးသွားများစေတယ်။ ပိန်ချင်သူတွေကျတော့ ဒီအချက်ကိုသုံးတယ်။

တချို့က မစားခင်နာရီဝက် ရေကြိုသောက်ပြီး ဗိုက်တင်းစေတယ်။ လူနာတွေထဲမှာ မနက်စာလုံးဝမစားပဲ ရေနွေးတခွက်သောက်ပြီး ငှက်ပျောသီးတလုံးနဲ့ သိဒ္ဓိပြီးသူ တကယ်ရှိပါတယ်။

အံ့သြစရာအချက်က ၂-၃လလောက်ကြာတဲ့အခါ တကယ်အဆီကျလာတယ်။

သောက်စမှာ မလွယ်ကူပေမယ့် မကြာခင်အဆင်ပြေလာပါတယ်။

ဒါ့ကြောင့် ပိန်ချင်သူ၊ကျန်းမာချင်သူ မည်သူမဆို မနက်အိပ်ရာထ ရေနွေးတခွက်နဲ့စတဲ့အကျင့် လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် ။ ။

Credit. Dr အေးမင်းထူး

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))