မြန်မာ့ သမိုင်းထဲက သခွားသီးစားလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဘုရင်နှစ်ပါး အကြောင်း

ဒီ တစ်ခါတော့ မြန်မာ့ သမိုင်းထဲက သခွားသီး စားလို့ ဒုက္ခ များခဲ့တဲ့ ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတ အဖြစ်ပြောပြချင်ပါတယ်။ တစ်ပါး ကတော့ ပုဂံခေတ် က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မှ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။

တ စ်နေ့ သိန်းခိုမင်း ဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါ များနဲ့ လူချင်း ကွဲသွားခဲ့ ပါတယ်။ မောလည်းမော ရေ လည်း အလွန် ငတ်လှ ချိန်မှာ လူသူ မတွေ့ရတဲ့ သခွားခင်း တစ်ခင်းကိုတွေ့ပါတယ်။

ဝ မ်းသာ အားရနဲ့ သခွားခင်း ထဲဝင် ကာ သခွားသီး များကို အားရ ပါးရ စားပစ်ပါတယ်။

ဒါ ကို ယာရှင် က တွေ့ပြီး ဘုရင်ဟု မထင် သူခိုး ဟု ထင်ကာ တူရွင်း နဲ့ ခုတ်တာကြောင့် နေရာ မှာ တင် ပွဲချင်း ပြီး သွားပါတယ်။ အဖော်ကွဲ သွားသော နောက်လိုက် နောက်ပါ များ ရောက် လာမှ ပြည့်ရှင်မင်း ကို သတ် မိကြောင်း သိပါတယ်။

အဲဒီခေတ် က ဘုရင်ကို သတ်ရင် ဘုရင်ဖြစ် ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင် ဖြစ် သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။

သခွားသီးကြောင့် ဒုက္ခ များ ခဲ့တဲ့ နောက်မင်း တစ်ပါး ကတော့ သေတော့ မသေပါ သို့ သော် ယာရှင် နဲ့ နပန်း လုံးလိုက် ရပါတယ်။ သူကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရဲ့သားတော်ကြီးနောင်တော်ကြီး ခေါ် ဒီပဲယင်း မင်း ဖြစ်ပါတယ်။

နောင်တော်ကြီး ဟာ ဘုရင်ဖြစ်သော်လည်း မဝံ့ကြွား တတ်ပဲ နှိမ့်ချသော မာနဖြင့် ရိုးရိုးစား ရိုးရိုးနေ တတ် သူဖြစ်ပါတယ်။

ရံဖန် ရံခါ မိမိ ၏ နောက်လိုက် များနှင့် မန်ကျည်းတော ၊ မန်ကျည်းပင် အောက် များ၌ ဆား ၊ ငါးပိ စသည်တို့နှင့် မန်းကျည်းသီး များကို ထောင်းထု စားသောက်နေလေ့ ရှိပါတယ်။

မူးမတ် များက “ထိုသို့ စားခြင်းကို ရှောင်ကြဉ်တော် မှုပါ ၊ ဂုဏ်နှင့် မလျော်ပါ” ဟု လျှောက်တဲ့ အခါ “ငါ ဒီလို မန်ကျည်းသီး စားခြင်း ဟာ တိုင်းပြည်ကို တစ်စုံ တစ်ရာ ဝန်လေးပါ သလော” ဟုပြန်မေးပါတယ်။

“တိုင်းပြည် ၌ ကား ဝန်မလေးပါ” ဟု မူးမတ်တို့ ကလျှောက်သည့် အခါ “တိုင်းပြည် ဝန်လေး သည့် ကိစ္စ ကို ငါရှောင် အံ ၊ ဝန်မလေး သည့် ကိစ္စကို ကား မတားမြစ် လိုကြပါနှင့် ၊ ငါကြိုက်တတ်သည် ကို စားပါရစေ” ဟု အခွင့်ပန် ပြန်ပြောပါတယ်။

နောင်တော်ကြီးမင်း ဟာ ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံး တွင်ပြောင်း၍ စံလေ့ ရှိပါတယ်။ မြင်းကောင်းလည်း ရှိတာကြောင့် “ငါ စစ်ကိုင်းသွားဦး မည် ၊ ရွှေဘို သွားဦးမည် ” ဟု မိန့်ကာ မြင်းစီး ၍ ရုတ်တရက် ထွက်တော်မူ တတ်ပါတယ်။

နောက်လိုက်နောက်ပါ တို့မှာ ကပျာ ကသီမြင်းပြင် ၍ လိုက်သော် မမီသည် က များပါတယ်။

တစ်ခါသော် စစ်ကိုင်း မှ ရွှေဘိုသို့ အပြန် နောက်လိုက်နောက်ပါ တို့မှာ ဝေးလံစွာ ကျန်ရစ်ပြီး ရွှေဘို မှ ၁၄ မိုင် အကွာ ခေါ်တော အရပ် သို့ရောက်လာပါတယ်။

သခွားခင်း တစ်ခင်း ကိုတွေ့၍ ဆာလောင်နေသည် နှင့် မြင်းကို ယာခင်း အပြင်ဘက်တွင် ချိတ်ကာ ယာရှင်ယောကျ်ား ထံ သခွားသီး စားပါရစေ ဟု ကောင်းမွန်စွာတောင်း၏။

ယာရှင် ကလည်း မင်းဖြစ်ကြောင်း မသိဘဲ “အလိုရှိသမျှ စားလေ ၊ အပင် ၊ အနွယ် ၊ အကင်း တို့ကိုကား မပျက်စေနှင့် ” ဟု ဆိုပါ တယ်။

နောင်တော်ကြီးကာ သခွားသီး ကို ဖြတ်၍ မဆွတ် ပဲ ဆွဲ၍ ဆွတ် သဖြင့် အပွင့် ၊ အကင်း တို့ အတန်ငယ် ပျက် သွားပါတယ်။ ယာရှင်မြင်သော် “နင်က စားရုံ စား ၊ မဖျက်ပါနှင့် ဟု ငါပြောလျက် ဖျက် ရသလော ” ဟု ဒေါသဖြစ်ကာ သတ်မည် ပုတ်မည် ပြုပါတယ်။

နောင်တော်ကြီး ကလည်း တစ်စုံတစ်ရာ အမျက်မထွက်ပဲ “နင်ယောကျ်ားကောင်း ဆိုသော် သတ်ကြအံ့” ဟု ဆို၍ နှစ်ယောက် သားလုံးထွေး သတ်ပုတ်ကြပါတယ်။

ကျန်းမာ သန်စွမ်းသော နောင်တော် ကြီးအား ယာရှင် မနိုင်ပါလေ ၊ အခါခါအောက်ကျ၏ ။ အတန်ကြာသော် ယာရှင်လည်း မောလှတာကြောင့် ဘာမှ မတတ်နိုင်ပဲ ဘယ်လိုလူလဲ တွေးကာ ထိုင်ကြည့်နေရ ပါတယ်။ နောင်တော်ကြီးကား ပြုံးပြုံးရယ်ရယ် နှင့် သခွားသီး စားမြဲစားနေပါတယ်။

ထိုစဉ် ယာရှင် ၏ မိန်းမ ထမင်းပို့ရောက်လာတာ ကို နောင်တော်ကြီး တွေ့တော့ “ယောက်ဖ ၊ ငါလည်း ထမင်းစား ပါရစေ” ဟု ခွင့်တောင်းရာ ယာရှင်လည်း ဒေါသ ထွက်နေတာကြောင့် “မစားရဘူး ၊ နင့်ကို မကျွေးနိုင်” ဟု ဆိုပါတယ်။

ယာရှင် မိန်းမက မိမိယောကျ်ားအား လက်ကုတ်ကာ “ယာ အပြင်ဘက်မှာ ရွှေ ကတောင်နှင့် မြင်းကောင်း တစ်စီး ချိတ်ထား သည်ကို ငါတွေ့ခဲ့သည်။ လူသာမည မဟုတ် ၊ မင်းဖြစ်ပုံရသည် ၊ တွေ့ကရာ မပြောနှင့်” ဟု တီးတိုးပြောပါတယ်။

နောက်လိုက်နောက်ပါ တို့မီလာ၍ ရှေ့တော်တွင် ဒူးထောက်ကြမှ မင်းဖြစ်ကြောင်း သိရှိကာ ကြောက်လန့် ကုန်ပြီး ရှိခိုးတောင်းပန်ပါတယ်။ နောင်တော်ဘုရား လည်း ပြုံးရယ်လျက် ” သင်တို့က တောင်းပန်ရန် မရှိ ၊ သင့် သခွား ကိုလည်း ငါ စားရသည်။ သတ်ပုတ်ကြသည် မှာလည်း သဘော တူဖြစ်သည်။

ငါကား မင်းဖြစ် သည် မှန်၏။ သို့သော် မကြောက်လင့်။ ယခု သင် ၏ သခွား များသည် အလွန် အရသာရှိ၏။ ငါ စံရာ ရွှေဘိုသို့ တစ်ခါ လောက် လာရောက် ဆက်ပါဘိ ” ဟု မိန့်တော်မူပါတယ်။

လ အတန်ကြာသော် ယာရှင် သည် ကောင်းနိုး ရာရာ သခွားသီး များကို ဆွတ်ခူး ထမ်းဆောင်လျက် ရွှေဘို သို့ သွားရောက်၍ နောင်တော် ကြီးဘုရား အား ဆက်သလေ၏။

နောင်တော် ဘုရား လည်း ယာရှင်ကို မမေ့ ဘဲ အလိုရှိရာ ကိုတောင်းစေတဲ့ အခါ သူကြီးရဲ့အာဏာပြမှုကို မကြာခဏခံနေရတဲ့ ယာရှင်က ” သူကြီး ၏ အာဏာ မှ လွတ်လိုပါသည် ” ဟုလျှောက် တင် ပါတယ်။

” ဤ အတွက်ကား ရစိမ့်မည် ၊ အခြား အလိုရှိသည် ကိုလည်း တောင်းဦးလော့ ” ဟု မိန့်သော် လည်း ဤ တစ်ခုကိုရလျှင် ကျေနပ်သော ယာရှင်သည် မည်သည့်ဆုကိုမှ ထပ်၍ မတောင်းတော့ တာကြောင့် သူကြီး အာဏာ မှ လွတ်စေမည့် စာချွန်လွှာကို လက်မှတ် ထိုးကာ ယာရှင် ရဲ့ကျေးဇူး ကို ဆပ်လိုက်ပါတော့တယ်။

ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။ နောင်တော်ကြီးဘုရားနတ်ရွာစံပြီး နှစ်အတန်ကြာပြီးတဲ့နောက် ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်မှာ မင်းကြီးဟာ ယာရှင်ရဲ့ ယာဘက်ကိုရောက်ပါတယ်။ 

ရောက်တဲ့အခါမှာ နောင်တော်ရဲ့လက်ရေးနဲ့ စာချွန်လွှာကိုတွေ့ပြီး အမှတ်တရသိမ်းချင်လို့ ယာရှင်ထံကနေတောင်းပါတယ်။ ယာရှင်က မပေးပဲ အကြောက်အကန်ငြင်းပါတယ်။

နောက်ဆုံးမှာ ဘိုးတော်ဘုရားက ယာရှင် အား “ငါလည်းဘုရင်ပါပဲကွယ် ၊ ဒီလိုအမိန့်မျိုးငါပြန်ရေးပါမယ် ၊ နောင်တော့်ရဲ့စာချွန်လွှာတော့ငါ့ကိုပြန်ပေးလိုက်ပါ” လို့ မိန့်တော့မှ ယာရှင်က သဘောတူပါတယ်။ မင်းကြီးရေးပေးခဲ့တဲ့ စာချွန်လွှာကြောင့် ယာရှင်ဟာ တစ်သက်လုံး သူကြီးရဲ့ဆင့်ခေါ်မှုကင်းလွတ်ခွင့်ရပြီး အေးချမ်းစွာနေသွားရပါတယ်။

ကိုးကား- မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – အမျိုးသားပညာဝန် ဦးဖိုးကျား

မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့် မြန်မာ့စွယ်စုံကျမ်း

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners