နင်းပြားဘဝမှ ကုန်းထခြင်း “ကျွန်တော့် ဘဝ ဖြစ်ရပ်မှန်”

နင်းပြားဘဝမှ ကုန်းထခြင်း

ကျွန်တော့်ကို မြင်းခြံ မြို့နယ်၊ ခေါင်းကွဲရွာတွင် မွေးခဲ့သည်။ ကျွန်တော့်အဖေသည် ဆေးရွက်ကြီးစိုက်သော တောင်သူ၊ ကျွန်တော့် အမေသည် မြို့သူ ဖြစ်ပြီး အဖေ နှင့်ရမှ ခေါင်းကွဲတွင် လိုက်နေကာ တောင်သူ အလုပ်လုပ်ခဲ့ရသည်။

တောင်သူဆိုသည့် အတိုင်း အလွန်ပင်ပန်းသည်။ အလုပ် ကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရသည်။ နွား နှင့် ဖက်ရုန်း ရသည်။ ပင်ပန်း လိုက်သည်မှ လူရုပ်ပင် မပေါ်။ ပင်ပန်းသလောက် ပိုက်ဆံရပါ၏လား ဆိုတော့ နှစ်တိုင်း အရှုံးပေါ်သည်။

အဘယ်ကြောင့် အရှုံးပေါ်သနည်း ကို ရှင်းပြချင်ပါသည်။ ဆေးရွက်ကြီး ပွဲစားများ သည် တစ်နှစ်တွင် သုံး ရစ် (သို့) လေးရစ် ကြို ငွေ ထုတ်ပေးသည်။ ထုတ်ပေးသည့်ကြိုငွေ ကလည်း အတိုးလေး ပါသေးသည်။

ယင်းကြိုငွေရမှသာ တောင်သူတို့ လုပ်ငန်းစနိုင်သည်။ ထိုငွေဖြင့် ဆေးပျိုးပင်ဝယ်၊ စိုက်ပျိုးဆေးဝယ် ၊ အလုပ်သမားခေါ်စသည်ဖြင့် ဘာမှအရာ မထင်လိုက်၊ ဖြုတ်ခနဲ တန်းကုန် သွားသည်။ ကြိုငွေကုန်သွားသော် လက်ထဲပိုက်ဆံမရှိ။

ထိုအချိန် ပွဲစားကလည်း တန်းထုတ်မပေးနိုင်။ ထို့ကြောင့် ပိုက်ဆံ ရှိသော အခြားသူတွေဆီ ဟိုဆွဲ ဒီဆွဲ၊ ဟိုချေး ဒီချေး လုပ် ရပြန် သည်။ ဤသို့လျှင် အကြွေးပိ တစ်နှစ်၊ တစ်နှစ် အလုပ်သိမ်း၍ ပွဲစား နှင့် ပိုက်ဆံရှင်းလျှင် အပို ပိုက်ဆံတော့ မရ၊ အကြွေးစာရင်း စာရွက်တော့ ရ လာ သည်။

ပိုက်ဆံတော့မပို ၊နောက်နှစ် အကြွေးတော့ ပို သွား သည်။ ထိုကဲ့သို့ အကြွေး စာရင်း ပိုတော့ ပွဲစားကို ပြန် ဆပ်နိုင်ဖို့ အရေး မဖြစ်မနေ တောင်သူ လုပ်ရပြန်သည်။ နောက်နှစ် အကြွေးတင်ပြန်သည်။

ဤသို့လျှင် ဘဲဥအစရှာ မရသလိုဖြစ် နေသည်။ အကြွေး သံသရာ ထဲက မထွက်နိုင်တော့။ ကျွန်တော် တို့ မောင်နှမ သုံးယောက်လုံး ပညာတတ် ဖြစ်ခဲ့သည်မှာ အမေ၏ အမြင်ကျယ်မှု၊ အဖေ၏ အားပေးမှုကြောင့် သာဖြစ်ပါသည်။

မိဘကျေးဇူး အလွန်ကြီးမား လှပါသည်။ ကျွန်တော် သုံးတန်းနှစ် ကတည်း ကစ၍ စာဖတ်ခဲ့သည်။ စာဖတ် ဝါသနာက ကျွန်တော့်ကို များစွာ ပြု ပြင်၊ထိန်းကျောင်း ပေးခဲ့သည်။

၆ တန်း၊ ၇ တန်းနှစ်က ဆိုလျှင် စာအုပ်အငှါးဆိုင်သို့ နေ့တိုင်း မိကျောင်းစက်ဘီးလေး နှင့် သွား ၊ စာအုပ် (၅ ) အုပ်လောက်ငှားလာသည်။ အိမ်ရောက်တော့ ပက်လက်လှန်ပြီး စာဖတ်တော့သည်။ ထမင်းမေ့ ဟင်းမေ့ကို ဖတ် ခဲ့သည်။ စာစုံဖတ်ခဲ့ သည်။

ယုတ်စွ အဆုံး လမ်းဘေးမှာတွေ့သည့် သတင်းစာဖြတ်ပိုင်းက အစဖတ်ခဲ့သည်။ စာပေအပေါ် ရူးသွပ်ခဲ့သည်။ စာပေကနေ ခရီးတွေ ထွက်ခဲ့သည်။ လူတွေအကြောင်း သိလာခဲ့သည်။ စာပေ တွေကနေ စုံထောက် လုပ်တတ် လာခဲ့သည်။

ငယ်ငယ်တည်းက အိမ်တွင်အစစအရာရာ အဆင်မပြေမှန်း သိ၍ “ကိုယ့်ဝမ်းနာ ကိုယ်သာသိ “ဆိုသည့် အတိုင်း ဘဝ မမေ့ဘဲ ကြိုး စား ခဲ့သည်။ ပျင်းသည့် အချိန်၊ စာမလုပ်ချင်သည့် အချိန်တိုင်း ကောင်းကင်ကို မော့ကြည့်၍ ငါ စာမလုပ်ချိန်မှာ မိဘတွေ ဘယ်လောက် ပင်ပင် ပန်းပန်း ဆင်းရဲ ကြီးစွာ လုပ်နေရသလဲ။

ငါ စာလုပ် တယ် ဆိုတာ မိဘ တွေ ပင် ပန်းတာ နဲ့ ယှဉ်ရင် မပြောပလောက် ပါဘူးဆိုပြီး မိမိ ကိုယ် ကို အားပေးရင်း၊ မျက်ရည်ဝဲရင်း၊ အံကြိတ် ရင်း ကြိုးစား ခဲ့ရသည်။ကျွန်တော်သည် ညဏ်ကောင်းသည့် ကျောင်းသားမဟုတ်ပါ ။

အလွန် ကြိုးစားသည့် ကျောင်းသားသာ ဖြစ် ပါသည်။ သူများအိပ်ချိန်မှာ မအိပ်ဘဲ ကြိုးစား ခဲ့သည်။ မနက် ၅:၃၀ ထ၍ ည ၁၁ ခွဲ ထိ အတတ်နိုင်ဆုံးကြိုးစား စာကြည့် ခဲ့သည်။ ဖင်မြဲမြဲ ဖြင့် စာကြည့်ခဲ့သဖြင့် ဖင်မှာ ချပ်ပင်တည်ခဲ့သည်။

ခု ကျွန်တော့် ကလေးတွေကို အမြဲပြောသော စကား ရှိ သည်။ ***ကြိုးစားလား မကြိုးစားလား သိချင်လျှင် ဖင်ချပ်တည် မတည် စမ်းကြည့်ပါ ***ဟူ၍ဖြစ် သည်။

ထမင်းတစ်ခါ စားလျှင် ၅ မိနစ်တောင် မကြာ ခဲ့ပါ။ ရေချိုး လျှင်လဲ ဆပ်ပြာ မတိုက်ခင် (၁၀ ) ခွက် ဆပ်ပြာတိုက် ပြီး (၁၀)ခွက် ကွက်တိ ချိုး ခဲ့သည်။ ညဏ် မကောင်းတော့ ရေးကျက် ကျက် ခဲ့သည်။ တစ်ပုဒ်ကို ၁၅ ခေါက် လောက်ရေးကျက် ခဲ့ သည်။

ကျွန်တော် (၁၀) တန်းတွင် (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ညဏ်ကောင်း ၍ မဟုတ် ကြိုးစား ၍ ဖြစ် သည်။ မိဘတွေ ဆင်းရဲ တွင်းက လွတ်ဖို့ ပညာရေး က လွတ်မြောက်ရာမှန်း သိ ခဲ့ သည်။ ထို့နောက် ဆေး ကျောင်းတက် ခဲ့သည်။

ရွှေ စက်သုံးဆီဆိုင်က ကျေးဇူးရှင်အစ်ကို နှင့် အစ်မတို့ ၏ အိမ်တွင်နေ၍ ကျောင်းတက်ခဲ့သည်။ ကျွန်တော့အတွက် ဆပ်၍မကုန်သော ကျေးဇူး ရှင်များ ဖြစ်သည်။ ခုထိပင် ကျွန်တော်အပေါ် အရာရာ သွန်သင်ဆုံးမ ကူညီဆဲပင်။

ဆေးကျောင်း လေးနှစ်တက် ချိန်တွင်လည်း ဆယ်တန်း ကိုးတန်း Guide ပြ ခဲ့သည်။ တစ် လ(၂၈၀၀၀၀) ကျပ်ဝင်ခဲ့သည်။ မှတ်မှတ်ရရ ဆေးကျောင်းတက်သမျှ ကာလပတ်လုံး အိမ်က သုံးသောင်းကျပ်သာ တောင်းခဲ့ဖူးသည်။

ကိုယ် ရှာသည့် ပိုက်ဆံ မို့ ကိုယ် နှမြောခဲ့သည်။ ကျူရှင် မတက် ခဲ့။ ပိုဆိုးသည် က ဆရာဝန်မလုပ် လဲ ပိုက်ဆံ ရှာ ၍ ရမှန်း သိခဲ့သည်။ ထို့အခါ စာမေးပွဲ ကျတော့သည်။ ၂၀၁၂ မှာ မြင်းခြံ ပြန်လာသည်။ ရွှေစက်သုံးဆီဆိုင် တွင် ကူလုပ်ခဲ့သည်။

ကျွန်တော် မြင်းခြံ ပြန်ရောက်နေမှန်း သိသောအခါ ဟိုက ဒီက ဂိုက် လာခေါ်ကြသည်။

ဂိုက်ပြရင်း ဂိုက်ချိန် တွေ များ လာခဲ့သည်။၂၀၁၄-၂၀၁၅ ပညာသင်နှစ် က Guide ချိန် အများဆုံးပင်။ မနက် ၅ နာရီမှ ည ၁ နာရီ ထိ အချိန် များ ပြည့်နေသည်။

ကျောင်းသား အိမ် ညအိပ် ရင်း သင်ပြ ခဲ့ ရသည်။ ၂၀၁၅ -၂၀၁၆ “ကျော်ဘော်ဒါ” စဖွင့်ဖြစ်သည်။ ပိုက်ဆံ ရှိ၍ မဟုတ် ဖွင့်ချိန်တန်၍ ဖွင့်ရခြင်းပင် ဖြစ်သည်။ ကျွန်တော့်အသက် ၂၂ နှစ် ဖြစ်သည်။၂၀၁၆ မှာ ဆေးကျောင်းက ပြန်ခေါ်သည်။

နှစ် ဘာသာ ဘဲတက်ရသည်။ ထို နှစ် သည် ကျွန်တော့ “ကျော်ဘော်ဒါ “တွင်နေသော ကျောင်းသား အယောက်၂၀ တွင် ၁၂ ယောက် အောင်သောနှစ် ဖြစ်သည်။ ကျွန်တော် တွေးသည်။ စဉ်းစားသည်။ တိုင်ပင်သည်။

ကျွန်တော့် အသက် (၂၃) နှစ် ဖြစ်သည်။ ကျွန်တော့် အမေက ကျွန်တော့ ကို သူမ အသက်(၄၀) တွင် မွေးခဲ့သည်။ ကျွန်တော် (၂၃) ဆိုလျှင်ပင် အမေ့အသက် က(၆၃) နှစ်ရောက် နေပြီ။

ကျွန်တော် သာ ဆေး ကျောင်းဆက်တက် လျှင် အမေ့ကို တိုက် နှင့် ကားနှင့် ရေခဲသေတ္တာ နှင့် ထား နိုင်မည် မဟုတ်။ အမေ ထိုအရာတွေကို မသုံးဖူးဘဲ ကောင်းကောင်းမနေရပဲ ချမ်းချမ်းသာသာ မနေရပဲ သေ သွားမည် ကို ကျွန်တော် အလွန်စိုးရိမ်သည်။

အမေ့ကို “ကောင်းပေ့ ညွှန့်ပေ့”ဆိုသော အရာ များ စားစေချင်သေးသည်။ သုံးစေချင်သေးသည်။ ကျွန်တော် အလုပ်လုပ်မှ ရမည်ကို သိလာသည်။ ထို့ကြောင့် ဆေးကျောင်းကို စိတ်ဖြတ် ပစ်လိုက်သည်။ ဆေးကျောင်းထွက်ခဲ့သည်။ကျွန်တော်က ပါးစပ် တော်တော်စီးသည်။

ကျွန်တော် ပြောသမျှ အများစု ကဖြစ်ဖြစ် လာတတ်သည်။ အဓိကက မိဘ လုပ်ကျွေးပီး သံဗု ​​ဒ္ဓေ ရွတ်သော ကြောင့် ထင် သည်။ ဘော်ဒါ ဖွင့်ချင်သည်ဟု ၂၀၁၂ မှာ ကိုယ့်ကိုယ်ကို ပြောမိသည်။ ပိုက်ဆံ မရှိ၍ မည်သို့မှ မဖြစ် နိုင်။

သို့သော် ၂၀၁၅-၂၀၁၆ မှာ ဖွင့် ဖြစ်ခဲ့သည်။

White Board ကို ကျောင်းသားဟောင်းက အသုံးမလို၍ ပေးခဲ့သည်။ GTC ကျောင်းသူ အဆောင် ဖွင့်မည် ဆိုပီး ဖွင့် ခဲ့သော အိမ်အဆောင်သည် ကျောင်းသူ တစ်ယောက် မှ မလာ၍ ၁၀ တန်း ဘော်ဒါဆောင်ဖြစ်သွားသည်။

ပထမဆုံး နှစ် ၁၀ တန်း ၁၁ ယောက် တွင် (၇ )ယောက် အောင်ပီး (၂ ) ယောက် ဂုဏ်ထူး ထွက် ခဲ့သည်။ ကျွန်တော်သည် ယခုအချိန် ထိ မည်သည့် ကျောင်းသားကိုမျှ လာပါလာပါ ဆိုပြီး လိုက်၍ မခေါ်ဖူး ခဲ့ပါ။ တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် လာခဲ့ကြခြင်းသာ ဖြစ်သည်။

ယခုနှစ်သည် ကျော်ဘော်ဒါဖွင့်သော (၅) နှစ်မြောက် ဖြစ်သည်။ ကျွန်တော်တို့အိမ်လည်း တော်တော်လေး အဆင်ပြေလာခဲ့ ပြီ။ အဖေနဲ့အမေ ကို ဘာအလုပ် မှ မလုပ် ခိုင်းတာ (၇ ) နှစ်ရှိပါပြီ။ ဤသို့ဆိုသော်လည်း ကျွန်တော့်တွင် ပိုက်ဆံပေါများနေ၍ မဟုတ် ပါ။

လွန်ခဲ့သော ဆယ်နှစ်က စိတ်တောင် မကူးခဲ့ဖူးသော တိုက် နှင့်၊ ကားနှင့်၊ အဲကွန်း နှင့် ၊ ရေခဲသေတ္တာ နှင့် ၊ တီဗီ ကြည့် ရတာ ကြိုက်သော အဖေ့ အတွက် (၄၈) လက်မတီဗီ၊ နားမကောင်းသော အဖေ့အတွက် Made in Germany နားကြပ်၊ အမေ့အတွက် ရွှေထည် အချို့ ဝယ်ပေး နိုင်ခဲ့ပြီ။

အဖေပြော သမျှ အရာတိုင်း ဖြည့်ဆည်း ပေးဖို့ ကြိုးစားခဲ့ပြီးပြီ ။ အမေဖြစ်ချင်တဲ့ အရာတိုင်း ဖြည့် ဆည်းပေးနိုင်ခဲ့ပါပြီ။ မိဘ နှစ်ပါးလုံး မသေခင် သူတို့ လုပ် ချင်တာ၊ဖြစ်ချင်တာ ဖြည့်ဆည်းပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါသည်။ ဖြည့်လည်း ဖြည့်ဆည်းပေးနေသည် ။

သေ မှငိုနေမည် မဟုတ် ။ မသေ ခင် ဖြစ်ချင်တာ ၊လုပ် ချင်တာ အကုန်လုပ်ပေး မည်ဟု စိတ်ထဲမှတ်ပြီး အသကုန်ရုန်းခဲ့ပါသည်။ မိကံဖကံ သည် အလွန်အရေးကြီးသည်။ မိဘ ကို လုပ်ကျွေး သည့်အတွက် လုပ် ငန်းကိုင်ငန်း အရာရာ အဆင်ပြေလာသည်။ကူညီမည့်သူ ပေါသည်။

ကျော်ဇောဟိန်း ဆိုတာ နှင့် အများစုက ယုံကြည် ကြသည်။ကျွန်တော် မလိမ်မှန်း သိသည်။စိတ်ချ ကြသည်။ထိုအတွက် အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ ဆိုးသွမ်းသောကျောင်းသားလေးတွေ ကျွန်တော့ဆီ လာကြသည်။

အပြင်မှာ အရမ်းဆိုးသည်။ကျွန်တော့် “ကျော် ဘော်ဒါ” ရောက်မှ လိမ္မာလာသည် ဟု မိဘများပြောကြသည်။ ချီးကျူးကြသည်။ အဘယ်ကြောင့်နည်း။ …ကျွန်တော် သည် သူတို့အတွက် စံပြ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် နှင့် မိဘ လုပ်ကျွေးနေ ခြင်း ၊

ကျွန်တော် ဖတ်ထားသမျှ စာတွေထဲမှ သဘောတရားတွေ ပြောပြပေးခြင်း များကြောင့် သူတို့ ကိုယ်တိုင်ပြောင်းလဲ လာကြသည်။ ကြိုးစားလာကြသည်။ လိမ္မာသွားကြသည်။ အောင်သွားကြသည်။ဤသို့ဖြင့် “ကျော်ဘော်ဒါ”နာမည်ကောင်း လေးထွက် လာသည်။

စာလည်းတော်တော် ရှည်ပြီ။ အထူးသဖြင့် ဤစာရေးရခြင်း ရည်ရွယ်ချက်သည် ကျွန်တော့်လို လူငယ်တွေကိုမိဘ လုပ်ကျွေးစေချင်သည်။မိမိ အတ္တထက် မိဘအတွက် ကောင်းတာ ပိုစဉ်းစား စေချင်သည်။

မသေခင် စိတ်ချမ်းသာမှု တစ်ခုခုတော့ ပေးစေချင်သည်။ အထူးသဖြင့် အပြင်မှာ သူငယ်ချင်းတွေနဲ့ မုန့်စားလျှင်တောင် မိဘ အတွက်တော့ ဝယ်သွားစေချင်သည်။

”အစားကောင်းစားလျှင် ချစ်ရတဲ့သူတွေ သတိရတယ်” ပြောပြီး မိဘတော့ သတိမရ ရည်းစားတော့ သတိရသည်။ ခရီးတစ်ခု သွားလျှင် မသွားခင် မိဘ နှစ်ပါးကိုတော့ ကန်တော့စေချင်သည်။မိဘတွေ ခမျာ ပီတိကိုစားပြီး ဘယ်လောက်တောင်ပျော်မည် ဆိုတာ တွေးကြည့် နိုင်သည်။

အပေါ်က ရေးထားသမျှသည် ကျွန်တော့ အတွေ့အကြုံ၊ကျွန်တော့ အတွေးသာဖြစ်သည်။ကျွန်တော်သည် ဘာကောင်မျှမဟုတ်ပါ။ ကျွန်တော့် စာလေး ဖတ်ပြီး တစ်ယောက်လောက် မိဘ အပေါ်သိတတ်သွားလျှင်ကို ကျေးဇူးတင်မိပါသည်။ ။

Credit Kyaw Education Center Myingyan