
ငယ်စဉ်ကတည်းက အခက်အခဲတွေ၊ လောကဓံတွေကိုရင်ဆိုင်ခဲ့ရတဲ့ကလေးတစ်ယောက်၊ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ မကြာခဏကြုံခဲ့ရတဲ့ကလေးတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာတတ်ပါတယ်။
စိတ်ဒဏ်ရာဆိုတာမျိုးက မျက်စိနဲ့ မြင်ရတာမျိုးမဟုတ်တာကြောင့် လူတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေရှိခဲ့လား၊
ဘယ်လိုနာကျင်မှုမျိုးတွေကို ရင်ဆိုင်နေရလည်းဆိုတာကို အပေါ်ယံကြည့်ရုံနဲ့တော့ မမြင်နိုင်ပါဘူး။
ဒါပေမယ့် သူ့ရဲ့အပြုအမူနဲ့ နေပုံထိုင်ပုံတွေကိုကြည့်ပြီး ငယ်စဉ်ကစိတ်ဒဏ်ရာတွေရခဲ့လားဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်။
စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာသူတစ်ယောက်မှာ ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
(၁) သန်မာတယ်၊ ကြင်နာတတ်တယ်
စိတ်ဒဏ်ရာရှိသူတွေဟာ အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ လောကဓံကိုရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုပြုပြင်ရပါတယ်။
ဒီလိုပြုပြင်ရင်းက တခြားသူတွေထက် ပိုသန်မာသူတွေဖြစ်လာကြပါတယ်။
ပြီးတော့ သူတို့ဟာ စိတ်ထဲကနေနာကျင်ခံစားရတာကို ကောင်းကောင်းနားလည်တာကြောင့် သူတို့ခံစားရတဲ့နာကျင်မှုတွေ တခြားသူကိုမခံစားစေချင်တာကြောင့် တစ်ဖက်သားအပေါ် ကြင်နာတတ်ကြပါတယ်။
(၂) တခါတရံတစ်ကိုယ်ကောင်းဆန်တယ်
စိတ်ဒဏ်ရာတွေရှိတဲ့သူတွေဟာ တခါတရံတစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။
သူတို့တွေဟာ ငယ်ဘဝကစပြီး လုံလုံလောက်လောက်အချစ်မခံခဲ့ရ၊ ဦးစားပေးမှုကိုမရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုဦးစားပေးဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။
(၃) မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်တတ်တယ်
စိတ်ဒဏ်ရာရှိသူအများစုဟာ လူတွေအပေါ်အမှားလုပ်မိမှာစိုးရိမ်တတ်ကြပါတယ်။
ဒါကြောင့် တတ်နိုင်သလောက်အမှားမလုပ်မိအောင် နေတတ်ကြပြီး သူတို့အပေါ်အမှားကျူးလွန်မိရင်လည်း ကိုယ်နဲ့နှိုင်းပြီးတော့တွေးပြီး မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်ပြီးသားဖြစ်နေတတ်ပါတယ်။
(၄) အငြင်းခံရမှာကြောက်တယ်
သူတို့တွေဟာ ဘဝမှာ အမြဲလိုလိုဦးစားပေးမခံရတာကြောင့် ကျန်တဲ့ဘဝမှာ အငြင်းခံရမှာကိုသေမလောက်ကြောက်ကြပါတယ်။
အလုပ်မှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ မိသားစုမှာ စသဖြင့် နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုအကြောင်းကြောင့်မှ အငြင်းမခံချင်ဘဲ သူတို့ကို လက်ခံအောင် တတ်နိုင်သလောက်ကြိုးစားတတ်ကြပါတယ်။
(၅) ဆန့်ကျင်ဘက်အမူအကျင့်တွေရှိတတ်တယ်
စိတ်ဒဏ်ရာရှိသူတွေဟာ ဆန့်ကျင်ဘက်အမူအကျင့်တွေရှိတတ်ကြပါတယ်။
တခါတရံပျော်ရွှင်နေတတ်ပြီး တခါတရံမှာအလိုလိုနေရင်း ဝမ်းနည်းနေတတ်ပါတယ်။
တခါတရံမှာ ဆတ်ဆတ်ထိမခံဖြစ်နေတတ်ပြီး တခါတရံမှာလည်း သူမတူအောင်နူးညံ့နေတတ်ပြန်ပါတယ်။
အဲ့ဒီလိုမျိုး ဆန့်ကျင်ဘက်အပြုအမူတွေရှိနေတတ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာကြောင့်ပါ။
written by PP
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners