“နှစ်ပေါင်း ၆၀၀၀ ကြာအောင် အဆက်မပြတ် လောင်ကျွမ်းနေခဲ့တဲ့ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ကျောက်မီးသွေးကြော”

သြစတြေးလျနိုင်ငံ၊ ဝင်ဂျန်တောင်ရဲ့ အောက်ဘက် ၉၈ပေလောက်မှာ ရှိတဲ့ မြေအောက် ကျောက်မီးသွေး ကြောကြီး မီးလောင်ကျွမ်းနေခဲ့တာ ခန့်မှန့်ခြေအားဖြင့် နှစ်ပေါင်း ၆၀၀၀လောက် ကြာပြီလို့ သိရပါတယ်။

အဲဒီလို မီးလောင်ကျွမ်းနေတဲ့ ကျောက်မီးသွေးကြောကြီး ရှိတဲ့ ဝင်ဂျန်တောင်ကို လောင်ကျွမ်းနေတဲ့တောင်လို့ နာမည်ပြောင်ပေးထားကြပါတယ်။

တကယ်တော့ မြေအောက် ကျောက်မီးသွေးကြော မီးလောင်ကျွမ်းမှုက သိပ်တော့ မထူးဆန်းလှပါဘူး။ သာမန် ဖြစ်ရိုးဖြစ်းစဥ် တစ်ခုလို့တောင် ပြောလို့ ရပါတယ်။

ခန့်မှန်းခြေအားဖြင့် ကမ္ဘာတစ်ဝှမ်းမှာ မီးလောင်ကျွမ်းနေတဲ့ ကျောက်မီးသွေးကြောပေါင်း ၁၀၀၀နီးပါးလောက် ရှိပါတယ်။

အဲဒီလို ကျောက်မီးသွေးကြော မီးလောင်ကျွမ်းမှုတွေက ကျောက်မီးသွေး ကြွယ်ဝပေမယ့် ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့ နိုင်ငံတွေမှာ အဖြစ်များလေ့ ရှိပါတယ်။

ပုံမှန်အားဖြင့် ရက်ပိုင်းလောက်သာ လောင်ကျွမ်းလေ့ ရှိကြပြီး လောင်ကျွမ်းမှု အချိန်ကာလ အကြာဆုံးက တစ်လလောက်သာ ရှိတတ်ကြပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံက ဂျေဟာရီရာ ကျောက်မီးသွေးကြောကတော့ နှစ်ပေါင်း ၁၀၀ကျော် ကြာအောင် အဆက်မပြတ် လောင်ကျွမ်းနေခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လောင်ကျွမ်းမှု ကာလ အကြာဆုံးကတော့ သြစတြေးလျနိုင်ငံ၊ ဝင်ဂျန်တောင်က သက်တမ်း အရင့်ဆုံး ကျောက်မီးသွေးကြောကြီး ဖြစ်ပါတယ်။

အစောပိုင်းကာလတွေက ဝင်ဂျန်တောင်ကို လေ့လာစူးစမ်းခဲ့ကြရာမှာ မီးတောင် လှုပ်ရှားမှုနဲ့ ခပ်ဆင်ဆင် တူတဲ့ လက္ခဏာတွေ တွေ့ခဲ့ကြပါတယ်။

ဒါပေမယ့် တောင်ရဲ့ အောက်ဘက် ၉၈ပေလောက်မှာ ရှိတဲ့ မြေအောက် ကျောက်မီးသွေး ကြောကြီး မီးလောင်ကျွမ်းမှုသာ ဖြစ်နေခဲ့ပါတယ်။

ဘယ်လိုကနေ ဘယ်လို မီးစတင် လောင်ကျွမ်းခဲ့တယ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ လျှပ်စီး ထိမှန်မှုကြောင့် ဖြစ်နိုင်သလို တောမီးကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။


တငွေ့ငွေ လောင်ကျွမ်းမှုကြောင့် ဝင်ဂျန်တောင်ပေါ်မှာ မြေဆီလွှာ အရောင်ပြောင်ခြင်းနဲ့ မြေမျက်နှာပြင် မညီညာခြင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါ့အပြင် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ သီးနှံစိုက်ခင်းတွေကိုလည်း ထိခိုက်စေခဲ့တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဝင်ဂျန်တောင်ရဲ့ အနီးတဝိုက်မှာ လူသူကင်းမဲ့လာပါတယ်။

ဒါပေမယ့် ကမ္ဘာအနှံ့က ခရီးသွားတွေက နှစ်ပေါင်း ၆၀၀၀ ကြာအောင် အဆက်မပြတ် လောင်ကျွမ်းနေခဲ့တဲ့ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ကျောက်မီးသွေး ကြောကြီးကို လေ့လာဖို့ ရောက်လာလေ့ရှိတာကြောင့် ဝင်ဂျန်တောင်က သြစတြေးလျနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသည် ဆွဲဆောင်တဲ့ အဓိက နေရာတွေထဲမှာ ပါဝင် လာခဲ့ပါတယ်။

Credit-ChannelKeyMyanmar