မိဖုရား နတ်ရှင်မယ်အား တူးဖေါ်ခဲ့သူ

မိဖုရား နတ်ရှင်မယ်အား တူးဖေါ်ခဲ့သူ

မိဖုရား နတ်ရှင်မယ်၏ အလောင်းကို တူးဖော် ယူဆောင်ခဲ့သူရခိုင်တပ်ပေါင်းစုဌာနချုပ် ၊ခေတ္တမြောက်ဦးတပ်စခန်း ၊၁၉၅၆-ခု၊ မေလ ( ၂၀ )

ကိုဘုန်းကျော်ခင်ဗျား ရန်ကုန်မှ တပ်မထွက်မီက ခင်ဗျားမှာလိုက်သော ဦးရစ်တောင်ဘုရားအနီးမှ ( အနုရုဒ္ဓဒေဝ )

စာတမ်းခတ်နှိပ်ထားသည့်အုပ်ချပ်ဘုရားများနှင့် မင်လှိမ့်ကူးပြီးသား ကျောက်စာ စာရွက်များကိုဧပြီလအတွင်ကပင် လူကြုံဖြင့် ပေးပို့လိုက်ရာ ရရှိပြီးဟု ထင်ရပါသည်။

ယခုလည်း ကျွန်တော်၏ လက်အောက်ခံတပ်ရင်းတစ်ခုက မမျှော်လင့်ဘဲ တူးဖော်တွေ့ရှိရသော ရှေးဟောင်းပစ္စည်းအချို့တို့နှင့် ငွေပေစာချပ်ရေပေါင်း ( ၄၅ )ချပ်တို့ကို ပေးပို့လိုက်ပါသည်။

ခင်ဗျားအတွက်အသုံးပြုနိုင်ကောင်းပြီး စိတ်ဝင်စားဖွယ်ရာ ဖြစ်လိမ့်မည်ဟု မျှော်လင့်နေပါသည် ခင်ဗျား။

ဂွေးချောင်းခံတပ်နှင့် မင်းလှခံတပ်များဆီသို့သွားရောက် သုတေသနပြုရာ၌ တွေ့ရှိရသော ရှေးဟောင်းစစ်လက်နက်မျိုးကိုကား မတွေ့ရှိရသေးပါ။

တွေ့ရှိက ဆက်လက်ပေးပို့မည်။ပေးပို့လိုက်သော ရှေးဟောင်းပစ္စည်းများ တွေ့ရှိပုံကို အကျဉ်းဖော်ပြပါဦးမည်။

ကျွန်တော်တို့ တပ်ပေါင်းစုမှ တပ်အချို့ကို မြောက်ဦးမြို့သို့ပို့ထားခဲ့ပါသည်။

၎င်းတပ်များသည် အခြေအနေနှင့်အနေအထားအရမြောက်ဦးမြို့၏ အရှေ့ဘက်တွင် ကပ်လျက်တည်ရှိနေသော ( ဟရီတောင် )နှင့် အခြားပတ်ဝန်းကျင် တောင်တန်းများပေါ်တွင်

နေရာယူထားသော တပ်ရင်းမှ တပ်အချို့သည် တပ်မြေလုံခြုံရေးအတွက်မြေကတုတ်ကျင်းများကိုတူးရာမှ မမျှော်လင့်ဘဲ ရှေးဟောင်းသင်္ချိုင်းဂူတ်ခုကို တူးဖော်တွေ့ရှိခဲ့ကြ၏။

ဂူမှာ ကျွန်တော်တို့ မြန်မာပြည်မှာကဲ့သို့ အုတ်ဂူမဟုတ်ပါ။ကျောက်တုံးကျောက်ချပ်များဖြင့် လှပစွာတည်ဆောက်သောကျောက်ဂူဖြစ်ကြောင်းတွေ့ကြရပါသည်။

ရဲဘော်များလည်း ကျောက်တုံးကျောက်ချပ်များကို တူးဆွ ဖယ်ရှားမြဲဖယ်ရှားရှင်းလင်းသွားကြရာ နောက်ဆုံးဆုံးတွင်

မြေအောက်ကျောက်ဂူးအတွင်း၌ ဆန်းကြယ်လှပစွာသော ကျောက်သားခေါင်းတစ်လုံးကို အောက်ခံပလ္လင်နှင့်တကွ တွေ့ကြရသည်။

ကျောက်သားခေါင်း၏ ခေါင်းရင်းဘက် ပလ္လင်ပေါ်တွင်လည်းအလျား လက်မ( ၂၀ ) ၊ အနံ ( ၄ )လက်မ ၊ ထုထည် ၆-ပေ၁-ပိုင် ၂-ပိုင်ခန့် ၊ အနံ ၂-ပေ ၁-ပိုင် ၂-ပိုင်ခန့် ရှိပါသည်။

ခေါင်း၏ဘေးဘက်မျက်နှာပြင်များတွင် ခြူးပန်းခြူးနွယ် အခက်အလက်များကြွရွအောင် ထုလုပ်ထားပြီး အထက်ဘက်ရှိ ထောင့်စွန်းများအားပုစွန်ခွံအကွက်များအတွင်း ပဒုမ္မာကြာပန်းများသဏ္ဌာန် ထုထွင်းထား၏။

ခေါင်းရင်းဘက်နှင့်ခြေရင်းဘက်ရှိ မျက်နှာပြင်ထိပ်ပိုင်းတို့တွင် ကျွန်တော်တို့မသိသော ရှေးဟောင်းအက္ခရာစာလုံးများပါရှိလေသည်။

အဖုံး ကျောက်သားနံဘေးအစပ်မှာလည်း ခေါင်းနှင့်အံကျ တစ်သားတည်း ရှိနေပါသည်။ ခေါင်း၏ကျောက်သားအရောင်မှာ ဖြုဖွေတောက်ပပြီး မာကျောလှပေသည်။

ကျွန်တော်တို့သည် ခေါင်းအတွင်းရှိအရာဝတ္ထုကို သိလိုဇောဖြင့် ကျောက်ခေါင်းအဖုံးအား နည်းအမျိုးမျိုးနှင့်ဖွင့်ကြရာ ထိုနေ့ နေကုန်သွားသည်အထိ ဖွင့်မရပါ။

ကျောက်သေတ္တာငယ်ကိုလည်း ထိုနည်းအတူ အဖုံးနှုတ်ခမ်းသားများအား လှံစွပ်ဖြင့် ကော်ထုတ် ဖွင့်ကြသေး၏။ မရပါ။ သို့ဖြင့် ထိုနေအဖို့ ကျွန်တော်တို့ လက်မြောက်လိုက်ကြရပါသည်။

နောက်တစ်နေ့တွင် မြို့အနီမှ ရှေးဟောင်းဘာသာ စာပေများကိုကျွမ်းကျသည် ဦးနရဗုဒ္ဓိ အမည်ရှိ ဆရာတော်ကြီးတစ်ပါးကိုပင့်ဆောင်၍ ပြသကြရ၏။

ဆရာတော်ကြီးသည် ကျောက်သေတ္တာနှင့်ကျောက်သားခေါင်းတွင်ပါရှိသော အက္ခရာများ ၊ ဂဏန်းသင်္ကေတများကို စူးစမ်းဖတ်ရှုပြီးနောက် ကျောက်သားသေတ္တာငယ်ကလေးကို

ရှေးဦးစွာ စတင်၍ သေတ္တာကလေးအတွင်းရှိ အက္ခရာညွှန်များ အတိုင်း စမ်းသပ်ဖွင့်လှစ်ရာ ကောင်းစွာပွင့်သွားလေသည်။

၎င်းသေတ္တာငယ်လေးအတွင်းတွင် အလျား ၁၉-လက်မ ၁-ပိုင်၂-ပိုင် ၊ အနံ ၂-လက်မ ၁-ပိုင် ၂-ပိုင်ခန့်ရှိသော ငွေပေစာပေါင်း( ၄၅ )ချပ်နှင့် မွှေးကြိုင်၍ အမျိုးအမည်

မခွဲခြားနိုင်သည့် ဆေးတောင့်ငယ် ( ၅ )တောင့် ၊ အင်းချထားသော ကြေးပြားငယ်တစ်ခုတို့ကို တွေ့ရသည်။

ငွေပေစာများတွင် ရေးသားထားသောစာများမှာသက္ကတဘာသာစာလုံးများဖြစ်ကြောင်း ၊ ရှေးဟောင်း မိဖုရားတစ်ပါး၏ အတ္ထုပ္ပတ္တိကို ရေးသွင်းထားကြောင်း ၊ ပလ္လင်ခေါင်းရင်ဘက်မှ

တွေ့ရှိခဲ့ရသော သစ်သားရွှေပိန်းချရုပ်တုကလေးမှာ Shri ZyaJi Dewi ဟု ခေါ်ဝေါ်ကြသည့် ကာမဂုဏ်ဓာတ်ကို တဖျက်ဖျက်ကွန့်မြူးအောင် စေ့ဆော်ပေးတတ်သော ဒေဝီကိုးပါးအနက်မှ

သီရိဇာဂြီဒေဝီ အချစ်စေတမန် နတ်သမီးရုပ်တုဖြစ်ကြောင်း ၊ ဆေးတောင့်ငယ်များမှာ လောကီပီယ သိဒ္ဓိဝင် ဆေးတောင့်များ ဖြစ်ဟန်ရှိကြောင်း ဆရာတော်ကြီးက မိန့်ကြားပါသည်။

ငွေပေစာတွင်ပါသော အတ္ထုပ္ပတ္တိစာတမ်းအရာ တစ်ဆင့်ကြားသိရသည်မှာ ကျောက်ခေါင်းအတွင်းရှိ ရုပ်ကလာပ်မှာ သီရိသုဓမ္မရာဇာဘုရင်မင်းမြတ်၏

မိဖုရားခေါင်ကြီး ( Shir Su Dewi )သီရိသုဒေဝီ၏ ရုပ်ကလာပ်ဖြစ်ကြောင်းနှင့် နောင်လာနောင်သားတို့ တရားသံဝေ ဆင်ခြင်မိစေရန် ဂူသွင်းမြှုပ်နှံ၍ စာတန်းထိုးခဲ့ကြောင်းပင်ဖြစ်ပါသည်။

ငွေပေစာချပ်အချို့ကို ဖတ်ရှုပြီးနောက် ဆရာတော်ကြီးကခေါင်းအထဲတွင် မာတုဂါမတစ်ဦး၏ အသုဘရုပ်ကလာပ်သာရှိသဖြင့် ဖြင့်ကြည့်၍လည်း အကျိုးမထူးတန်ရာပြီးဟု အမိန့်ရှိသော်လည်း

ကျွန်တော်တို့က ဝိုင်းဝန်းတောင်းပန် လျောက်ထားကြမှုကြောင့် ဖွင့်ရန်ဝန်ခံတော်မူပါသည်။

ဆရာတော်ကြီးသည် ကျောက်သားခေါင်း၏ ခေါင်းရင်းဘက်တွင်လည်းကောင်း ၊ ခြေရင်းဘက်တွင်လည်းကောင်း ထွင်းထုပါရှိသောအက္ခရာများနှင့်

ဂဏန်းသင်္ကေတများကို စူးစိုက် ဖတ်ရှုဆင်ခြင်ပြီးခြေရင်းဘက်ရှိ အက္ခရာစာလုံးများနှင့်ဂဏန်းများကို လက်ဦးထား၍စမ်းသပ်ဖွင့်ရာ ထိုစာလုံးဂဏန်းများ၏ အနေအထားမှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည်။

ခေါင်းရင်းဘက်ရှိ အက္ခရာ ၊ ဂဏန်များကိုလည်း အလားတူ နေရာရွှေ့ ပြောင်းပေးလိုက်ပါသည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဆရာတော်ကြီး၏ ညွှန်ကြားချက်အရအံကျပြုလုပ် နဘေထပ်ထားသော အပေါ်ခေါင်းဖုံးကို ခေါင်းရင်းဘက်မှ ခြေရင်းဘက်သို့ သံတူရွင်းများ ၊ သစ်သားစို့များဖြင့်

ထိပ်တေ့ရိုက်လျက် တွန်းပေးလိုက်ရာ အံကျလျှာထိုး ပြုလုပ်ထားသော ကျောက်သားအဖုံးသည် လျှာထိုးလမ်းကြောင်းအတိုင်းရွေ့လျားသွားပြီး ပွင့်သွားပါသည်။

ထိုအခိုက်အတန့် အလွန်သင်ပျံ့မွှေးကြိုင်သော အနံများနှင့်အခိုးအငွေ့များ ကျောက်သားခေါင်းအတွင်းမှ ပေါ်ထွက်လာပြီးပတ်ဝန်းကျင်တစ်ဝိုက်သို့ ပျံ့နှံ့ကာ မွှေးကြိုင်လို့နေပါသည်။

ကျွန်တော်တို့အဖို့ ရေမွှေးနံ့အမျိုးမျိုးကို ရှူရှိုက်ခဲ့ဖူးသော်လည်း ဤရနံ့ကဲ့သို့တစိမ့်စိမ့် စိတ်ကိုလန်းလာစေသော အမွှေးနံ့မျိုးကိုကား မကြုံဘူးပေ။

အခိုးအငွေများ ကင်းစင်လွင့်ထွက်သွားသောအခါ၌ ကျောက်သားခေါင်းအတွင်းတွင် တွေ့မြင်ရသောအရာမှာ ဆရာတော်ကြီး အမိန့်ရှိထားသော မိန်းမတစ်ဦး၏ ဥတုဇရုပ်အလောင်းဖြစ်နေသည်ကို တွေ့ကြရပြီး အားလုံး အံ့အားသင့်သွားကြပါသည်။

အရပ်( ၅ )ပေ ၊ ( ၆ )လက်မ ၊ ဝါဝင်းသော အသား ၊ ပေါ်လွင်သော နှာတံ ၊ မြှားနတ်မောင် လေးကိုင်းကဲ့သို့ လှပပိရိစွာနှင့်ပြုံးယောင်ယောင်ရှိနေသည်

နှုတ်ခမ်း ၊ အိပ်ပျော်ဘိသို့ မှိတ်ထားသော မျက်လုံးများနှင့် ပျံတက်ကော့မြူး ရှည်လျားသော မျက်တောင်များလှ ၊ ပပြေပြစ်သော လက်မောင်လက်တံနှင့် ဖွံ့ဖြိုးမြောက်ကြွ
နေသော သားမြတ်အစုံ ၊

အရင်းတုတ်ပြီး အဖျားသွယ်၍ ပြည်ဝသောပေါင်းတံ စသည့်စသည့်ပြင် အလှအပလက္ခဏာများ ပိုင်ဆိုင်ထားပြီး ၊ဝတ်ဆင်ထား အဝတ်မှာ ကုလားမများ ခြုံလေ့ရှိသော ဆာရီ

ကဲ့သို့ အလွန်ပါးလွှာသည် ပိုးသားခွုံထညျအဖွူကို အပေါ်မှ သိုင်းဝတ်ဆင်ထားပြီး အတွင်မှာ မူကား ပါးလွှာသော ပိုးဖြူကိုယ်ကျပ်နှင့်စကတ်( Skirts )လို အတွင်းခံကို ခပ်တိုတို ဝတ်ဆင်ထားသည်။

နဖူးပေါ်တွင် စည်းထားသောနဖူးစည် နီရဲသောပတ္တမြားလုံးများစီခြယ်ထားပြီး ခါးယမ်းကြိုး ၊ လက်ကောက် ၊ လက်ဆွဲစသည်ရတနာများ ပြိုးပြိုးပြက်ပြက် လက်နေသဖြင့် စိန်နှင့်ပြုလုပ်ထားသည်ထင်၏။

အရွယ်မှာ ငွေပေစာအရ အသက်( ၄၀ )ကျော်ဟုညွှန်ထားသော်လည်း ကျွန်တော်တို့ အမြင်တွင်ကား ( ၂၀ ၊ ၂၅ )နှစ် ပျိုမျစ်သော အရွယ်မျှဟုသာ ထင်ရှိကြ၏။

ရက်ရက်စက်စက်လှပါပေသည်ဟုသာ ရေးပါရစေတော့။ စာမဖွဲ့တတ်၍ မဖွဲ့တော့ပါပြီး။ ပသီပုံပြင် ရုပ်ရှင်ကားများတွင် တွေ့ရသော အလှမျိုးဟုဆိုချင်ပါသည်။

ကျွန်တော်တို့ ကြည့်နေကြစဉ် ( ၁၅ )မိနစ်ခန့်အတွင်းမှာပင်မွှေးကြိုင်လှသောအနံ့များပျောက်ကွယ်၍ ပုပ်ဟောင်းညှီစော်သောအနံ့များ ပေါ်ထွက်လာကာ

ရုပ်အလောင်းမှာ အားလုံးအမှုန့်များဖြစ်ပြီး လေထဲသို့လွင့်ပါသွားရာ ဝတ်ဆင်ထားသော ရတနာများသာလျှင် ကျောက်သားခေါင်းထဲမှာ ကျန်ရှိရစ်ပါတော့၏။ ထူးဆန်းလှပါပေသည်။

ဆရာတော်ကြီးမူကား လေထဲလွင့်ပျံ့သွားသောရုပ်ကလာပ်အမှုန့်များကိုကြည့်ပြီး အနိစ္စဝရသင်္ခါရာ အစရှိသောဂါထာကို တီးတိုး ရွတ်ဆိုတော်မူနပေါသည်။

တွေ့ကြုံရသည်မှာ ဤအတိုင်းပင်ဖြစ်သည်။ကျန်ရှိရစ်သောရတနာများနှင့်တကွ ငွေပေချပ်များ ၊ ကျောက်သေတ္တာနှင့်ကျောက်တလားကိုပါ ယခုလူကြုံနှင့် ပေးပို့လိုက်ပါသည်။

သီရိဇာဂြီဒေဝီရုပ်တုကိုကား ကျွန်တော့်အတွက် အသုံးပြုရန်ယူထားလိုက်ပါသည်။

ထိုရှေးဟောင်းပစ္စည်းများ ခင်ဗျားထံရောက်ရှိပြီး တိုင်းပြည်ရှိလူများအတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းလျှင်ပင် ကျွန်တော် ကျေနပ်ပါပြီး။ ၎င်းပစ္စည်းများလက်ခံရရှိကြောင်း စာပြန်ပါ။ ကဲ တော်သေးပြီ။

မိတ်ဆွေကြီး စိတ္တသုခ ၊ ကာယသုခ နှစ်ဝနှင့် ပြည့်ပါစေဟုဆုမွန်ကောင်း တောင်းလျက်ရှိပါသည်။( ပုံ ) မေးမောင်း( မှူးကြီး )တပ်မင်း

မှတ်ချက်။ ဖိုးကျော့ ရွှေပြည်ရခိုင် ဒုတိယအကြိမ်နိဒါန်း စာမျက်နှာ ၆, ရ, ၈, ၉,တို့တွင်ဖော်ပြထားသည်ကို သင်တို့ တွေရှိရမည်သာ ဖြစ်သည်။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners