ဆွမ်းမပို့တဲ့ရွာ( မြေပြန့်ဒေသတွေမှာတော့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေက တာဝန်ယူကြတာဟာ တာဝန်တစ်ရပ်လိုကို ဖြစ်နေပါပြီ

ဆွမ်းမပို့တဲ့ရွာ( မြေပြန့်ဒေသတွေမှာတော့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေက တာဝန်ယူကြတာဟာ တာဝန်တစ်ရပ်လိုကို ဖြစ်နေပါပြီ

ဗုဒ္ဓဘာသာရွာမှန်ရင် ဘုန်းတော်ကြီးတွေရဲ့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေက ဆွမ်းပို့ပေးပြီး

တာဝန်ယူကြတာဟာ မြေပြန့်ဒေသတွေမှာတော့ ဓလေ့ထုံးစံတစ်ခု၊ တာဝန်တစ်ရပ်လိုကို ဖြစ်နေပါပြီ။

ချင်းပြည်နယ်က တစ်ချို့သော ရွာလေးတွေမှာတော့ မြေပြန့်က သာသနာလာပြုတဲ့ ရဟန်းတွေဟာ

ဆွမ်းကွမ်းအတွက်ကို ကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးကြရပါတယ်။

ဒါကလည်း ချင်းပြည်နယ်မှာ သာသနာပြုတာဝန်ကျတဲ့ ရဟန်းတော်တွေအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။

ချင်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တွေဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ထဲမှာဆို

သာသနာပြုဌာနပေါင်း (၃၆)ဌာနရှိပြီး မင်းတပ်မြို့နယ်ထဲမှာဆိုရင် ဌာနပေါင်း (၅၀)ကျော် ရှိပါတယ်။

ကန်ပက်လက်မြို့နယ်ထဲမှာ ဒေသခံ ချင်းတိုင်းရင်းသားတွေက ဆွမ်းပို့တဲ့ရွာပေါင်း (၂၀)လောက်ရှိပြီး

မင်းတပ်မြို့နယ်ထဲမှာလည်း ကျောင်းပေါင်း(၂၀)လောက်ရှိပါတယ်။

ဆွမ်းမပို့လို့ ကိုယ်တိုင်ချက်ဘုဉ်းပေးရတဲ့ ရွာတွေကတော့ နှစ်မြို့နယ်ပေါင်း (၅၀)ကျော် ရှိတာမို့ အဲဒီရွာတွေမှာ

တာဝန်ကျတဲ့ ဦးဇင်းတွေကတော့ ချက်တတ်သည်ဖြစ်စေ၊ မချက်တတ်သည်ဖြစ်စေ

ချက်ပြုတ်နည်းကို သင်ယူလေ့လာပြီး ဖြစ်သလို ချက်စားကြရတော့တာပါပဲ။

ကိုယ်ကတော့ မင်းတပ်နယ်ထဲက မဲင်းရွာရောက်တိုင်း သူငယ်ချင်းနဲ့အတူ ဝိုင်းဝန်းကူချက်လေ့ ရှိပါတယ်။

ကိုယ့်ရွာက ဒကာဒကာမတွေက ဆွမ်းပို့တာကြောင့် ဆွမ်းကွမ်းအတွက်

ဘာမှမပူရလို့ တစ်ခြားအလုပ်တွေ လုပ်ချိန် ပိုရပါတယ်။

စာရေးမလား၊ စာဖတ်မလား၊ ကျောင်းဝိုင်း သန့်ရှင်းရေးလုပ်မလား၊ ဘုရားတည်မလား၊

ကျောင်းဆောက်မလား၊ သစ်ပင်စိုက်မလား ကြိုက်တာလုပ်နိုင်ပါတယ်။

ဆွမ်းပို့ခြင်း၊ မပို့ခြင်းက ဘယ်လောက်ကွာခြားသလဲဆိုတာကိုလည်း ကိုယ်တိုင် သိမြင်လာရပါတယ်။

ဆွမ်းကွမ်းချက်နေရတာနဲ့တင်ကို မနက်ပိုင်းတစ်ခုလုံးဟာ ကုန်မှန်းမသိ ကုန်သွားပါတယ်။

နောက်ပြီး ရွာထဲက ဒကာဒကာမတွေက ဆွမ်းမပို့တော့ ကျောင်းကို အရောက်အပေါက် နည်းပြီး

ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေနဲ့ ထိတွေ့ခွင့် နည်းပါးတာကြောင့်

လုံလောက်တဲ့ ခင်မင်ရင်းနှီးမှု၊ လုံလောက်တဲ့ ကြည်ညိုလေးစားမှုလည်း နည်းပါးလှပါတယ်။

ဆွမ်းပို့တဲ့ရွာတွေဆိုရင် ရဟန်းသံဃာတွေဘက်ကလည်း

“ဪ…ဒီရွာထဲက ဒကာဒကာမတွေ လှူဒါန်းတဲ့ ဆွမ်းကွမ်းကို အမှီပြုပြီး

ငါ အသက်ရှင်ရပ်တည်နေရတယ်။ ငါ့အပေါ်မှာ ဒကာဒကာမတွေရဲ့ ကျေးဇူးတွေ ရှိတယ်။

ဒါကြောင့် ငါ နေချင်သလို နေဖို့ မသင့်ဘူး။ ငါ လုပ်ချင်တာ လုပ်ဖို့ မသင့်ဘူး။

ငါ့အပေါ် ကျေးဇူးရှိလို့ သူတို့အပေါ်ကိုလည်း ပြန်ပြီး ကျေးဇူးပြုနိုင်ရင် ကောင်းမှာပဲ” ဆိုတဲ့

အတွေးတွေဟာ ရဟန်းတစ်ပါးရဲ့စိတ်ကို ပိုပြီး ပီသစေပါတယ်။

ဆွမ်းမပို့တဲ့ ရွာတွေမှာကျ ရဟန်းတွေနဲ့ ဒကာဒကာမတွေဟာ

ခပ်စိမ်းစိမ်းဆိုတော့ ကျေးဇူးဆိုတာလည်း သိပ်ပြီး မရှိလှသလိုပါပဲ။

ကျေးဇူးတွေ နည်းပါးတော့ တစ်ဖက်နဲ့တစ်ဖက် ထောက်ထားငဲ့ညှာစရာတွေလည်း

သိပ်မလိုကြလို့ ခပ်စိမ်းစိမ်းဟာ ခပ်စိမ်းစိမ်းပဲ နေခဲ့ကြပါတယ်။

တစ်ဖက်နဲ့တစ်ဖက် ကျေးဇူးတရားလေးတွေ အပြန်အလှန်ရှိမှသာလျှင်

နေရထိုင်ရတာလည်း ပိုပြီး ပျော်မွေ့စရာ ကောင်းမယ်ထင်ပါတယ်။

ရဟန်းတွေဘက်ကလည်း “သူတို့ပို့တဲ့ဆွမ်းနဲ့ အသက်ရှင်နေထိုင်ရတဲ့ ဘဝမို့ သူတို့ဟာ ငါ့ရဲ့ကျေးဇူးရှင်တွေပါလား”ဆိုတဲ့

အသိမျိုး ဝင်သင့်သလို လူတွေဘက်ကလည်း “ဦးဇင်းရှိလို့ ဆွမ်းကွမ်းလှူရတာကြောင့် ဒါနကုသိုလ်တွေ ရတယ်။

ဦးဇင်းရှိလို့ ဘုရားတည်ဖြစ်တယ်။ ကျောင်းဆောက်ဖြစ်တယ်” ဆိုတဲ့

အပြန်အလှန် ကျေးဇူးတရားလေးတွေ ရှိနေနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။

ချင်းတောင်ပေါ်က ဆွမ်းမပို့တဲ့ ရွာလေးတွေကိုလည်း အပြစ်မဆိုသာပါဘူး။

တကယ်တော့ သူတို့ရွာလေးတွေဟာ ဗုဒ္ဓဘာသာသက်တမ်း အင်မတန် နုနယ်ကြပါသေးတယ်။

ရွာထဲမှာ ခရစ်ယာန်တစ်ဝက်၊ ဗုဒ္ဓဘာသာတစ်ဝက်မို့ ဗုဒ္ဓဘာသာကလည်း ခရစ်ယာန်ထဲ အချိန်မရွေး ဝင်သွားနိုင်သလို

ခရစ်ယာန်ကလည်း ဗုဒ္ဓဘာသာထဲကို အချိန်မရွေး ဝင်လာနိုင်ပါတယ်။

သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ခံစားချက် သိပ်မရှိကြတာကိုလည်း တွေ့ရပါတယ်။

လူသာသနာပြုပုဂ္ဂိုလ်နဲ့ မတည့်လို့ ခရစ်ယာန်ထဲ ပြောင်းသွားရတာနဲ့၊ ဘုန်းကြီးနဲ့ မရင်းနှီးလို့

တစ်ခြားဘာသာထဲ ပြောင်းသွားရတာနဲ့။ သူတို့အတွက်ကတော့ ဘာသာတစ်ခုကနေ တစ်ခုကို

ကူးပြောင်းကိုးကွယ်ဖို့က ရေသောက်သလောက်တောင် ခက်ပုံ မရပါဘူး။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာသက်တမ်းနုသေးတဲ့ ချင်းတောင်ပေါ်က ရွာလေးတွေမှာ

ဆွမ်းကွမ်းကို ကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးရပ်တည်နေရတဲ့

သူငယ်ချင်း၊ ညီတော်၊ နောင်တော်အားလုံးကို လေးစားမိပါကြောင်း…။

မောင်ခေမိန်(မကွေး)