ရန်ကုန်မြို့လယ်က အလံပြဘုရား

ရေးသားသူ – ဘသန်းတင်

ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ္ဘာအေး ဘုရားလမ်းတို့သည် ရန်ကုန်မြို့၏ အဓိက လမ်းမကြီးများ ဖြစ်သဖြင့် လူတိုင်းသိသော်လည်း ဆူးလေ ဘုရားလမ်းနှင့် တစ်ဆက်တည်း ရှိနေသော အလံပြ ဘုရားလမ်းကို လူတိုင်းမသိပါ။

ရန်ကုန်မြို့တွင် နေထိုင်သူများသည် အလံပြဘုရားလမ်းကို Signal Pagoda Road ဟူသော အင်္ဂလိပ်အမည်နှင့်တွဲ၍ သိသော်လည်း အလံပြ ဘုရားကို တစ်ကြိမ်တစ်ခါမျှ မဖူးနိုင်ခဲ့ပါ။ အလံပြဘုရားသည် ကျွန်တော်တို့အတွက် နီးလျက်နှင့် ဝေးနေခဲ့ပါသည်။

ယခုအချိန်တွင် ဗုဒ္ဓဘာသာဝင်အားလုံး စစ်ရုံးချုပ်ဝင်းအတွင်း ကုန်းမြင့်ပေါ်တွင် တည်ထားသော သမိုင်းဝင်ဆံတော်ကြို အလံပြဘုရားကို ဖူးမြော်ကန်တော့ခွင့် ရနေပါပြီ။

ရွှေတိဂုံဘုရားလမ်း အချက်ပြမှတ်တိုင် အနီးရှိ စစ်ရုံးဂိတ်တွင် သမိုင်းဝင် ဆံတော်ကြို အလံပြဘုရားသို့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မည်သူမဆို ဝင်ရောက်ဖူးမြော် နိုင်ပါသည်ဟူသော ဆိုင်းဘုတ် စိုက်ထူထားပါသည်။

ရန်ကုန်မြို့လယ် အချက်အချာနေရာတွင် ရှိသော်လည်း နှစ်ပေါင်းကြာရှည်စွာ ဖူးခွင့်မရသည့် သမိုင်းဝင် ဆံတော်ကြို အလံပြဘုရားကို ဗုဒ္ဓဘာသာဝင်များ ဝင်ရောက်ဖူးမြော်နိုင်ကြောင်း ဖိတ်ခေါ်သော ဆိုင်းဘုတ်ဖြစ်ပါသည်။

စစ်ရုံးဝင်းအတွင်းသို့ ဝင်သွားလျှင် လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူထားသဖြင့် ဘုရားကုန်းသို့ အလွယ်တကူ သွားနိုင်ပါသည်။ ရွှေပြားသင်္ကန်းများ အသစ်တစ်ဖန် ဆက်ကပ်လှူဒါန်းထားသည့် အလံပြ ဘုရားသည် နံနက်ခင်း နေရောင်ခြည်အောက်တွင် တဖိတ်ဖိတ် ဝင်းလက်တောက်ပနေသည်ကို အားပါးတရ ဖူးခွင့်ရခဲ့ပါသည်။

အလံပြဘုရားသည် ရင်ပြင်တော်မှ ငှက်ပျောဖူးအထိ ၈၂ ပေနှင့် လက်မဝက်မြင့်ပြီး ရင်ပြင်တော်မှ ထီးအထိ ၉၈ ပေ၊ ၄ လက်မမြင့်ပါသည်။ ဖိနပ်တော်အကျယ် ၈၆ ပေ ပေါ်တွင် ၅ပေ၊ ၂ လက်မမြင့်သော ပန်းတင်ခုံခံကာ ပစ္စယာသုံးဆင့်နှင့် တည်ထားခြင်း ဖြစ်သည်။

၁၁ ပေ ၆ လက်မမြင့်သော ခေါင်းလောင်းပုံပေါ်တွင် ၁၆ ပေ မြင့်သော ဖောင်း ၁၃ ရစ်ခံထားသဖြင့် စေတီတော် ၏ပုံရိပ်သည် ပိုမိုသွယ်လျ ကြော့ရှင်းသွားသည်ဟု ထင်မိပါသည်။

မုခ်ဦးစြင်္ကံလမ်း ဘေးနှစ်ဘက်တွင် ခြင်္သေ့ကြီး နှစ်ကောင်ရှိသကဲ့သို့ ရင်ပြင်တော် ဘုရားထောင့် သုံးခုတွင်လည်း ခြင်္သေ့ကြီး တစ်ကောင်စီ ရှိပါသည်။ ထို့ကြောင့် အလံပြဘုရားကို ခြသေ့ၤငါးကောင်ရှိသော ဘုရားဟု ခေါ်နိုင်ပါသည်။ ရံစေတီမှာ ထောင့်လေးထောင့်တွင် တစ်ဆူစီ ရှိသဖြင့် စုစုပေါင်း လေးဆူဖူးခဲ့ရပါသည်။

သာသနာ သမိုင်းဝင် ဆံတော်ကြိုဘုရားကို ကျွန်တော်တို့အားလုံး အလံပြဘုရားဟု အလွယ်တကူ ခေါ်နေသော်လည်း ဤစေတီတော်တွင် ဘွဲ့တော်ခုနစ်ခု ရှိကြောင်း သိရသောအခါ အံ့သြမဆုံး ဖြစ်မိပါသည်။

ဤစေတီတော်တွင် ဆံတော်ကြို၊ မင်းလက်ဝဲ၊ ကျိုက်ခ ပေါက်ဆွတ်၊ မတ်ကရီ၊ ဆေးလ်၊ ဂေါ်ရာကုန်း၊ အလံပြ ဘုရား ဟူ၍ ဘွဲ့တော်ခုနစ်မျိုးရှိကြောင်း ကျောက်စာ ဖတ်ရသောအခါ အလွန်စိတ်ဝင်စားမိပါသည်။


ထိုကျောက်စာတွင် ‘မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် တဖုဿ နှင့် ဘလ္လိက ကုန်သည်နှစ်ဦးသည် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူအား မဇ္ဈိမဒေသမှ ဥက္ကလာပ မြို့သို့ပင့်ဆောင်လာခဲ့ပြီး ဤနေရာတွင် ဥက္ကလာပြည့်ရှင်မင်းနှင့် ပရိသတ်များ ကြိုဆို၍ ဆံတော်ကြို စေတီအား တည်ထားကိုး ကွယ်ခဲ့သည်’ဟု ရေးထိုးမှတ်တမ်း တင်ထားကြောင်း တွေ့ရပါသည်။

သက္ကရာဇ် (၁၁၃၇)ခုနှစ်၌ ဆင်ဖြူရှင်မင်းတရားကြီး ရန်ကုန်မြို့သို့ တိုင်းခန်းလှည့်လည်ကြွချီတော်မူစဉ် မင်းလက်ဝဲဘွဲ့အမည်ရှိ စစ်သူကြီးမဟာစည် သူက ပြိုကျပျက်စီးနေသည်များကို ပြုပြင်မွမ်းမံသောကြောင့် “မင်းလက်ဝဲဘုရား”ဟု ခေါ်တွင်ကြသည်။

ကျိုက်ခပေါက်ဆွတ်မှာ မွန်ဘုရားဘွဲ့တော် ဖြစ်သဖြင့် မွန်လူမျိုးများတည်ထား ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သက္ကရာဇ်(၁၁၈၆)ခုနှစ်တွင် အိန္ဒိယပြည် ဘင်္ဂလားတိုင်းရင်းသားတို့၏ ဗိုလ်ချုပ်မက်ကရိ(Brigadier Maccreagh) သည် (၂)နှစ်နီးပါး အလံပြစေတီတော် ရင်ပြင်ထက်၌ စစ်စခန်းပြုကာ နေထိုင်သွားခဲ့သောကြောင့် (MC Creagh’s Pagoda) “မက်ကရိဘုရား”ဟု အမည်တွင်ခဲ့သည်။

(၁၈၃၅)ခုနှစ် မြန်မာသက္ကရာဇ် (၁၁၉၇)ခုနှစ်တွင် ဂျလာဘတ် ဗိုလ်ချုပ်ကြီး (ဂျင်နရယ်ဆေးလ်)ဖြစ်လာမည့် လက်ဖတင်နင်ဆေးလ်သည် အလံပြဘုရားကုန်းပေါ်တွင် တပ်စွဲ၍ ဂေါ်ရာစစ်တပ်ကို အုပ်ချုပ်ခဲ့သည်ကို အစွဲပြု၍ “ဆေးလ်ဘုရား” ( Sale’s Pagoda) ဟုလည်း ခေါ်တွင်ခဲ့ကြသည်။

(၁၉၁၀-၁၉၂၀)ပထမကမ္ဘာစစ်ကာလအတွင်း ဘုရားကုန်းတော်တည်ရှိရာ ကုန်းမြေပေါ်၌ ဂေါ်ရာစစ်သားများ တပ်စွဲသော ကုန်းတော်ကို ဂေါ်ရာကုန်းဟု ခေါ်တွင်သည့်အတွက် ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ အလံပြဘုရားကို “ဂေါ်ရာကုန်းဘုရား”ဟု ခေါ်ခဲ့ကြသည်။

နောက်ဆုံးအမည်ဖြစ်သော “အလံပြစေတီ””အလံပြစေတီ” မှာ အင်္ဂလိပ်များ မြန်မာပြည်အောက်ပိုင်းကို သိမ်းပြီးနောက် ဤဆံတော်ကြိုကုန်း၌ တပ်စွဲ၍ စေတီထက်မှ သင်္ဘောအဝင်အထွက် အလံတင်အချက်ပြသောကြောင့် “အလံပြဘုရား”ဟု”အလံပြဘုရား””အလံပြဘုရား” ယခုတိုင်အမည်နာမတွင်လေ၏။

ဘုရားသမိုင်းကို လေ့လာသောအခါ သာသနာနှစ် ၁၅ဝ၊ ဘီစီ ၃၉၄ ခန့်တွင် ဒွတ္တဘောင်မင်းက ပြုပြင် မွမ်းမံခဲ့ပြီး သာသနာနှစ် ၂၃၆၊ ဘီစီ ၃ဝ၄ ခန့်တွင် စူဠသီရိဓမ္မာသောက မင်း၊ သာသနာနှစ် ၉၃၆၊ အေဒီ ၃၉၂ ခန့်တွင် သထုံဘုရင် ဓမ္မပါလမင်း၊ သာသနာနှစ် ၁၅၉၈၊ အေဒီ ၁ဝ၅၄ ခန့်တွင် သထုံဘုရင် မနုဟာတို့ ပြုပြင်မွမ်းမံခဲ့ကြောင်း သိရပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ဝဝ ခန့်အမြင့်တွင်ရှိသော အလံပြ ဘုရားသည် သာသနာနှစ် ၁၈၉၂၊

ကောဇာသက္ကရာဇ် ၇၁ဝ တွင် ပထမ အကြိမ်ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ကောဇာ ၇၉၈၊ အေဒီ ၁၄၃၆ တွင် ဒုတိယအကြိမ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပါသည်။ ကောဇာ ၉၂၆၊ အေဒီ ၁၅၆၄ တွင် တတိယအကြိမ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ကြောင်းလည်း မှတ်သားရပါသည်။

စတုတ္ထအကြိမ် ပြိုကျစဉ် ပြန်လည်တည်ထားသူမှာ မင်း၊ မိဖုရား၊ အမတ်များမဟုတ်ဘဲ ဆင်ဖြူရှင်မင်း၏ စစ်သူကြီး မဟာစည်သူဖြစ်ကြောင်း သိရသဖြင့် မှတ်သားထားမိပါသည်။

ယခင် ဗြိတိသျှ အစိုးရလက်ထက် စစ်တပ်များ ရုံးစိုက်စဉ်က ဂေါ်ရာကုန်းဟု ခေါ်ခဲ့သည့် ထိုဘုရားကုန်းသည် ရွှေတိဂုံစေတီတော် တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်နှင့် တစ်ဆက်တည်းဖြစ်ပြီး ရွှေတိဂုံ စေတီတော်ခြေရင်းမှ ဦးထောင်ဗိုလ်လမ်းကို မြေဖို့လိုက်လျှင် တောင်ကြောတစ်ဆက်တည်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ရွှေတိဂုံဘုရား သမိုင်းမူကွဲ တစ်ခုတွင် နောက်ဆုံးဌာပနာ ပိတ်မည့်ရက်၌ ရန်ကုန်မြစ်ဒီရေ အမြင့်ဆုံး တက်ချိန်ကိုစောင့်ပြီး ဌာပနာ တိုက်ပိတ်ကြောင်း ဖတ်ရပါသည်။

ဒီရေအမြင့်ဆုံး တက်သောအချိန်ကို စောင့်၍ အချက်ပြခြင်းမှာ အလံဖြင့် ဝှေ့ရမ်းအချက်ပြခြင်းဖြစ်သဖြင့် အလံပြဘုရား Singnal Pagoda ဟူသောအမည်နှင့် ကိုက်ညီနေသည်ဟု ပြောနိုင်ပါသည်။ ဤဇာတ်လမ်း မည်မျှမှန်ကန်ကြောင်း မပြောနိုင်သော်လည်း ရွှေတိဂုံ စေတီတော်ဌာပနာ တိုက်ပိတ်ခြင်းနှင့် ဆက်စပ်နေသဖြင့် မှန်ကန်

လိမ့်မည်ဟူ ယူဆမိပါသည်။ ဘုရားဘွဲ့တော် ခုနစ်ခုရှိသည့်အနက် ပထမဆုံးဘွဲ့နှင့် နောက်ဆုံးဘွဲ့ကို ပေါင်း၍ ‘ဆံတော်ကြို အလံပြဘုရား’ ဟုခေါ်တွင်ခြင်းမှာ အလွန်သင့်မြတ် ပြီးသမိုင်းနောက်ခံနှင့် တစ်သားတည်း ဖြစ်နေပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ရွှေတိဂုံ စေတီတော်ကြီးနှင့် အနီးဆုံး ကုန်းမြင့်ပေါ်တွင် တည်ထားသည့် အလံပြ ဘုရားသည် သမိုင်းနောက်ခံအရ ရွှေတိဂုံစေတီတော်ကြီးနှင့် တူညီသကဲ့သို့ သက်တမ်းအရလည်း ရွှေတိဂုံ စေတီတော်ကြီးနှင့် တူညီနေသည်ကို တွေ့ရပါသည်။

ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်မှု သမိုင်းကြောင်းကို ရေးလျှင် အလံပြဘုရားသမိုင်း မပါ၍ မရပါ။ ရွှေတိဂုံ စေတီတော်ဌာပနာ တိုက်အတွင်း ဆံတော်နှစ်ဆူတင်ထားသည့် ရွှေလှေထည့်၍ ဒီရေအမြင့်ဆုံး တက်ချိန်တွင် ဌာပနာ တိုက်ပိတ်ကြောင်း မှတ်တမ်းရေးလျှင် အလံပြ ဘုရားတည်ရှိရာ တောင်ကုန်းပေါ်မှ အလံပြ၍ အချက်ပေးသည်ကို ချန်လှပ်ထား၍ မရပါ။ အင်္ဂလိပ်လို Signal Pagoda ဟူသော အမည်သည် အလံပြ ဘုရားသမိုင်း ပုံရိပ်ကို ပီပြင်စွာ ဖော်ပြနေသည်ဟု ယုံကြည်ပါသည်။