ကိုယ်တွေ.‌‌ ကျောက်ဖရုံသီး အစွမ်းထက်ခြင်

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် ကျောက်ကပ်မကောင်းသောရောဂါဖြင့် ပြည်တွင်း အထူးကု ဆရာဝန်ကြီးများ ပြသနေရာမှ တစ်နှစ်အကြာတွင် ဂေါက်ခေါ်အဆစ်ရောင် ရောဂါပါ ပါဝင်လာသဖြင့် (ငွေကြေးလည်း တတ်နိုင်သူဖြစ်သဖြင့်) စင်ကာပူနိုင်ငံသို့ သွားရောက်ပြသကုသနေရသည်။

ဆေးများ စားနေရသည့်အပြင် လိုအပ်သောသွေး စစ်ချက်များကို စင်ကာပူနိုင်ငံသို့ပို့ပြီး စမ်းသပ်နေရသည်။ လွန်ခဲ့သောရက်ပိုင်းက သူက ဝမ်းသာအားရဖြင့် ဖုန်းဆက်လာသည်။သူ၏ကျောက်ရောဂါမှာ ထူးထူးခြားခြား သက်သာပြီဟုဆိုသည်။

သက်သာသည်ဟုပြောရခြင်းမှာ စင်ကာပူနိုင်ငံသို့ပို့၍ စစ်ဆေးရသော သူ၏သွေးစစ်ချက်အဖြေများမှာ တိုးတက်ကောင်းမွန်လာပြီး ကျောက်ကပ်အစားထိုးကုသရမည့်ဘေးမှ ကင်းလွတ်သွားပြီး ဆက်၍ အစားအသောက် အနေအထိုင် ဂရုပြုရန်သာလိုသည်ဟု ဆိုသည်။

”သူငယ်ချင်းက တိုင်းရင်းဆေးဆရာကြီးပဲ၊ ငါဘယ်ဆေးနဲ့သက်သာသွားလဲ သိချင်လား . . .”ဟု သူက မေးပါသည်။

စာရေးသူက ”ပြောပြပါ . . . ” ဆိုမှ သူ၏အဖြေမှာ ”ကျောက်ဖရုံသီးအစွမ်း ပေါ့ကွာ”ဟု ဆိုသည်။ အမှန်ပင် ကျောက်ဖရုံ သီးတစ်လုံး အလယ် အူတိုင်ဖယ်၊ အသားများကို ယူပြီး သကြားရည်နှင့်ရောစပ်ပြီး ဖျော်ရည်စက်တွင်ထည့်၍ ေ

ဖျာ်ရည်လုပ်သောက်ရာမှ ၁ဝ ရက်ခန့်တွင် သွေးစစ်ချက် များတိုးတက်လာပြီး တစ်လကျော်ကြာသောအခါ ကောင်းမွန်သည့်အဆင့်သို့ ရောက်ရှိခဲ့ သည်ဟုဆိုသည်။

ထို့အပြင် ကျောက်ဖရုံသီးကို ဟင်းချိုအဖြစ်လည်းချက်ပြီး နေ့စဉ်စားခဲ့သည်ဟု ပြောပါသည်။

ကျောက်ကပ်လဲရမည့်သူတစ်ဦး ပြန်ကောင်းလာသည်ဆိုသဖြင့် ကျောက်ဖရုံ သီး၏အစွမ်းထက်သော ဆေးဖက်ဝင်ပုံကို လေ့လာဆန်းစစ်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာပါသည်။

ကျောက်ဖရုံသီးကို ဟင်းချိုချက်စားသည်ထက် ဟင်းခါးချက်၍စားသူက ပိုများသည်။ ဟင်းချိုတွင် ငရုတ်ကောင်းမှုန့်အနည်းငယ် ခပ်လိုက်လျှင် ဟင်းခါးဖြစ် သွားသည်။ အသားငါးနှင့် ရောချက်စား၍လည်း ရပါသည်။ ကျောက်ဖရုံယိုသည် အလွန်စားကောင်းပြီး ဧည့်သည်များကို တည်ခင်းဧည့်ခံလျှင် အမြင်လှသော အချို စားဖွယ်ဖြစ်သည်။

ရှေးကလူကြီးများ အသက်ကြီးလာလျှင် ဆီးပြဿနာရှိလာသဖြင့် ကျောက် ဖရုံသီးဟင်းချိုကို ပုစွန်ခြောက်၊ ငါးကျည်းခြောက်များဖြင့် ရောချက်ပြီး ဓာတ်စာ အဖြစ် စားလေ့ရှိကြသည်။

ကျောက်ဖရုံသီးကို မိုးကြိုးကွင်းသည်ဟူသော အယူအဆဖြင့် အိမ်ခေါင်မိုး ပေါ်တွင် တင်ထားသူများ လည်းရှိသည်။ ကျမ်းစာများတွင် မပါသော်လည်း ရှေးအယူ အဆအဖြစ် ယုံကြည်သူများက ပြု လုပ်နေကြဆဲဖြစ်သည်။

ကျောက်ဖရုံသီးသည် အပုပ်နံ့ကို စုပ်ယူသည်ဟုယူဆပြီး ရှေးက ၅ ရက်၊ ၇ ရက်ထားသော အသုဘအိမ်များတွင် လူသေကောင်ခြေရင်း (သို့မဟုတ်) အောက် တွင် ကျောက်ဖရုံသီးကို ထား လေ့ရှိသည်။ အချို့က ထက်ခြမ်းခွဲပြီး ဗိုက်ပေါ်မှောက်ထား သည်လည်းရှိသည်။

ထက်ခြမ်းခွဲပြီး အလောင်းအနီးအနားတွင်ထားသည်လည်း ရှိသည်။

အရပ်ဓလေ့အမျိုးမျိုးရှိသည်။ ဤသို့ထားရှိသည်ကိုမြင်ပြီးနောက် အချို့က ကျောက်ဖရုံသီးကို မစားချင်ကြတော့။ အမြင်ကြောင့် အစွဲအလမ်း ဖြစ်ပြီး မစား ချင်ဖြစ်သွားပုံရသည်။

အမှန်တော့ ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အစာ ဖြစ်သည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်အတွက် အလွန်ကောင်းသည်။ အရွက်၊ အညွန့်၊ အသီး သုံးမျိုးလုံးစားကောင်းသောအသီးမျိုးဖြစ်သည်။ ကျောက်ဖရုံသီးသည် တာရှည်လည်းအထားခံသည်။ ကျောက်ဖရုံသီး၏အထူးဆေးစွမ်းမှာ ဆီးအိမ်ကို သန့်ရှင်းစေသည်ဟု ရှေးဆေး ကျမ်းများစွာက ဖော်ပြသည်။

ကျောက်ဖရုံသီးကို ဆေးဖော်စားသဖြင့် ကုသရန်ခက်ခဲ သည့် ကျောက်ကပ်ဖော ရောဂါ ပျောက်ကင်းသည်ကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကိုယ်တွေ့ တွေ့ဖူးပါသည်။

ကျောက်ကပ်အလုပ် မလုပ်သဖြင့် ဆီးကောင်းစွာမသွားနိုင်ဘဲ ဆီးခုံမှစ၍ အောက် ပိုင်း ခြေနှစ်ဖက် လုံးရာင်ပြီး ခြေခုံနှစ်ဖက်လုံး ဖောင်းကားပြီး စီးနေကျဖိနပ်ပင် မဝင်၊ မဆံ့တော့သောရောဂါမျိုးဖြစ်သည်။ဆေးဖော်စပ်ပုံကို တင်ပြပါမည်။

ကျောက်ဖရုံသီးအလုံးရင့်ရင့်တစ်လုံးကို ထိပ်ပိုင်းလက်လေးသစ်ခန့်မှ ဖြတ်လိုက်ပါသည်။အတွင်းမှ အစေ့များပါသောအူတိုင်ကို ဖယ်ထုတ်လိုက်ပါ၊ ထို့နောက် လွတ်သွားသော အလယ် အူကြောင်းတွင် ချွတ်ဆေးမသုံးသည့် သကြားအညိုကို ဝင်ဆံ့သလောက်ထည့်ပါသည်။

ထို့နောက် ဖြတ်ထားသော ထိပ်ပိုင်းကို ပြန်အုပ်ပြီး လက်နှစ်လုံးခန့်ရှိသော ပိတ်စနှစ်ပေခန့်အရှည်တွင် ကွမ်းစား ထုံးကို သုတ်လိမ်းပြီး အသီးထိပ်ပိုင်း အဖုံးမရွေ့စေရန် ပတ်ထားပါသည်။

ထိုကျောက်ဖရုံသီးကို နတ်အုန်းဆွဲသကဲ့သို့ ကြိမ်ဆိုင်းကြိုးဝယ်ယူပြီး လေထဲတွင် ချိတ်ဆွဲထားသည်။ အတွင်း၌ဓာတ်ပြုသွားစေရန် ၃ ရက်မှ ၅ ရက်အထိ ထားရသည်။ ရက်စေ့လျှင် ဆွဲထားသော ကျောက်ဖရုံသီး ဖင်ပိုင်း အောက်တည့်တည့်မှ စူးချွန်ဖြင့်ဖောက်လိုက်ပါ။

အရည်များကျလာမည်။ ထိုအရည်ကို ခံယူပြီး ပုလင်းများဖြင့် ထည့်သိမ်းထားပါ။ အေးသောနေရာတွင်ထားပါ။

အချို့တောအရပ်တွင် စပါးရှိလျှင် စပါး သို့မဟုတ် စပါးခွံပုံးထဲ မြှုပ်သိမ်းထားလေ့ရှိသည်။

ကျောက်ဖရုံသီးနှင့်သကြားအရည်ကို တစ်နေ့လျှင် တစ်ပုလင်းစာ၊ နှစ်ကြိမ် သုံးကြိမ်ခွဲ၍ သောက်သုံးပေးရပါသည်။ ဆီးများစွာသွားပြီး အရောင်များ ကျသွား သည်ကို တွေ့ရပါသည်။ ထိုဆေးသည် ကျောက်ကပ်ကို သန့်စင်စေသည်။ အလုပ် ပြန်လုပ်စေသည့်ဆေးမျိုးဖြစ်သည်။

သကြားထည့်ရသော ဆေးမျိုးဖြစ်သဖြင့် ဆီးချိုရောဂါရှိသူများအတွက်တော့ အဆင်ပြေမည်မဟုတ်ပါ။ ကျောက်ဖရုံသီး၊ ကျောက်ဖရုံရွက်၊ အစေ့၊ အပင်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါ သည်။ ဆေးကျမ်းများအဆိုအရ –

ကျောက်ဖရုံအပွင့်ကို စားပေးလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါ သက်သာ စေနိုင်သည်။

-အသီးကို စားခြင်းဖြင့် အားရှိစေသည်။ အဆုတ်ရောဂါနှင့်သင့်သည်။ သွေးအန်သွေးကျ ရောဂါသက်သာစေသည်။

-အသီးကို နေ့စဉ်စားသုံးလျှင် ဆီးနှင့်ကျောက်ကပ်ရောဂါများအတွက် အကျိုးပြုသည်။ ဆီးအိမ်ကို သန့်စင်စေသည်။

-အသီး၏အရည်ကို နေ့စဉ်သောက်သုံးပေးလျှင်၊ ဖျော်ရည်ပြုလုပ်၍ သောက်လျှင်ကျောက်ကပ်မှ ကျောက်ကျစေသည်။

-အသီးထဲတွင် ရှိန်းခိုနှင့် ဂျုံပြဆား အနည်းငယ်ထည့်၊ အရည်ကို စစ်သောက် လျှင် ကျောက်များ ကွဲ၍ ကျစေနိုင်သည်။

ကျောက်ဖရုံသီးကို အရည်ဖျော်၍ လေနာ၊ ဝက်ရူးနာ၊ အရူးရောဂါများ အတွက်လည်း သုံးသည်။

ကျောက်ဖရုံစေ့ကို ကလေးသန်ချဆေးအဖြစ်သုံးသည်။

ကျောက်ဖရုံပင်အမြစ်ကို အခြောက်မှုန့် ပြုလုပ်သောက်သုံးလျှင် ပန်းနာ ရင်ကျပ်ရောဂါ သက်သာပျောက်ကင်းစေသည်။

ကျောက်ဖရုံယိုသည် အစာအိမ်၊ ဆီးအိမ် ပူသောရောဂါကို ငြိမ်းစေနိုင်သည်။ အစာကိုလည်း ကြေစေနိုင်သည်။

Credit-ကြည်လွင်မြင့် (မုဒြာ)