အချိန်လွန်မှ ဆွမ်းတော်စွန့်ခြင်း

အချိန်လွန်မှ ဆွမ်းတော်စွန့်ခြင်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
“အရှင်ဘုရား… တပည့်တော်မ မေးချင်တာလေး ရှိလို့ပါ ဘုရား …
အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါ ဘုရား။


တပည့်တော်မတို့က အလုပ်ကို မနက်အစောကြီးသွား ညမိုးချုပ်မှ ပြန်ရောက်ပါတယ် ဘုရား။
အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကို အမြဲကပ်လှူပါတယ်။
ညမိုးချုပ် ပြန်ရောက်မှပဲ စွန့်ရပါတယ် ဘုရား။


အဲ့ဒီအတွက် တပည့်တော်မစိတ်ထဲ
မတင်မကျ ဖြစ်မိပါတယ်။
ပြန်ရောက်မှ စွန့်ရတဲ့အတွက် ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ် ဘုရား။
မိုးချုပ်မှ စွန့်ကောင်းလား။ မစွန့်ကောင်းလား သိချင်ပါတယ် ဘုရား။”


(ပန်းအိမ်စံ )
.
.
“လူတွေမှာ ရှစ်ပါးသီလ ဆောက်တည်ထားပါလျှင် ညစာ မစားရပါဘူး။
ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာကောင်းပါတယ်။


ဒါပေမယ့် နေ့လည် ၁၂နာရီမကျော်ခင် စွန့်ပါလို့ အကြံပြုပါတယ်။
ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူ တစ်ဦးဦးအား စွန့်ခိုင်းစေချင်ပါတယ်။


သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီး
လျှင်သော်လည်းကောင်း၊ ဆွမ်းတော်တင်ပြီး ရုံးသွားခါနီး စွန့်နိုင်ပါတယ် ဒကာမ။ ညနေထိတော့ မထားကောင်းပါ။
အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။


အရုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။
အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံး လစဉ် နံနက်( ၅း၃၀ )လောက်ကပ်မှ သင့်တော်မည် ဖြစ်ပါသည်။


(၄း၃၀) (၄း၄၀) (၅)နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့ရှိသည်ကို သတိပြုအပ်၏။
ထိုကြောင့် မယုတ်မလွန် လစဉ် နံနက်(၅း၃၀)နာရီဆိုပါလျှင် ကပ်မည်ဆိုပါက
လစဉ်လတိုင်း အဆင်ပြေမည် ဖြစ်ပါသည်။


အဘယ်ကြောင့်ဆိုသော်… အကယ်၍ (၄း၃၀)ကို လစဉ်လတိုင်းကပ်မည်ဆိုပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့်ဖြင့် အရုဏ်တက်သည့်လများတွင် ကိုယ်က (၄း၃၀)လစဉ်လတိုင်း ကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။


.
အချုပ်အားဖြင့် …
နေ့ဆွမ်းဆိုလျှင်
နေ့လည်(၁၂)နာရီမထိုးခင် စွန့်သင့်ပြီး
အရုဏ်ဆွမ်းဆိုပါလျှင်


ရှေ့လွတ်၊နောက်လွတ်(၅း၃၀)နာရီလောက် ကပ်သင့်ကြောင်း ဖြေကြားလိုက်ပါသည်။
သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူ မှတ်ပါ။


ရှေးက မသိခဲ့လို့ မစွန့်မိတာကို စိတ်ထဲ စွဲလန်းမထားဘဲ ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာ ဂရုစိုက်ပါ။
သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ


တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)