
အောင်မြင်ကျော်ကြားသူ များရဲ့ အသက် ၂ဝ အရွယ်မှာ ဘာတွေ လုပ်နေခဲ့လဲဆိုတဲ့ အကြောင်း အတုယူ မှတ်သားဖွယ်ရာများ
အရွယ်ကောင်းချိန်၊ ငယ်ရွယ်နုပျိုချိန်မှာ ကြိုးစားရုန်းကန်ပါတဲ့…

အသက်၂ဝဆိုတဲ့အရွယ်ဟာ ကြီးပြင်းပြီလား၊ အသက်၂ဝဆိုတဲ့အရွယ်ဟာ စိတ်ကူးအိပ်မက်နဲ့ ဘယ်လောက်ဝေးနေသေးလဲ၊

အောင်မြင်ထင်ရှားသူတို့ရဲ့ အသက်၂ဝအရွယ်ကို ပြန်ကြည့်ကြည့်ကြရအောင်၊ အဲဒီအရွယ်မှာ သူတို့ရဲ့စိတ်ကူးအိပ်မက်နဲ့ သူတို့ဘယ်လောက်ဝေးနေခဲ့သေးလဲ…

အသက်၂ဝအရွယ် အိုဘားမား (အမေရိကန်သမ္မတ)

အဲဒီအရွယ်မှာ အိုဘားမားဟာ ဆေးလိပ်အရက်သောက်ရင်း ဦးနှောက်ခြောက်စရာတွေကို မေ့ပစ်အောင်ကြိုးစားခဲ့တယ်။

၁၉၈၃ခုနှစ် ၂၂နှစ်အရွယ်အိုဘားမားဟာ ကိုလံဘီယာတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံနဲ့ကျောင်းပြီးခဲ့တယ်။ အဲဒီမတိုင်ခင်မှာတော့ သူဟာ လူမျိုးစုံသွေးနှောတဲ့နောက်ခံကြောင့် လူ့အဖွဲ့အစည်းရဲ့အသိအမှတ်ပြုမှုကို အလွယ်တကူမရခဲ့လို့ ကိုယ့်ကိုယ်ကိုသိမ်ငယ်ခဲ့တယ်။ အဓိပ္ပာယ်မဲ့တဲ့နေ့ရက်တွေကို သူဖြတ်သန်းခဲ့ဖူးတယ်။ ဥပမာ- ကျောင်းလစ်တယ်၊ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ ဆန့်ကျင်ပုန်ကန်တဲ့ လူငယ်တစ်ဦးလုံးလုံးဖြစ်ခဲ့တယ်။

အတိတ်ကိုပြန်ပြောင်းအောင်းမေ့တိုင်း အိုဘားမားက “အဲဒီအလုပ်ကို လုပ်ခဲ့တာဟာ “ငါဘယ်သူလဲ”ဆိုတဲ့ပြဿနာကို ခေါင်းထဲကနေညှစ်ထုတ်တာပဲ” လို့ဆိုတယ်။ ၁နှစ်အကြာမှာ အိုဘားမားဟာ ချီကာဂိုကိုသွားပြီး လူမှုအဖွဲ့အစည်းမှာပါဝင်အလုပ်လုပ်ခဲ့တယ်။ အဲဒီနောက် ဟားဗတ်တက္ကသိုလ်မှာ ဥပဒေပညာကိုလေ့လာသင်ယူခဲ့တယ်။

အသက်၂ဝအရွယ် ပူတင် (ရုရှားသမ္မတ)

ဂျူဒိုလေ့ကျင့်တာကိုလက်လွှတ်ပြီး တက္ကသိုလ်ဝင်ခွင့်ဖြေခဲ့တယ်။

လူငယ်လူရွယ်ချိန်ခါမှာ ပူတင်လည်း ဆုံးဖြတ်ချက်တွေဝေခဲ့ဖူးတယ်။ သူ့ရဲ့ဂျူဒိုသင်တန်းဆရာက သူ့ကို ပိုကောင်းတဲ့အတတ်ပညာကျောင်းမှာ ဂျူဒိုပညာကို ဆက်လက်ဆည်းပူးသင်ယူစေချင်ခဲ့တယ်။ ဒါပေမယ့် ပူတင်က တက္ကသိုလ်ဝင်ခွင့်ဖြေဖို့၊ စာမေးပွဲမအောင်ခဲ့ရင် စစ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၇၁ ခုနှစ် ၁၉နှစ်အရွယ်မှာ ပူတင်ဟာ (ယခု) Saint Petersburg State တက္ကသိုလ်မှာ ဥပဒေပညာကို လေ့လာသင်ယူခဲ့တယ်။

“ဒါဟာ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံးကာလတစ်ခုပေါ့။ ကျွန်တော့်ကို ပြတ်သားတဲ့ရွေးချယ်မှုတစ်ခု ပြုလုပ်စေခဲ့တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်မျှော်မှန်းတဲ့ လူ့ဘဝခရီးသစ်ကိုစမလား၊ ဒါမှမဟုတ် အရှုံးပေးပြီး ကိုယ့်ရည်မှန်းချက်တွေပျက်ပြား တခြားလူစီမံတာကိုပဲ နာခံမလားပေါ့” လို့ ပူတင်က အတိတ်ကိုပြန်ပြောင်းရင်း ပြောခဲ့ပါတယ်။


အသက်၂ဝအရွယ် ရှီကျင့်ဖျင် (တရုတ်ပြည်သူ့သမ္မတ)

ပညာရှာတဲ့ လူငယ်အယောက်တစ်သောင်းကျော်လောက်နဲ့ လယ်ထဲဆင်းအလုပ်လုပ်နေခဲ့တယ်။

ရှီကျင့်ဖျင်ရဲ့ ငယ်ရွယ်ချိန်တော်တော်များများဟာ လယ်တောယာတောထဲမှာပဲ ကုန်ဆုံးခဲ့တယ်။ ၁၉၆၉ခုနှစ် အသက် ၁၆နှစ်အရွယ် ရှီကျင့်ဖျင်ဟာ ပညာရှာတဲ့ လူငယ်အယောက်တစ်သောင်းကျော်လောက်နဲ့ တောရွာဖက်တာဝန်ထမ်းဖို့ စေလွှတ်ခံခဲ့ရတယ်။ စစချင်းမှာ တခြားလူတွေ ဘယ်လိုမှ မနေနိုင်ခဲ့ကြဘူး။ ရှီကျင့်ဖျင်ကတော့ ပင်ပန်းဒဏ်ကိုခံနိုင်ရည်ရှိခဲ့တယ်။ လယ်သမားတွေနဲ့အတူ မြေတွေတူးခဲ့ရတယ်။ လယ်ထဲဆင်းခဲ့ရတယ်။ ပြည်သူတွေက သူ့ကိုထင်မြင်ချက်ကောင်းတွေ ပေးခဲ့ကြတယ်။ အသက် ၂၂နှစ်အရွယ်ကျမှ ပေကျင်းမှာတက္ကသိုလ်တက်ဖို့ အကြံပြုထောက်ခံချက်ရခဲ့တယ်။

အသက်၂ဝအရွယ် အိုင်းစတိုင်း (သိပ္ပံပညာရှင်)

အလုပ်ရှာမရခဲ့လို့ နေအိမ်မှာစာလိုက်သင်တဲ့အလုပ်နဲ့ အသက်မွေးခဲ့ရတယ်။

၁၉ဝဝခုနှစ် ၂၁နှစ်အရွယ်အိုင်းစတိုင်းဟာ ETH Zurich (Swiss Federal Institute of Technology Zurich) ကနေ ကျောင်းပြီးခဲ့တယ်။ သူဟာ တစ်ချို့ဘာသာရပ်မှာ စိတ်ဝင်စားမှုမရှိခဲ့လို့၊ ဆရာတွေအပေါ် ပျူပျူငှာငှာမဆက်ဆံခဲ့လို့ ကျောင်းဆက်တက်ဖို့ ငြင်းဆန်ခံခဲ့ရတယ်။

ကျောင်းပြီးပြီနောက် သူအလုပ်ရှာမရခဲ့ဘူး။ နေအိမ်မှာစာလိုက်သင်တဲ့အလုပ်၊ အစားထိုးဆရာအလုပ်နဲ့ပဲ အသက်မွေးဝမ်းခဲ့ရပါတယ်။ ၁၉ဝ၂ခုနှစ်မှာ ကျောင်းနေဖက်သူငယ်ချင်းရဲ့ဖခင် အကူအညီနဲ့ ဆွစ်ဇာလန်ဗဟိုအစိုးရမှတ်ပုံတင်မူပိုင်ခွင့်ရုံးမှာ အလုပ်ရခဲ့ပါတယ်။

အသက် ၂ဝအရွယ် မာရင် (ဂျက်မာ)

(အလီဘာဘာကို စတင်တည်ထောက်သူ)

အထက်တန်းစာမေးပွဲကို ၃ကြိမ်တိုင်ဖြေဆိုပြီးမှ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ခဲ့တယ်။

၁၉၈၄ခုနှစ်မှာ အထက်တန်းစာမေးပွဲကို ၃ကြိမ်မြောက် မာရင်ဖြေဆိုခဲ့ပါတယ်။ အဲဒီနောက် တက္ကသိုလ်တစ်ခုက လက်မခံချင် ခံချင်နဲ့ သူ့ကိုလက်ခံခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ကျောင်းပြီးတော့ လျှပ်စစ်နည်းပညာကောလိပ်တစ်ခုမှာ သူကျောင်းဆရာလုပ်ခဲ့ပါတယ်။ ၁၉၉၅ခုနှစ် အသက် ၃၁နှစ်ရောက်မှ မာရင်ဟာ အမေရိကန်ကိုအမှတ်မထင်ရောက်ခဲ့ရာက မိတ်ဆွေတစ်ဦးရဲ့မိတ်ဆက်ပေးမှုနဲ့ အင်တာနက်ကို စတင်သိရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂ဝအရွယ် Mark Zuckerberg

အဆောင်မှာနေရင်း Facebookကို စဖန်တီးခဲ့တယ်။

၂ဝဝ၄ခုနှစ် ၂ဝအရွယ်မတ်ခ်မှာ ဟားဗတ်တက္ကသိုလ်ရဲ့ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်တယ်။ အဲဒီအချိန်မှာ ပရိုဂရမ်တစ်ခုကို သူစတင်ရေးဆွဲခဲ့တယ်။ သူ့အဆောင်နေသူငယ်ချင်းရဲ့ ပြောပြချက်အရ “ဝက်ဆိုက်ဒ်တစ်ခုကို သူစတင်ဖန်တီးခဲ့တယ်။ အဲဒီဝက်ဆိုဒ်မှာ ယောက်ျားမိန်းမဓာတ်ပုံတစ်ပုံစီတင်ခဲ့တယ်။ ဘယ်ပုံ အဟော့ဆုံးလည်းဆိုတာကို ကြည့်ရှုသူကရွေးလို့ရတယ်။

ပြီးတော့ ဘယ်သူမဲအများဆုံးလည်း ရွေးကြတာပေါ့” လို့ဆိုတယ်။ လူအများရဲ့ထောက်ခံမှုကိုရပြီးနောက် မတ်ခ်ဟာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အချိန်တစ်ပတ်လောက်အသုံးပြုပြီး ဟားဗတ်ကျောင်းသားတို့ရဲ့ ဆက်သွယ်မှုကွန်ရက်အဖြစ် Facebook ကိုတည်ထောက်လိုက်တယ်။

အသက် ၂ဝအရွယ် Audrey Hepburn

(၁၉ရာစု နာမည်ကြီးဂန္တဝင်သရုပ်ဆောင်)

ကြော်ငြာတချို့ရိုက်ရင်း ဇာတ်ရံအဖြစ်သရုပ်ဆောင်ခဲ့တယ်။

၁၉၄၈ခုနှစ် ၁၉နှစ်အရွယ် Audreyဟာ နာမည်ကြီးဘဲလေးအကကျောင်းတစ်ကျောင်းမှာ ဘဲလေးအကကို သင်ယူခဲ့တယ်။ သူဟာ ကျောင်းလခမတတ်နိုင်လို့ ဟော်လန်ကိုပြန်သွားရတဲ့အခါလည်း ရှိခဲ့တယ်။ ဘဲလေးအကကို လအနည်းငယ်သင်ယူပြီးတဲ့နောက် ဘဲလေးအကနဲ့ မသင့်တော်ဘူးလို့ သတိပေးခံခဲ့ရတယ်။

နေအိမ်စီးပွားရေးကျပ်တည်းမှုကြောင့် Audreyဟာ အချိန်ပိုင်းမော်ဒယ်တစ်ဦးလုပ်ခဲ့ရတယ်။ အကဝိုင်းတစ်ချို့နဲ့ ကပြဖျော်ဖြေခဲ့ရတယ်။ အသက် ၂ဝအရွယ်မှာ ဇာတ်ရံသရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်တစ်ချို့မှာ သူပါဝင်ခွင့်ရခဲ့တယ်။

အသက်၂ဝအရွယ် Leo Tolstoy (ရုရှားဂန္တဝင်စာရေးဆရာ)

အေးအေးသက်သာတဲ့ဘဝကို ငြီးငွေ့လို့ စစ်ထဲဝင်ခဲ့တယ်။

လီယိုတော်စတွိုင်းကို ရုရှားအထက်တန်းစားမိသားစုတစ်စုက မွေးဖွားခဲ့တယ်။ ၁၆နှစ်အရွယ်မှာ Kazan တက္ကသိုလ်ကို ဝင်ရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီတက္ကသိုလ်ရဲ့ လှေနံဓားထစ်သင်ယူမှုမှာ သူငြီးငွေ့ခဲ့တယ်။ ၁၈၄၇ခုနှစ် ၁၉နှစ်အရွယ်မှာ တော်စတွိုင်းဟာ သူ့နေအိမ် Yasnaya Polyana ခြံကြီးထဲ

(အခုတော့ ပြတိုက်အဖြစ်ထားရှိ) ပြန်လာခဲ့ပြီး ခြံမှာအလုပ်လုပ်ကိုင်ရင်း ကျောင်းစာလေ့လာသင်ယူမှုတွေကို ကိုယ်တိုင်စီစဉ်ခဲ့တယ်။ ဒါပေမယ့် အလုပ်နှစ်ခုလုံး သူအောင်မြင်မှုမရခဲ့ပါဘူး။ ဒီလိုနဲ့ မော်စကို၊ St. Petersburg လူ့အသိုင်းအဝိုင်းထဲ သူရောက်သွားခဲ့ပြန်တယ်။

ဒါပေမယ့် အေးအေးသက်သာတဲ့ဘဝကို ငြီးငွေ့ခဲ့လို့ ၁၈၅၁ခုနှစ်မှာ အစ်ကိုနဲ့အတူ Caucasus ကိုသွားရောက်ပြီး စစ်ထဲဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စာရေးဖို့ သူစတင်ကြိုးစားခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ သူ့ဘဝ သူ့အပြုအမူတွေကို စတင်စိစစ်သုံးသပ်ခဲ့တယ်။ စစ်ထဲဝင်ပြီး နောက်တစ်နှစ်မှာပဲ စစ်ပွဲတစ်ပွဲထဲသူပါဝင်ခဲ့ပါတယ်။ စစ်ပွဲမှာ တိုက်ရည်ခိုက်ရည်ကောင်းခဲ့သလို သူရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ Childhood (ကလေးဘဝ)အမည်ရဝတ္ထုကို ရေးသားထုတ်ဝေခဲ့ပါတယ်။

အသက် ၂ဝအရွယ် မော့်ရင်

(စာပေနိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ Mo Yan)

ဝါစက်ရုံယာယီလုပ်သားကနေ စစ်ထဲဝင်ခဲ့ပါတယ်။

၁၉၇၅ခုနှစ် ၂ဝအရွယ်မော့်ရင်ဟာ ဝါစက်ရုံမှာယာယီလုပ်သားအဖြစ် လုပ်ကိုင်ခဲ့တယ်။ အလုပ်စလုပ်ချိန်မှာ အတန်းပညာလိမ်ညာစာရင်းသွင်းခဲ့တယ်။ အလယ်တန်းအောင်လို့ဆိုခဲ့ပေမယ့် ရွာနားနီးချင်းတစ်ဦးက အဖြစ်မှန်ကိုသိသွားခဲ့လို့ သူခေါင်းမမော့နိုင်အောင်ဖြစ်ခဲ့ရတယ်။

၁၉၇၆ခုနှစ်မှာ စစ်ထဲ မော့်ရင်ဝင်ခဲ့ပြီး စာတွေကိုစတင်ရေးသားခဲ့တယ်။ ၁၉၈၄ခုနှစ် ၂၉နှစ်အရွယ်မှာ ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်အနုပညာကျောင်းကို ဝင်ခွင့်ရခဲ့ပြီးနောက် စာပေလောကထဲ ဝင်ရောက်ခဲ့တယ်။

အသက် ၂ဝအရွယ်မှာ သူတို့ဟာ ဘယ်လို စိတ်ရှုပ်ထွေးမှု၊ အခက်အခဲ၊ ဆင်းရဲပင်ပန်းခြင်းတွေရှိခဲ့ပါစေ၊ စိတ်ကူးအိပ်မက်နဲ့ ဝေးခဲ့ပါစေ သူတို့ရဲ့ကြိုးစားမှု၊ ဇွဲလုံ့လရှိမှုနဲ့ ဒီကနေ့ရဲ့အောင်မြင်မှုကို သူတို့ဆွတ်ခူးခဲ့ကြတယ်။ ကျွန်မတို့လူတိုင်းမှာလည်း စိတ်ကူးအိပ်မက်က ရှိသင့်ပါတယ်။ တကယ်လို့များ အဲဒီအိပ်မက်ကို မတော်မဆ အကောင်အထည်ဖော်ဖြစ်ခဲ့မယ်ဆိုရင်တော့…..

နိုင်းနိုင်းစနေ (April. 21. 2016)