သမီးတော်အဖြစ်နဲ့ အနှစ် ၂ဝ ၊ မိဖုရားအဖြစ် ၁ ရက် ၊ တော်ဝင် မင်းသမီးအဖြစ် ၁ဝ လ ၊ အထိန်းတော် အဖြစ် တသက်

မိန်းမတွေဟာ ဒီလိုနဲ့ အရွယ်အိုမင်းသွားခဲ့တယ်

ကိုယ်က ဘယ်တော့မှ ကလေး မမွေးဘူး ။ ဘယ်သူ့ကိုမှလည်း ပေးဆပ်ချင်တာ မဟုတ်ဘူး ။ ကိုယ်က အတ္တကြီးတယ် ။

အဲဒီ အမျိုးသမီးဟာ ဒီလိုနဲ့ပဲ အိုမင်းသွား ခဲ့တယ်..

မိန်းမရဲ့ တသက်က ခက်ခဲတဲ့ တသက်ဖြစ်တယ် ။

သမီးတော်အဖြစ်နဲ့ အနှစ် ၂ဝ ၊ မိဖုရားအဖြစ် ၁ ရက် ၊ တော်ဝင် မင်းသမီးအဖြစ် ၁ဝ လ ၊ အထိန်းတော် အဖြစ် တသက် ။

ဒါဟာ မိန်းမ တယောက်ရဲ့ တစ်သက်တာဖြစ်တယ် ။ မိန်းမ အများစုဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ပါတယ် ။

မိန်းမဟာ ကလေးငယ်ကို ပွေ့ချီထားပြီး နွားနို့ ကျိုနေတယ် ၊ အဝတ် လျှော်နေတယ် ။

ဆပ်ပြာတွေ ပေနေတဲ့လက်နဲ့ နဖူးထက်က ချွေးတွေကို သုတ်ရင်း “ အင်း အခု အချိန်မှာ ကလေး ငယ်သေးတယ် ၊

ကလေးကြီးလာရင် ငါလည်း အားလပ်ချိန်လေးတော့ ရှိလာမှာပါ ” လို့ တွေးတယ် ။

ကလေး တဖြည်းဖြည်း ကြီးလို့ မူကြိုတက်တဲ့အရွယ် ရောက်လာခဲ့တယ် ။

မိန်းမဟာ ကလေး တစ်ဖက်နဲ့ ဈေးသွားတယ် ၊ ချက်ပြုတ်တယ်၊ အလုပ်မှာလည်း မလစ်ဟင်းအောင် ကြိုးစားတယ် ။

နေ့နေ့ ညည အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စတွေနဲ့ နေမင်း ၊ ကြယ်နဲ့လ တို့ကို သူမေ့သွား ခဲ့တယ် ။

ကိစ္စမရှိဘူး ။ ကလေး ကျောင်းသွားတဲ့ အခါ အားလပ်ချိန်တချို့ ရှိလာနိုင် ပါတယ် ။

မိန်းမတွေက ဒီလိုပဲပြောကြတယ်။ သူတို့ မျက်နှာပေါ် အရစ်အကြောင်းရာတွေ တဖြည်းဖြည်း တွားတတ် လာတာကို သူတို့ဥပက္ခာပြုထားခဲ့ မိကြတယ် ။

ကလေး ကျောင်းတက်တဲ့ အရွယ် ရောက်လာခဲ့ပြီ ။ မိန်းမဟာ ပို အလုပ်များရ တော့တယ် ။

ကလေးကို လူတော် လူကောင်း ထူးချွန် ထက်မြက်သူ ဖြစ်အောင် ပြုစု ပျိုးထောင်ရတယ် ။

မိန်းမဟာ အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စ၊ အလုပ်၊ သားရေးသမီးရေး၊ လင်ဝတ္တရား စတာတွေမှာ တဝဲဝဲလည်နေတော့တယ် ။

သားသမီးနဲ့ လင်ယောက်ျားက နဂါးငွေ့တန်းပါ ၊ မိန်းမဟာ ဂြိုလ်ပါလို့ မိန်းမ အများက ဒီလိုတွေးခဲ့ ကြတယ် ။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်း သွားခဲ့တယ်…

ငွေရောင် ဆံနွှယ် တချို့က မိန်းမရဲ့ နွမ်းနယ်တဲ့ နဖူးထက် ကနေ လေဟာနယ်ထဲ လျောကျသွား ခဲ့တယ် ။

“ ဘယ်အချိန်ခါမှများ စိတ်လွတ် ကိုယ်လွတ် နဲ့ ငါ ခဏလောက် အနားရနိုင်မလဲ ”

လရောင် မရှိတဲ့ ညနက်မှာ မိန်းမဟာ နာကျင်ညောင်းကိုက်နေတဲ့ အကြောတွေကို အားစိုက် ဆွဲဆန့်ရင်း ကိုယ့်ကိုယ်ကို မေးတယ် ။

အာ.. တောင့်ခံ လိုက်ပါဦး ။ ကလေးကြီး လာလို့ တက္ကသိုလ်တက်ချိန် ရောက်ရင် ဒါမှမဟုတ်

သူတို့ အလုပ် ရသွားတဲ့အခါ အရာအားလုံး ကောင်းသွား မှာပါ ၊ အဆင်ပြေသွားမှာပါ။

အဲဒီအချိန် ရောက်ရင် ငါလည်း အားလပ်ချိန် ရှိလာမှာပါ ။ မိန်းမက အဲဒီလို ကိုယ့်ကိုယ်ကို ကတိ ပေးတယ်။

အချိန်က မိန်းမရဲ့ လှပမှုနဲ့ အားအင်တွေကို စုပ်ယူသွား ခဲ့တယ် ။

မျက်နှာပေါ်က အရစ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှု တုံ့နှေးခြင်း တွေကို တွင်းမည်းကြီး ပမာ ချန်ထားရစ် ခဲ့တယ် ။ ဒီလိုနဲ့ပဲ မိန်းမဟာ အိုမင်းသွား ခဲ့တယ်..

ကလေးက အတောင်ပံ စုံလင်ပြီး မိခင် အသိုက်ကနေ ခွာသွား ခဲ့တယ်။ မိခင်ကို အဖော်ပြုဖို့ အမွေးအတောင်ဟောင်း တချို့သာ ချန်ထားရစ် ခဲ့တယ် ။

မိန်းမဟာ သက်ပြင်းချရင်း အခုမှ နားနား နေနေ နေဖို့ အချိန်ရပြီလို့ တွေးတယ် ။

ဒါပေမယ့် နှမြောစရာ ကောင်းတာက သူ့သွားတွေ ချိနဲ့ ကုန်ပြီ၊ မာတဲ့ အစာတွေကို မဝါးနိုင်တော့ဘူး။

သူ့မျက်လုံးတွေ မွဲကုန်ပြီ ။ လှပတဲ့အရောင်တွေကို မခွဲခြားတတ်တော့ဘူး။

သူရဲ့နားစည်တွေ မကြည်လင်တော့ဘူး သာယာနာ ပျော်ဖွယ် တေးသံတွေကို မခံစားတတ် တော့ဘူး။

သူ့လှုပ်ရှား သွားလာမှုတွေ တုံ့နှေး ခဲ့ပြီ ဝေးဝေး လံလံ မသွားနိုင်တော့ဘူး ။

ထွက်သွားတဲ့ ကလေး ပြန်ရောက်လာ ခဲ့တယ် ။ အဲဒီကလေးက သူ့ထက် ငယ်တဲ့ ကလေး သေးသေးလေး တယောက် ခေါ်ပြန်လာ ခဲ့တယ် ။

အချိန်တွေ ပြန်ပြောင်း စီးဆင်း သွားပြန်ပြီ လို့ မိန်းမ ထင်တယ် ။ အဲဒီလိုနဲ့ ကလေးရဲ့ ကလေးအတွက် မိန်းမ အလုပ် စများရ တော့တယ် ။

အဲဒီ့ ကလေးလေးက စကားစသင်နေပြီး သူ့ကိုခေါ်တာ “ မေမေ ” မဟုတ်ဘဲ “ ဘွားဘွား ” ဖြစ်သွား ခဲ့တယ်။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွား ခဲ့တယ်..

ဒီလိုနဲ့ တနေ့မှာ မိန်းမဟာ ဘာ အားလပ်ရက် အနားယူဖို့မှ မလိုအပ်ခဲ့တော့ဘူး ။

နောက်ဆုံး အချိန် ရောက်မှ ဟိုး အရင် အရင် အချိန်တုန်းက သူ့ကိုယ်သူ ပေးခဲ့တဲ့ ကတိကို သူပြန်သတိရလိုက်မိတယ်။

အဲဒီ ကတိကတော့ နွေဦးရာသီ နေ့ရက် တနေ့မှာ ပဝါ အနီရောင်ကို လွှမ်းခြုံပြီး မြက်ခင်း စိမ်းစိမ်း တနေရာမှာ

ဆိတ်ဆိတ် ငြိမ်ငြိမ် နေပူစာ ခံမယ် ၊ ကျောက်တုံးပေါ်တွားသွားတဲ့ ပုရွက်ဆိတ်တွေရဲ့ ခြေသံကို နားထောင်မယ် ။

အာ.. အဲတာမှ တကယ့် ဇိမ်ခံ အနားယူတာပဲ..

မိန်းမဟာ အဲဒီလို တွေးရင်း တွေးရင်း ထာဝရ အိပ်စက် အနားယူသွား ခဲ့ပါတယ် ။

မိန်းမ တယောက် ထာဝရ အိပ်စက် အနားယူသွားတာကို ဒီလို ပုံဖော် ရေးသား ရတာ ဝမ်းနည်းစရာကောင်းပါတယ် ။ ခွင့်လွှတ်ပါ။

မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်။ မိန်းမတော်တော် များများဟာ စိတ်သဘောထားကြီးစွာ တခြားသူအတွက်

ချစ်ခြင်းမေတ္တာတွေ ပေးဆပ်နေချိန်မှာ လူတယောက်ကို ချစ်ဖို့ သူတို့ မေ့သွားခဲ့ ပါတယ် ။ အဲဒီလူက သူတို့ကိုယ်တိုင်ပဲ ဖြစ်တယ် ။

မိန်းမတို့ရေ.. ကိုယ့်ကိုယ်ကို ဖြေဖျော်ဖို့ အချိန် နည်းနည်းလောက်၊ နေရာလပ် နည်းနည်းလောက် ချန်ထားပေးဖို့ မမေ့ကြပါနဲ့ ။ အချိန်မဆွဲပါနဲ့ ။

အချိန်ကို မစောင့်ပါနဲ့လို့ အကြံပေးချင် ပါတယ်။ အခုအချိန်ကစ ၊ ဒီကနေ့ကစပြီး ပန်းကန်ထဲက အသားတွေကို ကလေးရဲ့ ပါးစပ်ရှေ့ပဲ ရောက်အောင် မပို့ပါနဲ့တော့ ။

အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို အိမ်ပြင်ဖို့၊ ယောက်ျားဖို့ပဲ ချန်မထား ပါနဲ့တော့ ။

ရှိသမျှ ခွန်အားတွေ အားလုံးကို အလုပ်ထဲမှာပဲ ထည့်မြှုပ် မထားပါနဲ့တော့ ။

အခါကြီး ရက်မြတ်တွေမှာ လက်ဆောင်ပေးတဲ့ စာရင်းထဲမှာ ကိုယ့်နာမည်ကို မေ့မထား ပါနဲ့တော့ ။

ကိုယ့်မိသားစု၊ ကိုယ်အိမ်သားကို ချစ်တဲ့ နည်းတူ ကိုယ့်ကိုယ်ကို ချစ်ဖို့လည်း မမေ့ပါနဲ့ ။

မိန်းမတွေဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ရင် ရင်နာစရာ ၊ နှမြောစရာ ကောင်းလွန်း လို့ပါ။


မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners