ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို အတုအစစ်ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့အချက်များ

ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို အတုအစစ်ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့အချက်များ
ယနေ့လို နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ မသမာသောနည်းနဲ့ ငွေရှာသူတွေအတွက်လည်း ခွင်(ဂွင်)တွေ များစွာကျန်နေပါသေးတယ်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် မသမာတဲ့ ဝိသမလောဘသမားတွေက ရှိနေတာပါ။

အခုဖော်ပြချင်တာကတော့ ကိုယ်ဝယ်မယ့်ပစ္စည်းကို အတု/အစစ် ခွဲခြားသိနိုင်ဖို့ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆက်သွယ်ရန်လိပ်စာ ပါမပါထုတ်ကုန်အတုတွေမှာ သာမန်အားဖြင့် ဆက်သွယ်ရန် လိပ်စာ မပါတတ်ပါဘူး။

သာမန်အားဖြင့်တော့ လူထုယုံကြည်ရတဲ့ ထုတ်ကုန်တွေမှာ အနည်းဆုံး ဆက်သွယ်ရန်ဖုန်းနံပတ်လောက်တော့ ပါတတ်ပါတယ်။

နိုင်ငံတော်တော်များများမှာတော့ ဆက်သွယ်ရန်လိပ်စာ အသေးစိတ်ကို ထည့်သွင်းကြပါတယ်။

ဒီနည်းအားဖြင့် ကာစတမ်မာတွေဆီက ကွန်ပလိန်းတွေ ကောင်းတဲ့ Feedback တွေကို ရရှိဖို့ ရည်ရွယ်ကြတာပါ။

(၂) ဆက်စပ်ပစ္စည်းများ ပြည့်စုံစွာ မပါခြင်း

အချို့သော အတုထုတ်ကုန်တွေဟာ အစစ်နဲ့မခြား ပြုလုပ်ထားကြသော်လည်း အစစ်နဲ့ မတူတာက ထုတ်ပိုးမှုပုံစံ ကွဲပြားကြပါတယ်။

ဒါ့အပြင် ကုမ္ပဏီကနေ ဖြည့်စွက်ထည့်ပေးတဲ့ ဆက်စပ်ပစ္စည်း တိုလီမုတ်စလေးတွေကျတော့ ပါမလာတတ်ပါဘူး။ ဒါဆိုရင် အတုလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ဖုန်းဝယ်ယူတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

(၃) ဈေးနှုန်းသိသိသာသာ ချိုနေတတ်ခြင်း

အရောင်းပရိုမိုးရှင်း ရာသီမဟုတ်ဘဲ၊ သို့တည်းမဟုတ် ကုမ္ပဏီက တရားဝင် အရောင်းပရိုးမိုးရှင်း မပေးပါဘဲ၊ ပုံစံတူ ကုန်ပစ္စည်းတစ်ခုကို ရောင်းချတဲ့အခါမှာ ဈေးနှုန်းက သိသိသာသာ ချိုနေတတ်ရင် သတိထားသင့်ပါတယ်။

ပစ္စည်းအတု ထုတ်ပိုးမှုမှာ Brand ကို ကြည့်ရုံနဲ့ မရပါဘူး။ ၎င်းရဲ့ ကျန်အင်လက္ခဏာတွေကို စစ်ဆေးရပါမယ်။

(၄) ရေစာနဲ့ Logo ပုံတွေကို စစ်ဆေးပါ

အတုလုပ်တဲ့သူတော်တော်များများကတော့ ရေစာတွေ၊ Logo တွေရဲ့ပုံတွေကို ဖြစ်နိုင်သမျှ တူအောင် လုပ်ထားတတ်ပါတယ်။

ဒါပေမယ့် ဝယ်ယူသူရဲ့ မူလအသိပညာမှာ အစစ်ရဲ့ Logo တွေ၊ ရေစာတွေကို မျက်မှန်းတန်းမိနေဖို့ လိုအပ်ပါတယ်။

တချို့ပစ္စည်းအတုတွေက သံတူကြောင်းကွဲ ပြင်ဆင်ထားတတ်ပါတယ်။ ဥပမာ Adidas ဆိုရင် Adides ဆိုပြီး ပုံမှားရိုက်တတ်ပါတယ်။

(၅) အရောင်းကိုယ်စားလှယ်ဆိုင်မှာ မဟုတ်ရင် သတိထား

ယနေ့ခေတ်မှာ နာမည်ကြီး လူသုံးကုန်ပစ္စည်းတွေဟာ သာမန်စတိုး အကြိုအကြားတွေမှာ ပစ္စည်းတင်ရောင်းတာမျိုး နည်းသွားပါပြီ။

သူတို့ရဲ့ မားကတ်တင်း ဗျူဟာအရ အရောင်းကိုယ်စားလှယ်၊ အရောင်းခန်းမ စသည်တို့ ဖွင့်လှစ်ပြီး ရောင်းချကြလေ့ရှိပါတယ်။

ဒါပေမယ့် သူတို့ကုန်ပစ္စည်းတွေ တခြားဆိုင်မှာ မရှိနိုင်ဘူးလားဆိုတော့ ရှိနိုင်ပါတယ်။

သို့သော် သိထားရမှာက အဲဒီလို ဆိုင်တွေမှာ ဈေးနှုန်းမူမမှန်းခြင်း၊ ပစ္စည်းအတုနဲ့ ရောနှောရောင်းတတ်ခြင်း၊ ဆက်စပ်ပစ္စည်းတွေ အစုံအလင် မပါဝင်ခြင်း၊

အစစ်ဖြစ်နေရင်တောင် သက်တမ်းလွန် ရောင်းမကုန်တဲ့ပစ္စည်းတွေ ဖြစ်နေတတ်ခြင်း စတဲ့ အားနည်းချက်တွေ ရှိတတ်တာမို့ သတိထားသင့်ပါတယ်။

(၆) ကိုယ်ဝယ်မယ့်ပစ္စည်းအကြောင်း ကိုယ်တိုင်သိထားဖို့လို

ကိုယ်ဝယ်မယ့်ပစ္စည်းက အဖြူလား အမည်းလားဆိုတာ ကိုယ်တိုင်သိထားဖို့ လိုပါတယ်။

ဖုန်းတွေဘာတွေဆိုရင် RAM က ဘယ်လောက်၊ မန်မိုရီက ဘယ်လောက်၊ ဗားရှင်းက ဘယ်လောက် စတာတွေကို အကြမ်းဖျဉ်း သိထားသင့်ပါတယ်။

တခြားနည်းပညာ ပစ္စည်းတွေဆိုရင်လည်း ဘယ်လိုပုံစံ၊ ဈေးဘယ်လောက် စတဲ့အခြေခံအချက်လေးတွေ သိထားရင်၊ ပစ္စည်းမှား ဝယ်ယူမိခြင်းက သက်သာစေမှာပါ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners