ဆိုဖာအဟောင်းကြီး ဝယ်ပြီး ထီပေါက်သလို မြန်မာငွေ သိန်း ၆၀၀ ကျော် တွေ့လိုက်ရတဲ့ ဖြစ်ရပ်

တချို့အရာတွေဟာ အပြင်ပန်းမှာညစ်ပတ်ပေရေနေပြီး အဖိုးမတန်သလိုထင်ရပေမယ့် အထဲမှာမထင်မှတ်ဘဲ တန်ဖိုးရှိတဲ့အရာတွေရှိနေတတ်ပါတယ်။

.

လူမှုဝန်ထမ်းတစ်ဦးဖြစ်တဲ့ Cally Guasti ၊ ကျောင်းသားတစ်ဦးဖြစ်တဲ့ Reese Werkhoven နဲ့ Lara Russo တို့ဟာ အခန်းစုငှားနေကြသူဖြစ်ပြီး သူတို့နေထိုင်တဲ့အိမ်လေးမှာ ထိုင်စရာရယ်လို့မရှိတာကြောင့် ရပ်ကွက်ထဲက ပရိဘောဂဆိုင်တစ်ဆိုင်ကနေ ခပ်နွမ်းနွမ်းတစ်ပတ်ရစ်ဆိုဖာတစ်ခုကိုဝယ်ခဲ့ပါတယ်။

.

ဆိုဖာရဲ့စျေးနှုန်းဟာ ဒေါ်လာ၂၀သာတန်ဖိုးရှိပေမယ့် သူတို့သုံးဦးအတွက်တော့ ဒါဟာ အထိုက်အလျောက်တန်ဖိုးရှိတဲ့ငွေကြေးဖြစ်ပါတယ်။

.

ဒါကြောင့် ထိုင်ရတာသက်တောင့်သက်သာမရှိပေမယ့် ကြမ်းခင်းမှာထိုင်ရတာထက်ပိုအဆင်ပြေလောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီဆိုဖာဟောင်းကြီးကို ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။

.

ဒါပေမဲ့ သူတို့ထီပေါက်တယ်လို့ဆိုရမှာပါပဲ။ ထိုင်ရတာသက်တောင့်သက်သာမရှိတဲ့ဆိုဖာဟောင်းကြီးရဲ့ လက်ကိုင်နေရာကဇစ်ကို ဖွင့်လိုက်တဲ့အခါမှာ ဒေါ်လာ ၄၀၈၀၀ ကိုတွေ့လိုက်ရပါတော့တယ်။

.

အခန်းဖော်သုံးဦးဟာ ပျော်သွားခဲ့ပေမယ့် ဒီငွေတွေနဲ့အတူ အမျိုးသမီးကြီးတစ်ယောက်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ပါတဲ့ ငွေစာရင်းစာအုပ်ကိုတွေ့လိုက်ရတဲ့အခါမှာတော့ ပိုင်ရှင်လို့ယူဆရတဲ့ ဒီအမျိုးသမီးကြီးကိုဆက်သွယ်ခဲ့ပါတယ်။

.

ဒီငွေတွေထည့်ထားတဲ့ ဆိုဖာရဲ့ပိုင်ရှင်ဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့အဘွားတစ်ဦးဖြစ်ပြီး သူနေမကောင်းဖြစ်လို့ဆေးရုံတက်ချိန်မှာ သမီးဖြစ်သူဟာ အမေပြန်လာရင် သက်တောင့်သက်သာရှိစေဖို့ ဆိုဖာအသစ်လဲလိုက်ရာကနေ မိခင်ရဲ့စုငွေတွေပါသွားခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို ဖုန်းကနေတစ်ဆင့် သိရချိန်မှာတော့ လူငယ်သုံးဦးဟာ အဘွားရဲ့အိမ်ဆီကိုအရောက်သွားကာ ဒီငွေတွေကိုပြန်ပေးခဲ့ပါတယ်။

လူငယ်သုံးဦးရဲ့ စာရိတ္တကတော့ တကယ့်ကိုလေးစားစရာပါပဲနော်။ ကိုယ်နဲ့ထိုက်လို့ရောက်လာတဲ့ငွေတွေဖြစ်ပေမယ့် အတ္တမကြီးဘဲ လိုအပ်နေတဲ့ပိုင်ရှင်ဖြစ်သူဆီကို ပြန်ပေးခဲ့ကြတဲ့ သူတို့သုံးဦးကို အဘွားကကျေးဇူးတင်တဲ့အနေနဲ့ ဒေါ်လာ၁၀၀၀စီပြန်ပေးခဲ့တယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )