ဆားဝက်ခြံတွေကိုအပြီးသတ်ဖယ်ရှားပြီး အသားအရေကိုကြည်လင်တင်းရင်းစေမယ့်နည်း(၅)မျိုး

ဆားဝက်ခြံတွေကိုအပြီးသတ်ဖယ်ရှားပြီး အသားအရေကိုကြည်လင်တင်းရင်းစေမယ့်နည်း(၅)မျိုး

ကံကောင်းလွန်းတဲ့ တချို့မိန်းကလေးတွေက အပြစ်အနာအဆာမရှိတဲ့ ပြစ်မျိုးမှဲ့မထင်အသားအရေမျိုးကိုပိုင်ဆိုင်ထားကြတယ်ဆိုပေမယ့် အများစုကတော့ အသားအရေပြဿနာလေးတွေ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ အသားအရေနဲ့ပတ်သက်လို့ အဖြစ်များတဲ့အထဲမှာ

ချွေးပေါက်ပိတ်တာနဲ့ ဆားဝက်ခြံတွေပါပဲ။ ဆားဝက်ခြံတွေဖြစ်လာရင် သဘာဝအတိုင်းလည်းကြည့်လို့မလှသလို မိတ်ကပ်လိမ်းရင်လည်း ကြာရှည်မခံဘဲ မိတ်ကပ်ကွက်တာတွေဖြစ်လာတာကြောင့် စိတ်ညစ်စရာကြီးပါ။ ဒီတော့ ပျိုမေတို့ကိုစိတ်အနှောက်အယှက်ပေးနေတဲ့ မျက်နှာပေါ်က ဆားဝက်ခြံတွေကို ထိထိရောက်ရောက် ဖယ်ရှားပြီး ထပ်မဖြစ်လာအောင် ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ရေနွေးငွေ့

ဇလုံအကြီးတစ်လုံးထဲကိုရေနွေးပူပူတစ်ဝက်လောက်ထည့်ပါ။ အဲ့ဒီထဲကို ချာမိုမိုင်းလက်ဖက်ခြောက် ဒါမှမဟုတ် စံပယ်လက်ဖက်ခြောက် အနည်းငယ်၊ လာဗင်ဒါပန်းအဆီအနည်းငယ်ထည့်ပြီး မျက်နှာကို အဲဒီဇလုံအပေါ်နားလေးမှာကပ်ပြီး အနွေးခံပေးပါ။

အဲ့ဒီအခါ ချွေးပေါက်တွေပွင့်လာပြီး ဆားဝက်ခြံတွေ ပျော့ပျောင်းသွားတာကြောင့် တစ်သျှူးလေးနဲ့ ဖွဖွလေးဖိပြီးညှစ်ထုတ်လိုက်ရင် ဆားဝက်ခြံတွေထွက်လာပါလိမ့်မယ်။ တစ်ကြိမ်နဲ့မကုန်ရင် နောက်တစ်ကြိမ်ထပ်လုပ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပြီး toner, essence စတာတွေလိမ်းပေးပါ။ ဒီနည်းကို နှစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးသွားမယ်ဆိုရင် မျက်နှာလေးက ဆားဝက်ခြံလုံးဝကင်းစင်ပြီး ကြည်လင်သန့်စင်နေပါလိမ့်မယ်။

(၂) သကြား၊ သံပရိုရည်

သကြား(၂)ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (၁)ဇွန်း၊ သံပရိုရည်(၁) ဇွန်းတို့ကိုရောပြီး အနှစ်ဖြစ်အောင်မွှေပါ။ ရလာတဲ့အနှစ်ကို ဆားဝက်ခြံရှိတဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက်ကြာရင် ရေနွေးစိမ်ထားတဲ့တဘက်လေးနဲ့ သုတ်ပေးလိုက်ပါ။

ပြီးရင် ဆားဝက်ခြံတွေကို တစ်သျှူးလေးနဲ့ ဖွဖွလေးညှစ်ပေးလိုက်ပြီး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး toner, essence လေးတွေ လိမ်းပေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် ဆားဝက်ခြံတွေ တဖြည်းဖြည်းပျောက်ကင်းလာပြီး အသားအရေ တင်းရင်းကြည်လင်လာပါလိမ့်မယ်။

(၃) အုတ်ဂျုံ

အုတ်ဂျုံအနည်းငယ်၊ ပျားရည်တစ်ဇွန်း နဲ့ ပန်းသီးရှာလကာရည် အနည်းငယ်တို့ကိုရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက်ထားလိုက်ပါ။ ပြီးရင် လက်ချောင်းထိပ်လေးတွေနဲ့ ၂ မိနစ်လောက်ဖွဖွလေးပွတ်တိုက်ပေးပြီး ရေနွေးစိမ်ထားတဲ့တဘက်လေးနဲ့ သုတ်ပေးလိုက်ပါ။

တစ်သျှူးလေးနဲ့ ဆားဝက်ခြံတွေထွက်သွားအောင်ညှစ်ထုတ်လိုက်ပြီး ရေနွေးလေးနဲ့မျက်နှာသစ်ပြီး toner နဲ့ essence လေးလိမ်းပေးလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် ချွေးပေါက်ထဲကအညစ်အကြေးတွေ သန့်စင်သွားပြီး ဆားဝက်ခြံမဖြစ်တော့အောင် တားဆီးနိုင်ပါတယ်။


(၄) ဆား

မိတ်ကပ်ဖျက်ဆေးအဆီထဲကို ကော်ဖီမှုန့်တစ်ဇွန်း၊ ဆားအနည်းငယ်ထည့်လိုက်ပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကို ဖွဖွလေးပွတ်တိုက်နှိပ်နယ်ပေးပါ။မိနစ်အနည်းငယ်ကြာတဲ့အခါ ဆားဝက်ခြံတွေ ပျော်ကျသွားပြီး ချွေးပေါက်ထဲမှာသန့်စင်သွားပါလိမ့်မယ်။ ပြီးရင် ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပြီး တိုနာလေးလိမ်းပေးပါ။ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆို ဆားဝက်ခြံတွေနောက်ထပ်ဖြစ်မလာတော့အောင် တားဆီးနိုင်ပါတယ်။

(၅) ရေခဲ

အပေါ်ကနည်းလမ်းလေးတွေနဲ့ဆားဝက်ခြံတွေဖယ်ရှားပြီးတဲ့အခါတိုင်းမှာ ချွေးပေါက်တွေပြန်ပိတ်သွားအောင် တိုနာလိမ်းပေးပြီး essence တစ်မျိုးမျိုးလိမ်းပြီးရင် ရေခဲတုံးလေးတွေကို အဝတ်သန့်သန့်လေးထဲထုပ်ပြီး ချွေးပေါက်ကျယ်နေတဲ့နေရာတွေကို လိုက်ဖိပေးလိုက်မယ်ဆိုရင် ချွေးပေါက်တွေပြန်ကျဉ်းသွားပါလိမ့်မယ်။

ဆားဝက်ခြံထပ်မဖြစ်အောင် ဒါတွေကိုရှောင်ပါ

Mineral oils က ချွေးပေါက်တွေကိုပိတ်စေပြီး ဆားဝက်ခြံတွေဖြစ်စေနိုင်တာကြောင့် Mineral oils ပါဝင်တဲ့ အလှကုန်တွေကို မသုံးပါနဲ့။အဆီကိုအခြေခံထုတ်ထားတဲ့ အလှကုန်နဲ့မိတ်ကပ်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ညအိပ်ရာဝင်ခါနီးတိုင်းမှာ မိတ်ကပ်ဖျက်ပေးဖို့၊ မျက်နှာကို သေချာသန့်စင်ပေးဖို့ လိုပါတယ်။

မျက်နှာအဆီပြန်တဲ့သူတွေက ဆားဝက်ခြံဖြစ်နိုင်ချေပိုများတာကြောင့် မျက်နှာကိုရေဓာတ်အလုံအလောက်ရအောင်ဖြည့်ပေးပါ။ အစိုဓာတ်ဖြည့်ခရင်မ်လိမ်းပေးပြီး ရေများများသောက်ပေးပါ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners