မြင်းမိုက် ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )

မြင်းမိုက်

တစ်ခါတုန်းက မြင်းတစ်ကောင်နဲ့ ခရု ပက်ကျိ တစ်ကောင် လမ်းမှာ တွေ့ကြတယ် ။ မြင်းက ခရုကို..

” မင်းတော်တော် နှေးတဲ့ အကောင်ပဲ.. နောက်ကျတဲ့ ကောင်က လမ်းဖယ်ပေးရတယ်ကွ ” လို့ ကဲ့ရဲ့တော့..

” အိုအဆွေမြင်း.. ကျွန်ုပ်တို့က တစ်ကယ့် ပြိုင်ပွဲတွေမှာသာ မြန်အောင် သွားတာပါ.. မယုံရင် သင်နှင့် ကျွနုပ် အပြေးပြိုင်မလား ” လို့ စိန်ခေါ် လိုက်တယ် ။

မြင်းကလည်း လက်ခံ လိုက်ပြီး ပြိုင်မည့်နေ့ကို ချိန်းဆို လိုက်တယ် ။ ခရုက သူ့အမျိုး ခရုတွေကို ခေါ်ပီး..

” အမောင်ခရုတို့ မြင်းသား မစားချင်ကြ ဘူးလား .. မြင်းသားဟာ သိပ် အညောင်းအညာ ပြေတာ .. ”

” စားချင်ကြပါတယ် ခင်ဗျ ”

” စားချင်ရင် ငါပြောသလို လုပ်ပါ .. ငါ မြင်းနဲ့ အပြေးပြိုင်ဖို့ ချိန်းထားတယ် ။

အဲဒီနေ့ ကျရင် မင်းတို့တွေဟာ ဒီလမ်းမကြီး တစ်လျောက်မှာ တစ်ဖာလုံလောက်မှာ တစ်ကောင်စီ ပုန်းနေကြ.. မြင်းက ခရု ရှိလားဟေ့ လို့ မေးရင် ရှိတယ်ဗျ လို့ ပြန်ဖြေကြ ..” လို့ မှာထား သတဲ့ ။

ပြိုင်ပွဲနေ့ ရောက်တဲ့အခါ..

” အဆွေမြင်း အသင်ပြေးတဲ့ အခါ တစ်ဖာလုံရောက်တိုင်း ကျွန်ုပ်ကို ရှိလားလို့ မေးပါ ကျွန်ုပ် ပြေးနေကြောင်း ပြန်ဖြေ ပါ့မယ် .. ”


” ကောင်းပြီလေ ”

သဘောတူပြီး စပြေးကြတယ် ။ မြင်းဟာ အေးအေးဆေးဆေး လမ်းလျောက်နေတာပေါ့ ။ ဒီခရုလောက်တော့ ဘာ ဂရုစိုက်စရာ လိုလဲ ။ ဒါနဲ့ တစ်ဖာလုံ ရောက်လာတော့..

” ဟေ့ခရုနှေးလေး ရှိသေးရဲ့လား ကွဲ့ ”

” ကျုပ်ပြေးနေပါတယ်ဗျ ”

ခရုရဲ့ စကားကို ကြားလိုက်ရတော့ မြင်းလန့်သွားတယ် ။ ကိုယ့်နားတောင် ကိုယ် မယုံသလို ဖြစ်သွားတယ် ။ မဖြစ်ဘူး ဒီကောင် ငါ့ကို မီလာတယ် ပြေးမှ ဆိုပြီး ဒုံးစိုင်းပြေး တော့တယ်။

တစ်ဖာလုံ ရောက်လို့ တစ်ခါ မေးတိုင်း ခရုက ရှိနေတယ်ကြီးပဲ ဖြေနေတော့ မြင်းဟာ အစိုးရိမ် လွန်လာပြီး ကဆုန်စိုင်းသတဲ့ ။

စိုင်းပြီး ပြေးတာ နောက်ဆုံးတော့ အမော ဆို့ပြီး သေရှာတော့တယ် ။ ခရုတွေကတော့ အောင်သေအောင်သား စားကြတော့တာပေါ့ ။

ဒီပုံပြင်လေးမှာလည်း တွေးတော ဆင်ခြင်စရာတွေ အများကြီး ရမှာပါ ။

ဆရာ နန္ဒာသိန်းဇံရဲ့အတွေးလေးက ပိုပြီး နှစ်သက်ဖွယ် ကောင်းလို့ ဆရာအတွေးလေး ကိုပဲ ပြန်ရေး ပါ့မယ် ။

ကျွနုပ်တို့ဟာ မြင်းမိုက်လိုပဲ.. လမ်းမှာ တွေ့ခဲ့တဲ့ ခရုတွေကို မူလ ခရု မဟုတ်မှန်း မသိပဲ ခရု အတုတွေကို အစစ် ထင်ခဲ့ကြတယ်။

ဆိုလိုတာက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ကလပ်စည်းတွေ အမြဲ ပြောင်းလဲနေတာ အစားထိုးမှုကြောင့် အမြဲ ရှိတယ် ထင်နေကြတယ် ။

အဲဒီအထင်ကြောင့် ငါ.. ငါ့ဟာ လို့ ထင်လာပြီး သိမ်းပိုက်ချင် ကြတယ် ။ သိမ်းပိုက်ချင်တော့ မရမက ရှာဖွေရတော့ တာပေါ့ ။


ရှာဖွေရင်းနဲ့ အမောဆို့ သေတဲ့ ဘဝတွေ ဘယ်လောက် များပြီလဲ.. ။ မွေးကတည်းက တည်နေတဲ့ ခန္ဓာကိုယ်လို့ ထင်ထားမှတော့ လွဲနေပြီပေါ့ ။

သန္တတိအစဉ်တန်းကို အမြဲ ရှိလို့ ထင်နေကြတယ် ။ ငါ့သား ငါသမီးဟာ အမြဲရှိ ငါ့ရာထူး ငါ့ငွေ ငါ့ဂုဏ်ဟာ အမြဲရှိ ကျွန်ုပ်တို့မှ အမောဆို့ မသေရင် ဘယ်သူ သေတော့မှာလဲ ။

ဘဝဆိုတာ ရုပ် နာမ် ဖြစ်ပျက် အစဉ်ကြီး သက်သက်သာ ဖြစ်တယ် ။ အဖြေထွက်ပြီးသား ပုစ္ဆာကြီးပါ ပန်းတိုင်ကို မလျောက်ပဲ ရောက်နေကြတာ ။မြင်းမိုက် ဘဝက လွတ်မြောက်ကြပါစေ ။

Credit – အရှင်ပညာသီရိ ( ရမ္မာကျွန်း )