မြန်မာ့ ရှေးရိုးစဉ်လာ ကွမ်းစားခြင်းဓလေ့ဖြစ်ပေါ်လာပုံ

လူဦးမင်း၏ ကွမ်းဖွဲ့..
တံတားဦးက ကွမ်းနုဝါ။
ငမြာကဆေး။ ။

ကွမ်းသီးတောင်ငူနှင့်၊
ကိုင်းထုံးဖြူ ပြည်ရှားငယ်။
သာဝါးလို့ထွေး။ ။

ဖိုးသူတော်ဦးမင်း၏ ကွမ်းဖွဲ့
ကွမ်းရွက်ကယ်ညှာကြွေ၊
ရေစိမ်တဲ့ဆေး။ ။

သန်းခေါက်လှိုင်လှိုင်နဲ့။
ချိုင်လိုက်မယ်ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး

ဖိုးသူတော်ဦးမင်းကွမ်းကို သိဒ္ဓိတင်လျက် အမွန်အမြတ်ပြု၍ ကုန်းဘောင်ခေတ်၊ ဘကြီးတော်ဘုရားလက်ထက် ရေးသားခဲ့သော ဖိုးသူတော်ဦးမင်း၏ အထက်ပါ လင်္ကာအရ

အင်းဝတံတားဦးအရပ်မှ စိုက်ပျိုးသော ကွမ်းနုဝါ က အကောင်းဆုံးကွမ်းရွက်ဟု ဆိုသည်။ စစ်ကိုင်းမြို့ ထုံးဘိုမှ ထွက်သော ထုံး မှာလည်းညက်ညော အခိုးကင်းသည်ဟု အဆိုရှိ၏။

ကွမ်းသီးမှာ တောင်ငူမြို့ ဘောဂလိအရပ်မှ ထွက်သော ကွမ်းသီးက အရသာ ထူးလှပြီး ပြည်မြို့ဘက်မှ ထွက်သည့် ရှားစေးမှာ စစ်ယူသန့်စင်ပြီ: အဆိပ်အတောက်မရှိပဲ ပေါင်းစပ်ကာ ကွမ်းတစ်ယာအဖြစ် စားသုံးရပါက အကောင်းဆုံးဖြစ်မည်ဟု ဆိုလိုပါသည်။

ရှေးအစဉ်အဆက်ကပင် ကွမ်း၊ဆေး၊ လက်ဖက် ဟူသော စကားသည် မြန်မာလူမျိုးတို့ လက်သုံးစကား တစ်ရပ် ဖြစ်လေသည်။ မြန်မာရိုးရာ သာရေးနာရေး လူမှု့ဆက်ဆံရေးနှင့် ရိုးရာထုံးတမ်းစဉ်လာ ကိစ္စရပ်များ၌လည်း ကွမ်း၊ ဆေး၊လက်ဖက် မပါလျှင် မပြီးဟု ဆိုအပ်ပေမည်။

မြန်မာရိုးရာကွမ်းစားခြင်းဓလေ့၊ ကွမ်းဖြင့် ဧည့်ဝတ်ပြုခြင်း ထုံးစံမှာ ရာဇဝင်အစတကောင်း ခေတ်ကပင် ရှိခဲ့သည်ကို မှတ်သားရပါသည်။

ဘုရင့် နန်းတော်အသိုင်းအဝိုင်းနှင့်တကွ ရပ်သူရွာသားများ ကအစ ကွမ်းစားခြင်း အလေ့အထရှိသည်ကို တွေ့ရသည်။ ထိုအလေ့အထမှာ အန္ဒိယပြည်မှတဆင့် စတင်ကူးစက်လာခဲ့သည်ဟု ပညာရှင်အချို့အဆိုရှိသည်။

မာကိုပိုလို၏ မှတ်တမ်းတွင် သူဖြတ်သန်းတွေ့ကြုံခဲ့ရာ အန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသတို့တွင် ကွမ်းယာကို နှစ်သက်စွာ စားသုံးကြသည်ကို တွေ့ရကြောင်း ရေးမှတ်ခဲ့ပါသည်။

မြန်မာရာဇဝင်များ၌လည်း တကောင်းခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် ကွမ်းစားခြင်း ဓလေ့ ရှိကြောင်း ဖော်ပြပါရှိပါသည်။

ပုဂံခေတ်က ကွမ်းထည့်သော ခွက်ကို ပန်းကပ် ဟူ၍လည်းကောင်း၊ ကွမ်းသို ဟူ၍ လည်းကောင်း ခေါ်ဝေါ်အသုံးပြုကြသည်။ ဧည့်ခံရာတွင် ကွမ်းကလပ် ကိုအသုံးပြုကြသည်။

ကွမ်းကလပ်မှာ သစ်သားကို ပွတ်ခံ၍ ပြုလုပ်ထားသော ကလပ်တစ်မျိုးပင်ဖြစ်သည်။ အဆိုပါ ကွမ်းစားခြင်းဓလေ့နှင့် ကွမ်းကလပ်ကို အကြောင်းပြု၍ ပုဂံရာဇဝင်တွင် ထီးနန်းရေးရာ ဖြစ်ပျက်ခဲ့ပုံကိုလည်း သတိရဖွယ်ဖြစ်ပေ၏။

သက္ကရာဇ် ၆၀၂(အေဒီ၁၂၄၀)ခုနှစ် ဥဇနာမင်းကြီး လက်ထက် တစ်ခုသော ညီလာခံသဘင်တွင် မင်းသား သီဟသူဝင်ရောက်လာရာ ထိုင်နေသည့် အမတ်ကြီး ရာဇသကြန်မှာ မမြင်မိပဲ အကျီ်ဖျင်လက်ကို မသိမ်းမိပဲရှိ၏။ သီဟသူက အမတ်ကြီး၏ ဖျင်လက်ပေါ်သို့ ကွမ်းသွေး ထွေးချခဲ့သည်။

ဥဇနာမင်းကြီး ဒလအရပ်၌ ဆင်ဖမ်းထွက်ရင်း ကံကုန်သောအခါ နန်းလျာထားသော သီဟသူအား နန်းတက်ရန် အကြောင်း ဖန်လာသည်ကို အမတ်ကြီးရာဇသကြန်သိသည်နှင့် မှူးမတ်ကလန် သံပျင်အပေါင်းကို ရုံးစုကာ အမတ်တို့ သီဟသူကို မင်းမြှောက်သည်ရှိသော် ပြည်ရွာအလုံး ခက်ချေတော့မည်။


အမတ်တို့ကိုထားဘိဦး ငါအမတ်ကြီးဖြစ်သူကိုမှ မထောက်ထား မခန့်မရည်း ကျင့်ဖူးလေသည်။ တခါသော် သီဟသူနောက်က လာသည်ကို မမြင်မိ၍ ဖျက်လက် မသိမ်းမိရှိလေသည်ကို ဖျင်လက်ဝယ် ကွမ်းတံတွေး ထွေးဘိ၏။

ငါလည်းအရှင့်သားလာသည်ကို မမြင်မိပလေ ဟူ၍ ဆိုသော်လည်း နှလုံးမပြေရှိဖူးလေ၏။ အမျက်စောင်မန် အငြူအစူကြီးသူဖြစ်ဘိ၏ဟုဆိုကာ ကွမ်းတံတွေးထွေးခံရသော ဖျင်ကိုလည်း သိမ်းထားရာမှ ယူပြလေသည်။

အမတ်တို့လည်း ထိုဖျင်ကိုမြင်သော်မင်းမဖြစ်ခင်ကပင် အမတ်ကြီးကို မထောက်မချင့်ပြုလေသည်။

မင်းဖြစ်လျှင် ငါတို့အဘယ်မှာနေရအံ့နည်းဟုတစ်စိတ်တစ်ဝမ်းတည်း ညီလျှက် ဒလရှိ ခမည်းတော်သင်းချိုင်းကိုဦးတိုက်ရန်လာရောက်သော သီဟသူမင်းသားကိုဖမ်းဆီးကာ သီဟသူ၏ညီမင်းခွေးချေးခေါ် နရသီဟပတေ့ကို နန်းတင်ခဲ့ကြလေသည်။

ထိုမင်းသားသည်လည်း မင်းအဖြစ်သို့ရောက်ရှိလျှင်ထီးနန်းတင်ပေးခဲ့သော အမတျကွီးရာဇသကွနျကျိုခြီးမွှောကျကွညျ့ရှု့ခွငျးမရှိလစ်လျှူရှု့နေခဲ့သည်သီဟသူသည် ဥဇနာမင်းနှင့် မိဘုရားကြီးဖွားစော၏ သားဖြစ်ပြီး ညီတော် နရသီဟပတေ့ကား ဥဇနာမင်းနှင့် ပန်းပွတ်သည်သမီးဖြစ်သော မိဘုရားစုလည်းထုံး ၏ သားတော်ဖြစ်သည်။


တစ်နေ့တွင် အမတ်ကြီးရာဇသကြန်သည် မိမိအား မေ့လျော့နေသော နရသီဟပတေ့မင်းကို ဆုံးမလိုသဖြင့် ကွမ်းကလပ်အပဲ့ကို ကိုင်ဆောင်ကာ နန်းတော်သို့ ဝင်ရောက်လာသည်။

ယင်းကို မြင်သော နရသီဟပတေ့က အဘိုးရာဇသကြန် အဘယ်ကြောင့် ကွမ်းကလပ်အပဲ့ကို သုံးရသနည်းဟု မေးသောအခါ အမတ်ကြီးကလည်း အရှင့်သား ပန်းပွတ်သည်မြေး ကောင်းစားသဖြင့် ပန်းပွတ်မည့်သူမရှိ၍ ကွမ်းကလပ် အပဲ့ကိုသာ အသုံးပြုနေရပါသည်ဟု လျှောက်ထား၏

နရသီဟပတေ့လည်း နှလုံးတော်နာသည်ဖြစ်၍ အဘိုး ဂူထွတ်မတင်ခင်က ငြမ်းဆင်ရသကဲ့သို့ ဂူထွတ်တင်ပြီးသောအခါ ငြမ်းကိုဖျက်မှသာ တင့်တယ်၏ အဘိုးကား ငြမ်းဖြစ်ပြီး ဂူထွတ်အထက်ရောက်သကဲ့သို့ ငါလည်းမင်းအဖြစ် ရောက်ပြီဖြစ်၍

ငြမ်းဖျက်မှသာ ဂူထွတ်တင့်တယ်မည်ဟုဆိုကာ အမတ်ကြီး ရာဇသကြန်အား ဆင်၊ မြင်း၊ စည်းစိမ်ဥစ္စာ၊ အခြွေအရံ အားလုံးသိမ်း၍ ဒလသို့ပို့စေသည်။ ဤတွင် ဘုရားပြီး ငြမ်းဖျက်ဟူသောဆိုရိုးစကားလည်း တွင်ကျယ်ခဲ့လေသည်။

လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံသော အမတ်ကြီး ရာဇသကြန်မရှိပြီ ကြားလျှင် လက်အောက်ခံ နယ်တို့က သောင်းကျန်း ပုန်ကန်သောအခါ နရသီဟပတ လည်း အမတ်ကြီးကို ပြန်လည် ခေါ်ယူကာ ရှိရင်း စည်းစိမ်ဥစ္စာခြွေရံသင်းပင်းနှင့်တကွ ပြန်ပေး၍ သူပုန်တို့ကို နှိမ်နင်းစေခဲ့သည်။

ယင်းမှာ မြန်မာရာဇဝင်တို့၌ ဖော်ပြခဲ့သော ကွမ်း၊ကွမ်းကလပ်၊ ကွမ်းတံတွေးတို့ နှင့်ပက်သက်သော ပုဂံခေတ်နန်းတွင်းဖြစ်ရပ်ပင်ဖြစ်ပေသည်။ (မဟာရာဇဝင်ကြီး ပတွဲ စာ-၂၃၅ မှ၂၃၇)
ပျုခေတ်(သရေခေတ္တရာ)မှစ၍ ဘုရင်အရိုက်အရာကို ပေးအပ်ဆောင်နှင်းသည့် မင်းခမ်းဝင်ပစ္စည်းများတွင် ကွမ်းခွက် ပါရှိပြီး တကောင်းခေတ်ကပင် ကွမ်းလောင်းကြီး၊ကွမ်းလောင်းငယ်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။

မွန်မင်းအဆက်ဆက်တို့သည်လည်း ကွမ်းကလပ်ကို အသုံးပြုခဲ့ကြပြီး သထုံမင်းဆက်တွင် ကွမ်းကျပ်ဟူ၍ ကွမ်းအစ်သဘောမျိုးကို ကျပ် ဟုခေါ်ဝေါ်ခဲ့ကြောင်း သိမှတ်ရသည်။

ရွှေဘုံနိဒါန်း လာ ဥကင်တော်ဖွင့်ခန်း၌ ရှစ်ထောင့်ကွမ်းခွက်၊ လက်လက်ဖြိုးလျှံ၊ နဂါးခံကွမ်းခွက်၊ စက်စက်ရောင်ဝါ၊ စလင့်ကြာနှစ်ပွင့်၊ ရှု့တင့်ရောင်မောင်း၊ ကွမ်းလောင်းတော်ကြီး၊ထိန်ညီးကွမ်းကျပ်၊ ထိန်လျှက်ကွမ်းတောင်း၊ တကြောင်းထိုမှ၊ လက်တင်ကြားနှင့် ပတ္တမြားကွမ်းခွက်၊ ထိန်သလပ်ဖြင့်၊ ရောင်လျှပ်မီးနှယ်၊ ကွမ်းလောင်းငယ်က၊ တင့်တယ်ပြိုးပြောင်၊ သလင်းမြောင်တည့်။ ဟု ဖွဲ့ဆိုထားသည်။

ထို့ကြောင့် မြန်မာမင်းတို့၏ ဥကင်တော်ဖွင့် မင်းခမ်းတော်ပစ္စည်းများတွင် ကွမ်းချပ်တော်၊ ကွမ်းလောင်း တော်ကြီး၊ ကွမ်းလောင်းတော်ငယ်၊ နဂါးခံကွမ်းခွက်၊ ရှစ်ထောင့်ကွမ်းခွက်၊ လက်တင်ကြားကွမ်းခွက်တော်၊ ခြင်္သေ့ခံကွမ်းခွက်၊ ရွှေသားကွမ်းအစ်၊ ကျောက်စီ ကွမ်းအစ်၊ ကွမ်းကျပ်တော်တို့ ပါဝင်လေသည်။ (ရွှေဘုံနိဒါန်း စာ-၁၂၉)

သီလဝဇာတ်နိပါတ်တော်၌လည်း ကောသလမင်းကြီး ပြင်ဆင်ထားသော ကွမ်းကို ကွမ်းလောင်း၊ ကွမ်းခွက်တွင် ထည့်၍ ဘီလူးတို့က သီလဝမင်းကို ဆက်သကြောင်း ပါရှိလေသည်။

ကွမ်းကို မြန်မာဘုရင်တို့ နှစ်သက်မြတ်နိုးစွာ စားသုံးခဲ့သည့် ဓလေ့ထုံးစံတစ်ရပ်ဖြစ်ရာ မြန်မာမင်းတို့၏ ညီလာသဘင်၌ပင် ကွမ်းယာကို အမြတ်တနိုးဂုဏ်တင်လျှက် ရာထူးအလိုက် ပေးကမ်းချီးမြှင့်လေ့ရှိကြ၏။ ဘိုးတော်၊ ဘွားတော်၊ ဘုရင်နှင့် မိဘုရားကြီးတို့၏ ကွမ်းဖတ်ကိုပင် စားခွင့်ရသည့် မင်းသား၊ မင်းသမီး၊ မှူးမတ်ခြွေရံတို့မှာ အထူးပင် ဂုဏ်ဒြပ် ကြီးမားလှပေသည်။

သရေခေတ္တရာပြည် တကောင်းမင်း၏ ယောက်ဖတော် အိမ်ရှေ့မင်းသားသည် ဝက်ကြီးကို လိုက်လံ နှိမ်နင်းပြီးနောက် ရသေ့ပြုခဲ့ရာ ကျပ်တည်းအရပ်၌ သီတင်းသုံးနေစဉ် သိကြားမင်းကိုယ်တိုင် ကျပ်မြင်းမိုရ် ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့်သရေခေတ္တရာခေတ်တွင် ကွမ်းလောင်းကွမ်းခွက်ကို ကျပ်မြင်းမိုရ်ဟု ခေါ်ဝေါ် သုံးစွဲခဲ့ပြီး ကျပ်လှဟုလည်း ခေါ်ဆိုသည်။

ထိုမှ နောင်မင်းများ လက်ထက်တွင် ဟင်္သာကွမ်းအုပ်၊ ကရဝိတ်ကွမ်းအုပ်များ အသုံးပြု ခဲ့ကြသည်။ မြန်မာအိမ်ရှေ့မင်းများ၊ အိမ်ရှေ့မိဘုရားတို့၏ အဆောင်အယောင်များတွင်လည်း ခိုနန်းကွမ်းခွက် ခေါ် ကွမ်းထည့်သည့် ခွက်များကို အသုံးပြုခဲ့ကြသည်။

ခိုနန်းကွမ်းခွက်မှာ ထောင့်ချိုးများရှိပြီး ရှစ်မြှောင့်၊ ဆယ့်နှစ်မြှောင့်ထောင့်ချိုးများဖြစ်၍ ကျောက်စီမှန်တပ်များ ဖြစ်ပေသည်။ ရှစ်မြှောင့်ကွမ်းခွက်တွင် ရွှေသားသက်သက် ပြုလုပ်ထားသည်လည်း ရှိ၏။

ရွှေသားဖြင့်ပြုလုပ်သော လေးထောင့်၊ အဝိုင်းကွမ်းခွက်၊ ကွမ်းတောင်းများကိုလည်း အသုံးပြုကြလေရာ မြန်မာမင်းတို့၏ လက်ဝဲမင်းခမ်းတော်၁၃ခန်းတွင် ကွမ်းချပ်၊ ကွမ်းလောင်းများ အကြောင်းကို ရွှေကောင်းရွှေမြှောင့်၊ ရှစ်ထောင့်ရောင်လျှံ၊ ခြင်္သေ့ခံဟု၊ မင်းခံရည်ညက်၊ ကွမ်းခွက်နှစ်ဆူမှတ်တမ်းတင်ခဲ့သည်ကိုလည်း တွေ့ရ၏။


တကောင်းခေတ်မှ စ၍ ပုဂံခေတ်အထိ ကွမ်းကို အများပြည်သူတို့ က သစ်သားဖြင့် ပွတ်လုံးခံသော ကွမ်းကလပ်များဖြင့် ထည့်၍ အသုံးပြုခဲ့ကြသည်။

အင်းဝခေတ်တွင် ကွမ်းကို ယွန်းအစ်များဖြင့် ထည့်၍ ကွမ်းအစ်အဖြစ် နှောင်းခေတ်များ တိုင်အောင် အသုံးပြုလာခဲ့ကြသည်။ ကွမ်းအစ်အရွယ်အစားမှာ ၄လက်မမှ ၁၂လက်မအထိ အရွယ်အမျိုးမျိုးရှိကာ ယင်းကွမ်းအစ်ထဲ၌ ငွေဖလားငယ်လေးများဖြင့် ကွမ်းသီး၊ စမုံစပါး၊ ရှားစေး၊ ထုံးဘူးစသည်တို့ ထည့်သွင်းပြီးလျှင် ဖလားစုံကွမ်းအစ်ဟု ခေါ်ဆိုကြသည်။ မြန်မာ့ရိုးရာဓလေ့အတိုင်း ဧည့်သည်လာလျှင် ထိုဖလာစုံကွမ်းအစ် တည်ခင်းကာ ဧည့်ဝတ်ပြုကြလေ့ရှိသည်။

ကွမ်းရွက်၏ အာနိသင်ကိုလည်း မြန်မာ့လောကီဆေးကျမ်းများတွင် အကျယ်တဝံ့ရေးသားဖော်ပြထားကြသည်။

လေသလိပ်ကိုငြိမ်စေခြင်း၊မျက်စိမှုန်၊သည်းခြေနာ၊သွေးနာရောဂါများကို နိုင်ခြင်း၊ လေကိုငြိမ်စေခြင်း၊စသည်ဖြင့်ပြ၏။ ကွမ်းပင်သည် ငရုတ်ကောင်းအနွယ်ဝင် အပင်မျိုးဖြစ်၍ ရုက္ခဗေဒအခေါ် ပစ်ပါးရေးစီယားဟု အမည်တွင်သည်။

ပေါ်တူဂီတို့က ကွမ်းကို (ဗီတာ) ဟုခေါ်၍ မလေး ပသျှုးလူမျိုးတို့ကမူ(ဗတ်တီလ)ဟုခေါ်ဆိုကြသည်။ပေါ်တူဂီတို့ကကွမ်းရွက်ကိုအာရှမှ ဥရောပတွိုကသွို့တငသွှငွးဖှနွ့ခှိကာဆေးဝါးဖောစွပရွာတှငွ အသုံးပြုခဲ့ကြသည်။


ဆေးကျမ်းများတွင် ကွမ်းသီးကို ဝမ်းကျနာ၊လေသလိပ်နာတို့ကိုပျောက်ကင်းစေပြီး ဝမ်းမီးတောက်စေသည်ဟုလည်းဖော်ပြသည်။

ဆေးရွက်ကိုမူ သည်းခြေကိုလည်းကောင်း၊ ဒဏ်ရာကိုလည်းကောင်းသက်သာစေပြီး ပထဝီဓါတ်ကို အားပေးသည်ဟုဆိုသည်။

ဓါတုရသဆေးကျမ်းတွင် ပိုးသေစေသည်ဟုလည်း ဖော်ပြ၏။ ထုံးသည်အပူဖြစ်သောကြောင့် တေဇောဓါတ်ကိုလည်းကောင်း၊ သည်းခြေကိုလည်းကောင်း၊ အကျိပ်အခဲအဖုနှင့်အဆိပ်ကိုလည်းကောင်း ပယ်သတ်နိုင်သည်ဆို၏။

ရှားစေးကိုမူ ဝမ်းသွားလွန်ခြင်း၊ချွေးထွက်လွန်ခြင်း သွေးလျှံခြင်း၊ခံတွင်းနာခြင်းတို့ကိုပျောက်ကင်းကာ သွား ခိုင်စေကြောင်း အဆိုရှိသည်။

ထို ဆိုအပ်ခဲ့သည့် ပစ္စည်းအစုံအလင်ဖြင့်ကွမ်းယာပြုလုပ်စားသုံးခြင်းအားဖြင့်ကျန်းမာရေးအတွက် ဆေးတစ်ပါး ဖြစ်စေနိုင်ကြောင်းကို ရှေအထက်ကျော်ကာရီကစ၍ ယုံကြည်စွာ အမြတ်တနိုးအသုံးပြုခဲ့ကြပုံရလေသည်။

မြန်မာ့ထုံးစံအရ ကွမ်းရွက်ကို အရင်းအဖျားဖြတ်၍ ကွမ်းယာ ပြုလုပ် စားသုံးကြလေ့ရှိသည်။ သို့သော် မင်္ဂလာကိစ္စနှင့် နတ်တင်သော ကွမ်းယာတို့ကိုမူ အရင်းအဖျားဖြတ်လေ့မရှိပေ။ ရှေးအခါက ယောက်ျားပျိုမိန်းမပျိုတို့အဖို့ ချစ်ခင်ကြောင်း ပြသော လက်ဆောင်အဖြစ်လည်း ကွမ်းယာကို ပေးလေ့ရှိခဲ့၏။

သထုံရာဇဝင်တွငါ ဗျတ်ဝိ ရာဇဝတ်ပြစ်ဒဏ်သင့်ကာ သတ်ကာနီးတွင် ဗျတ်ဝိ၏တောင်းဆိုချက်အရ ရည်းစားဖြစ် သူမအိုဇာသည် ကွမ်းတစ်ယာရေတစ်မှုတ် ပေးခဲ့ရကြောင်း အဆိုရှိ၏။

ထိုသို့ ကွမ်းယာကို ချစ်သူ့လက်ဆောင်အဖြစ် သုံးကြသည့်အပြင် ပယောဂဆရာများ နတ်ဝင်သည်များကမူ ဂါထာမန်းမှုတ်ကာ သိဒ္ဓိတင် ပစ္စည်းအဖြစ်လည်း အဆောင်အဖြစ် သုံးလေ့ရှိပြန်သည်။ ရှေးက လွှတ်ရုံး၊တရားရုံးတို့တွင်လည်း ကွမ်းဖိုးဟူ၍ အခွန်တစ်မျိုးပေးဆောင်ရသော အလေ့ရှိ၏။

အချိန်ကာလ ကြာသောအချိန်သတ်မှတ်ရာ၌ပင် ဆေးတစ်အိုးကျွမ်း၊ ကွမ်းတစ်ယာညက် ဟု စံထားခဲ့ကြသေးသည်။ ရှေးအခါကပင် ကွမ်းယာကို စားသောအခါ စိတ်ကို အေးချမ်းသာယာစေသည်ဟု ယူဆကြ၏။

ဒေါသဖြစ်လျှင်မူ ကွမ်းယာကို ပါးစပ်ထဲမှ ထွေးထုတ် ပစ်လေ့ရှိသည်။ ကွမ်းကြိုက်လှသူများအဖို့ ကွမ်းမစားရသောအခါတွင် ပါးစပ်ထဲ၌ ထုံပြင်းပြင်း ဖြစ်နေရသည်ကိုပင် အရသာယူကြောင်း သိရပြီး ထိုအရသာကို ပျက်စေသော သံပုရာသီးကို ကွမ်းစားသူတို့က မုန်းတီးကြလေ့ရှိသဖြင့် တစ်သက်လုံးစားသမျှ ကွမ်း၊ သံပုရာတစ်ခြမ်းနှင့်ချေဟုပင် စကားပုံရှိခဲ့လေသည်။

အမရပူရ ပထမမြို့တည် ဘိုးတော်မင်းတရားကြီး လက်ထက် သမီးတော်မိတ္ထီလာမင်းသမီးကိကွမ်းဦး နာမကရဏ လက်ဖွဲ့ မင်္ဂလာပြုခဲ့သည်။ သမီးတော်သည် ၁၁၅၆ခု၊ တပို့တွဲလဆန်း၂ရက်နေ့ ၂ချက်တီးကျော် အချိန်တွင် ဖွားမြင်တော်မူသည်မှ ၂လခွဲပြည့်မြောက် သည် ဖြစ်သောကြောင့် ပညာရှိ ကြာဥယျာဉ် ရွာစားစည်သူရာဇာနှင့် နာရီတော်မှူးဘယနန္ဒမိတ်တို့ကကွမ်းခွံ့ မင်္ဂလာပြုခဲ့ကြသည်ဟု မြန်မာ့မဟာမင်္ဂလာမင်း ခမ်းတော်၌ ဖော်ပြထား၏။


ကွမ်းခွံ့မင်္ဂလာဆင်ယင်ရာတွင် ကလေးငယ်ကို ကွမ်းစားစေသည်မဟုတ်ပဲ ကွမ်းယာဖြင့် မင်္ဂလာယူခြင်း သိဒ္ဓိတင်ခြင်းမျှသာဖြစ်သည်။ ယင်းမှစ၍ မြန်မာတို့၏ မင်္ဂလာယူသောပွဲလမ်းများ၌ ကွမ်းကိုထုံးတမ်းစဉ်လာအနေဖြင့် ထည့်သွင်းခဲ့ကြသည်ဟုမှတ်သားရပါသည်။ ။

ကွမ်းဓလေ့


အနောက်နိူင်ငံမှ ခရီးသည်တို့သည် ကွမ်းဓလေ့နှင့် မရင်းနှီးကြပါ။ သူတို့သည် ယေဘုယျအားဖြင့် ကွမ်းယာတွင် ပါဝင်သောပစ္စည်းများနှင့် လူမှုရေးတွင် ကွမ်းယာ၏ အရေးပါမှု လောက်ကိုသာ စိတ်ဝင်စားလေ့ရှိကြသည်။ ဒါပေမဲ့ ပိုလေ့လာ ထားလေကောင်းလေ ဖြစ်ပါသည်။ ကွမ်းယာသည်တွေကို နေရာ မရွေး တွေ့နိူင်ပါသည်။ သူတို့ရဲ့ ကွမ်းယာဗန်း၊ကွမ်းယာလှည်း ကလေးတွေကလည်း နေရာတိုင်းမှာ ရှိပါသည်။

သုတေသီတို့အဆိုအရ ကွမ်းစားခြင်းဓလေ့သည် ဗုဒ္ဓဘာသာ နှင့်အတူ မဇ္ဈိမဒေသ အိန္ဒိယတိုက်ငယ်မှ ရောက်လာခဲ့သည်ဟု ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ အနော်ရထာခေတ် ပုဂံနိူင်ငံတော်တွင် ကွမ်းစားခြင်းဓလေ့သည် အခိုင်အမာရှိနေပြီ ဖြစ်ပါသည်။

အမျိုးသားပြတိုက်တွင်

ကုန်းဘောင်ခေတ်မှ ကွမ်းနှင့် ပတ်သတ်သော ကွမ်းကလပ်၊ ကွမ်းအစ် စသည်တို့ကို ပြသထား ပါသည်။ ရှေးမြန်မာနိူင်ငံတွင် ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားမှအစ မှူးကြီးမတ်ရာတို့မှာ ရာထူးဌာနန္တရအလိုက် ကွမ်းအစ်ကို အဆောင် အယောင်အဖြစ်ပင် သုံးစွဲနေကြပြီဖြစ်ပါသည်။

နန်းတွင်းသူ၊ နန်းတွင်းသား ရာထူးရာခံများနှင့် ဧည့်သည် တို့သည် ဘုရင်၊ မိဖုရားတို့ ဝါးပြီးကွမ်းကို ပါးစပ်တော်မှ ထုတ်ပေးလျှင် အမြတ်

တနိုး စားကြကြောင်း သိရပါသည်။

ဘုရင်ခေတ်မဟုတ်သော ယခုအခါ ရွံ့ရှာဖွယ်ရာ ဓလေ့တစ်ခုဟု ထင်ကြမည်ဖြစ်သော်လည်း၊ ထိုစဉ်က အခွင့်အရေးတစ်ရပ်အဖြစ် သဘောထားပြီးရသော မိဖုရားပါးစပ်မှ ဝါးပြီးကွမ်းကို တရိုတသေ စားကြသည်ဆို၏။

မြို့များ၊ ကျေးလက်ဒေသများတွင် အိမ်တိုင်းမှာကွမ်းအစ်များ ရှိကြသည်။ ဧည့်သည်ကို ကွမ်းအစ်ဖြင့် ဧည့်ဝတ်ပြုကြသည်။ လူတိုင်းလိုလိုပင် အနည်းဆုံးထမင်းစားပြီးတိုင်း ကွမ်းတစ်ရာတော့ ဝါးလေ့ရှိကြသည်။ ကွမ်းအစ်များကို ဒန်နှင့် ကြေးဝါအပြင် ယွန်းထည် တို့ဖြင့် ပြုလုပ်ကြသည်။ ကွမ်းအစ်မှာ ပန်းပွင့်ပန်းနွယ် အရုပ်စသည်ဖြင့် အလှဆင်ထားလေ့ရှိသည်။ ဧည့်သည်အား ကွမ်းဖြင့် ဧည့်ခံခြင်းသည် နွေးထွေးမှု၏ သင်္ကေတဟု ဆိုကြသည်။


ကွမ်းအစ်မှ ကွမ်းထည့်ထားသော အောက်ဆင့်မှ အကြီးဆုံး ဖြစ်သည်။ အပေါ်မှာ အံကလေး ၂ခုပါသည်။ အပေါ်မှာ အဖုံး ပါသည်။ အံကလေးများတွင် ကွမ်းသီး၊ ထုံးဘူး၊ ကွမ်းညှပ်၊ ရှားစေးခဲ နှင့် ဆေးရွက်ကြီးအပြင် ကြိုက်တတ်သူတို့က ပရုပ်စသည်တို့ ထည့်ထားသည်။

ကွမ်း၊ ဆေးနှင့် လက်ဖက်တို့ သုံးမျိုးကို ဧည့်ဝတ်ကျေပွန်မှု နှင့် နွေးထွေးသော ကြိုဆိုမှု၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။


ပန္နက်ရိုက်၊ ငြမ်းဆင်၊ ထုတ်တင်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ်၊ မိခင်မြေကြီးနှင့် ပတ်သတ်၍ လုပ်ငန်းဟူသမျှ စသော အခါ ပွဲတင်ရာတွင် ငှက်ပျောနှစ်ဖီး၊ အုန်းသီးတစ်လုံးပါသော ပွဲကြီးဖြစ်စေ၊ ထမင်းဖြူ နှင့် ထန်းလျက်တစ်လုံး တည်းပါသော ပွဲငယ်ဖြစ်စေ ကွမ်းယာကားပါမြဲဖြစ်သည်။

ပွဲမတင်ပါက အလုပ်သမားများက အလုပ်စမည်မဟုတ်၊ ပွဲတင်သော်လည်း ကျီးမကျသေးပါက အလုပ်မစကြသော အစဉ်အလာရှိသည်။

လူနေမှု၊ အစားအစာ၊ ယဉ်ကျေးမှု၊ ပုံစံပြောင်းလဲလာသည် နှင့်အမျှ ကွမ်းဓလေ့ကို မလွဲမရှောင်သာ ကန့်သတ်မှုများ ပေါ်လာပြီ ဖြစ်သည်။

ရုပ်ရှင်ရုံအတွင်း၊ လမ်းပေါ်၊ စူပါမားကတ်များ၊ဘတ်(စ်)ကားပေါ် စသောနေရာများတွင် ကွမ်းစားသူတို့ကို အလိုမရှိကြတော့ပါ။ ကွမ်းတံထွေးကြောင့် ဖြစ်ရသော ရန်ပွဲ များလည်းမရှား၊ ကွမ်းစားသူ၏ အဝတ်များလည်း ကွမ်းတံထွေး စွန်းထင်တက်သည်။

ကွမ်းယာတွင်ပါဝင်သော ကွမ်းရွက်၏ အာနိသင်မှာ များလှပါသည်။ ကွမ်းသတ္တုရည်၊ ကွမ်းရွက်ဆီတို့သည်မျက်စိရောဂါ၊ အစာအိမ်ရောဂါများ ကုသမှုအတွက် အသုံးဝင်သည်။ သန်ကျဆေး အဖြစ် သုံးနိူင်သည်။ အစာကြေသည်။

ကွမ်းသီးသည် ဖန်သော အရသာရှိ၍ ချုပ်စေ၏။ သွေးကိုတိတ်စေ၏။ ထုံးသည် အဖု အပိန့်တို့ကို ပြေစေသည်။ ရှားစေးသည် ခံတွင်းသွားဖုံး သွေးယိုစီးခြင်းကို သက်သာစေနိူင်သည်။ ချွေးထွက်လွန်ကဲမှုကို ကာကွယ်နိူင်၏။ အနာစိမ်းများမှ သွေးကို တန့်စေနိူင်၏။

ခေတ်၏ လိုအပ်ချက်အရ ကွမ်းစားခြင်းကို ချုပ်ချယ် လာပြီဖြစ်သော်လည်း ကွမ်းစားခြင်းဓလေ့သည် လွယ်လွယ်နှင့် ပျောက်ကွယ်သွားမည်ကား မဟုတ်ပါ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners