ကုန်းဘောင်ခေတ် အမျိုးသမီးသူရဲကောင်း တစ်ဦးဖြစ်သည့် မယ်ဘယက်

မယ်ဘယက် သည် ကုန်းဘောင်ခေတ် နှောင်းပိုင်း ကာလတွင် ပေါ်ပေါက်ခဲ့သော အမျိုးသမီးစစ်ဗိုလ် တစ်ဦးဖြစ်သည်။

သူမသည် မြင်းစီးကျွမ်းကျင်မှုနှင့် ဓားရေးကျွမ်းကျင်မှုကြောင့် နာမည်ကြီးသူဖြစ်သည်။

မယ်ဘယက်သည် ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်တွင် အမှုတော်ထမ်း ဗိုလ်တစ်ဦးဖြစ်ခဲ့ပြီး နန်းမတော်မယ်နုအထိန်းတော်၏ ချွေးမ ဖြစ်သူ မယ်ခလုပ် အား အမရပူရမြို့

မြောက်ဘက်ကျုံးထိပ်တွင် မြင်းစီးချင်းထိုးကာ အနိုင်ယူခဲ့သူ ဖြစ်ကြောင်း အမရပူရ ရာဇဝင်တွင် ရေးသားထားသည်။

တောင်သမန်အင်း အရှေ့မြောက်ထောင့်တွင် တည်ရှိသော မယ်ဘယက်ကုန်း ဟူသည့်အရပ်သည် ထိုခေတ်က သူမအား အပိုင်စားပေးခဲ့သည့် နယ်မြေ ဖြစ်သည်။

ဘကြီးတော်စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက နန်းချကာ အာဏာသိမ်းပြီးနောက် စစ်ကိုင်းမင်းအား အကျယ်ချုပ် ချထားရာနေရာနှင့်

နန်းမတော်မယ်နုအား ရေချကွပ်မျက်သည့်နေရာသည် မယ်ဘယက်ကုန်း အနီးတွင် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဘကြီးတော်မင်းလက်ထက် အေဒီ ၁၈၂၆ က တပ်ဗိုလ်တစ်ဦး ဖြစ်ခဲ့သူ မယ်ဘယက် ၏ အမည်သည် အနှစ် လေးဆယ် တိတိအကြာ

မင်းတုန်းမင်းလက်ထက် အေဒီ ၁၈၆၆ စစ်မှတ်တမ်းတွင်လည်း ပြန်လည်ပါဝင်လာသည်ကို အံ့သြဖွယ် တွေ့ရှိရသည်။

ရတနာပုံမြို့တည် နန်းတည် ၊ မင်းတုန်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၂၂၈ ခု (အေဒီ ၁၈၆၆ သြဂုတ်လ) တွင် သားတော်များ ဖြစ်သော မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားနှစ်ပါး ထကြွပုန်ကန်သည့် အရေးအခင်း ပေါ်ပေါက်ခဲ့သည်။

(ထို အရေးအခင်းတွင် အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီး နတ်ရွာစံခဲ့သဖြင့် ကနောင်ကိုယ်တော်ကြီး၏ သားတော် ပန်းတိမ်းမင်းသားက မင်းတုန်းမင်းအပေါ် နားလည်မှုလွဲကာ ပုန်ကန်ခြားနားခဲ့သည်။)

မြင်ကွန်း၊ မြင်းခုန်တိုင်တို့က ပုန်ကန်မှု မအောင်မြင်သည့် အခါ အောက်ပြည်သို့ဆင်းကာ နယ်စွန်နယ်ဖျားကို ထိပါးသည်။ပန်းတိမ်းကိုယ်တော်လေးက ရွှေဘိုသို့တက်ကာ လူသူစုရုံးသည်။

ထိုကဲ့သို့ မင်းတုန်းမင်းကြီး အတွက် သားတော်များ၏ ပုန်ကန်မှုများကြောင့် အခက်ကြုံနေစဉ် အမရပူရ မြို့ဝန်ကတော်ဟောင်း ဖြစ်သော အသက် ၄၀ ခန့်ရှိ မုဆိုးမ မိနက်ကြီး ဆိုသူကပါ လက်နက်လူသူ စုရုံးသည်။

မိနက်ကြီးသည် မင်းတုန်းမင်းကို စိတ်နာရသည့် အကြောင်းရင်းမှာ အေဒီ ၁၈၅၃ ခုနှစ် ပုဂံမင်းလက်ထက် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့ ပုန်ကန်သည့်အခါ

မိနက်ကြီး၏ လင်ယောကျ်ား အမရပူရမြို့ဝန်ကို မင်းတုန်းကနောင် ညီနောင်နှစ်ပါးက မတရားပြုဖူးသည်ကို အစွဲပြု၍ ဖြစ်သည်ဟုဆိုသည်။

မိနက်ကြီးသည် မြင်းစီး အလွန်ကျင်လည်၍ အစွမ်းကောင်း၏။မြင်းပြေးစဉ်တွင် ရပ်၍စီးခြင်း ၊ ခုန်၍စီးခြင်း ၊ နောက်ပြန်စီးခြင်း ၊ ခြေတစ်ချောင်းထောက်၍ စီးခြင်း ၊

ခါးညွတ်၍ စီးခြင်း ၊မြင်းပေါ်မှ ဆင်း၍ မြင်းနှင့် အတူပြေးကာ မီအောင် ပြန်တက်ခြင်း စသည်ဖြင့် အံ့ဩလောက်အောင် စီးနိုင်လေသည်။

(တုတ်ပြီး၊ ဓားပြီးစေသော ကာယသိဒ္ဓိလည်း ရှိသည်ဟူ၏။)
မိနက်ကြီးသည် တိုက်ပွဲဝင်သည့်အခါ တပ်တွင် ဗိုလ်ပြု၍ ဆံပင်ကို ဖားလျားချလျက် မြင်းစီး၍ ရှေ့ကထွက်၏။

မင်းတုန်းမင်းကြီး၏ ရတနာပုံတပ်သား တပ်ဗိုလ်များလည်း တစ်ဖက်က မိန်းမ ဖြစ်နေ၍ သနပြီးလျှင် ဖရိုဖရဲ နေရာမကျဘဲ တပ်များကို ပြန်ဆုတ်ရလေ့ရှိ၏။

(မိန်းမနှင့်ဖက်ပြိုင်တိုက်ရမည်ကို မလိုလားသောကြောင့် ဖြစ်ဟန်တူသည်။တပင်ရွှေထီးလက်ထက် ယိုးဒယားသို့ စစ်ချီရာ ယိုးဒယားမင်းမိဖုရားခေါင် ဗြသီရိဆူရီယိုထိုင်းက ဥပရာဇာသဖွယ် ဝတ်ဆင်၍ စီးချင်းရင်ဆိုင်သည်။

ထိုအခါ ပြည်မင်းသတိုးဓမ္မရာဇာက တိုက်ခိုက်သဖြင့် ဆူရီယို ထိုင်းသည် ဆင်ဦးတွင်ပင် အနိစ္စရောက်သည်။တပင်ရွှေထီးက ဣတ္ထိယနှင့်စီးချင်းထိုးရာသလော ဟုဆိုကာ ပြည်မင်းအား နှုတ်ပစ်တင်ခဲ့သည်ဟုဆိုသည်။

စစ်မြေပြင်တွင် ယောကျာ်းချင်းသာ ဘုန်းလက်ရုံးချင်း ရင်ဆိုင်လိုစိတ်ကို မြင်သာနိုင်သည်။)

မိနက်ကြီးနှင့်ရင်ဆိုင်တိုင်း တပ်များ လန်သည့်အကြောင်းကို မင်းတုန်းမင်းကြီး သိတော်မူလျှင် မန္တလေးဘက်၌လည်း ထိုမိနက်ကြီးကဲ့သို့ပင် ကျင်လည် အစွမ်းကောင်းသော မယ်ဘယက် ဆိုသူကို ဗိုလ်တင်၍ တိုက်စေသည်။

မယ်ဘယက် ဦးဆောင်သော ရတနာပုံတပ်သားတို့လည်း ထိုအခါမှပင် မိနက်ကြီး ဦးဆောင်သော သူပုန်တပ်တို့ကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်ကြရာ မိနက်ကြီးအရေးနိမ့်၍ သူပုန်များ ကယိမ်းကပါး ဆုတ်ခွာရလေ၏ ဟူသ တည်း။

ဘကြီးတော်လက်ထက် မယ်ဘယက်နှင့် မင်းတုန်းမင်း လက်ထက် မယ်ဘယက်သည် တစ်ဦးတည်းလော၊ သို့တည်းမဟုတ် သီးခြားစီလောကိုမူ ဝေခွဲရခက်လှသည်။

(မိမိအမြင်အရမူ သီးခြားစီဖြစ်နိုင်သည်ဟု ယူဆပါသည်။
ဘကြီးတော်လက်ထက်က အသက်နှစ်ဆယ်ခန့် (ခန့်မှန်း) အမျိုးသမီးဗိုလ် မယ်ဘယက်သည်

အနှစ်လေးဆယ်အကြာ မင်းတုန်းမင်းလက်ထက်တွင် အသက် ခြောက်ဆယ်ခန့် ရှိနေမည် ဖြစ်ရာ သက်ကြီးပိုင်းရောက်နေပြီ ဖြစ်သည်။

မြင်းစီး လှံထိုးရာတွင် သွက်လက်တော့မည် မဟုတ်ချေ။)
မယ်ဘယက်ကိုရည်စူးထားသည့်ရုပ်တုလွတ်လပ်ရေး ရပြီးခေတ် နောက်ပိုင်းတွင် မယ်ဘယက် အကြောင်း ရိုက်ကူးသော ရုပ်ရှင်များ ပေါ်ပေါက်ခဲ့သည်။

မင်းသမီး ဒေါ်ခင်ယုမေ၊ မင်းသမီး ဒေါ်စံရှားတင် တို့ ပါဝင်သရုပ်ဆောင်ခဲ့သည် ဟုဆိုသည်။ကုန်းဘောင်ခေတ် မယ်ဘယက်ကိုပင် ဗြိတိသျှနယ်ချဲ့အား တော်လှန်သူအဖြစ် သရုပ်ဖော်ခဲ့သော ပြဇာတ်များလည်း ရှိခဲ့သည်။

ယနေ့အခါတွင် ရတနာပုံတက္ကသိုလ်သို့ သွားရာ လမ်းမကြီး အနောက်ဘက်၌ မယ်ဘယက်ကို ရည်စူး၍ တည်ထားသော စေတီကို လေ့လာဖူးတွေ့နိုင်ပါသည်။

ရှေးယခင်ကမူ လှည်းလမ်းမနံဘေး ကျောက်တော်ကြီး ဘုရားသို့ သွားရာလမ်း၌ မယ်ဘယက် သစ်သားတံတားငယ် ရှိခဲ့ဖူးသည် ဆို၏။

(ကတ္တရာလမ်းအဖြစ် ပြုပြင်သည့်အခါ အဆိုပါ တံတား၏ ငုတ်တိုင်ငယ်များကို မြင်ဖူးကြသူများ ရှိသည်ဆို၏။

နောက်ပိုင်းတွင်မူ နယ်မြေခံများ၏ ထင်းအလို့ ငှလည်းကောင်း၊ အခြားအသုံးပြုစရာကြောင့် သော်လည်းကောင်း၊ ရှေးဟောင်း သမိုင်းဝင် သစ်ငုတ်တို တံတားအစိတ်အပိုင်းများကို ယူဆောင်သွားကြရာမှ ပျောက်ကွယ်သွားသည်ကို သိရှိရပါသည်။)

ကုန်းဘောင်ခေတ် အမျိုးသမီး သူရဲကောင်း တစ်ဦးဖြစ်သူ မယ်ဘယက်အား လက်လှမ်းမီရာ အကိုးအကားများဖြင့် စုစည်းရေးသားထားပါသည်။

မယ်ဘယက်ဘုရား၊ မယ်ဘယက်ကို ရည်စူးထားသည့် ရုပ်တုနှင့် ပန်းချီမြိတ်ဝင်းထိန်၏ မယ်ဘယက် ပန်းချီကားတို့ကိုလည်း တစ်ပါတည်း ပူးတွဲဖော်ပြလိုက်ပါသည်။

ကျမ်းကိုး- ၁။ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်ရာဇဝင် ဖတ်စာ

၂။ ကို James Thu Ra ၏ မယ်ဘယက်အကြောင်း ကွင်းဆင်းလေ့လာရေးသားထားသည့် စာစု
crd,မူရင်းရေးသားသူ ပဉ်စမံကွောငျ(မင်းထက်ကျော်စွာ)