အင်းဝပြည်ကြီး ကောင်းစားခဲ့စဉ်က

ဘကြီးတော်ဘုရား လက်ထက်၌ အင်းဝပြည်ကြီး၏ နောက်ဆုံးခေတ်ဖြစ်ခဲ့သလို အစည်ကား အကြီး အကျယ် ဆုံးလည်း ဖြစ်ခဲ့ပါသည်။

ကြီးကျယ်ခမ်းနားသော ဖန်နန်းတော်ကြီးနှင့်တကွ မိုးထိုးမြင့်မား သော ကျောင်းကန် ဘုရား အဆောက်အဦပေါင်း မြောက်မြားစွာရှိခဲ့သည်။

အင်းဝခေတ် အဆက်ဆက်မှ နောက်ဆုံးခေတ် အထိ တည်ရှိခဲ့သော ထိုအဆောက်အဦများတွင် ပန်းဆယ်ပါးဟု ဆိုအပ်သော

ပန်းပု၊ ပန်းတဉ်း၊ ပန်းရန်၊ ပန်းတမော့ စသော လက်ရာမွန်များနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ရာ၊

ရှေးဟောင်း လက်ရာ မွန်တို့နှင့် ဝေဆာလျှံညီး ရှုမငြီးတင့်တယ်ဖွယ်ရာ ရှိခဲ့သည်။

သိမ်းကျုံး၍ ပြောရပါမူ အင်းဝပြည်၏ လက်ရာ မြောက်ကျောင်းကန်ဘုရားနှင့် ဇရပ်တန်ဆောင်း စသော

ဘုံဗိမာန်တွေသည် ဤအင်းဝမှာ စု၍ သာ နေခဲ့ပေ သည်။

လောကီ လောကုတ္တရာကြောင်းနှင့် နာမည်သတင်း ကျော်စောခြင်းနှင့် ပြည့်စုံခဲ့သော ပညာကျော် တော်ဝင် ကဝိရှင်ကြီးများလည်း မရေမတွက်နိုင်အောင် အင်းဝက ထွန်းကားနိုင်ခဲ့ပါသည်။

အင်း၀ မိုးညှင်းမင်းတရားကြီး လက်ထက် အလွန်ထင်ရှားကျော်ကြားခဲ့သော ဘားမဲ့ဆရာတော်၊ ဘားတမော့ ဆရာတော်ကြီးများ၏

လောကီ ဆေးဝါး၊ အင်းအိုင် လက်ဖွဲ့၊ မန္တန်များအကြောင်း၊ ဓမ္မစေတီ၊ ဓမ္မပါလ (ဓမ္မညာ) စသောမွန်ရဟန်းတော် နှစ်ပါးနှင့်

ဘုရင်မကြီး ရှင်စောပုတို့အကြောင်းများကို ပြန်လည် တွေးခေါ် မိလျှင် အလွန်ပင် စိတ်ဝင်စားဖွယ်ရာကောင်းသော ဖြစ်ရပ်ဌာနကြီး တစ်ခုလည်း ဖြစ်ခဲ့ပါသည်။

ဘားကရာ ကျောင်းတိုက်ကြီ၊ဘားမဲ့ ကျောင်းတိုက်ကြီး၊ လေးထပ်ကျောင်းတိုက်ကြီးနှင့် ရတနာဗိမာန် ကျောင်းတော်ကြီး

စသော အဓိကရ ကျောင်းတော်ကြီးတွေ ပျက်စီး ကွယ်ပျောက်သော်လည်း

ဘားမဲ့ ဆရာ တော်ကြီး၏ ဆေးဝါး၊ မန္တန်၊ အင်းအိုင်စသော လောကီအတတ်ပညာများ လုံး၀ ကွယ်ပျောက် မသွားသေး ပေ။

ဘားမဲ့ ဆရာတော်ကြီးကား လူစင်စစ်က ကိုယ်ပျောက်နိုင်သော ဆေးစွမ်းကောင်း များကိုပင် စီရင် ဖန်တီးတော်မူနိုင်ခဲ့သည်။

မိဖုရားကြီး ရှင်မင်းမှစ၍ မြဝတီမင်းကြီး ဦးစ၊ ပြင်စည်မင်းသားကြီးတို့ သီချင်းတွေ တေးထပ် တွေဟာလည်း

ယနေ့ ဂီတသမားတို့ ပါးစပ်ဖျား၌ ဝဲပျံနေဆဲ၊ နှလုံးသားမှ ပါးစပ်ဖျားသို့ တိုက်ရိုက်ရွတ်ဆို ဆင်းသက်နေကြဆဲ၊ မညှိုးမနွမ်း ပွင့်စ ပန်းကဲ့သို့ လန်းဆန်းရှင်သန်နေဆဲဖြစ်ပါသည်။

ရုပ်ဝတ္ထုတွေ ပျက်ကုန်ကြစေကာမူ ဟဒယဝတ္ထု နှလုံးသားတွင် စွဲထင်နေရစ်မူတို့က ဘယ်ခါမှ မပျက်ပြယ်သယောင် ခိုင်မြဲစွာ ရပ်တည်နေနိုင်သည်မှာ အံ့တစ်ပါးဖြစ်ပါပေသည်။

အဆောက်အအုံများနှင့်အတူ စာဆိုအကျော် တွေ၏ ကျမ်းဂန်၊ စာပေ၊ ဂီတ၊ ကဗျာ၊ ရသတို့က ဘယ်တော့ မှ မသေမပျောက်၊


အညွန့်အညှောက် တလူလူနှင့် ရှင်သန်၍ နေကြတုန်းပင်ရှိလေသည်။

ဆိုးတဲ့ဘက်၊ မိုက်တဲ့ဘက်က ထင်ရှားခဲ့သော သူခိုးကြီးငတက်ပြားတို့လည်း ဤအင်းဝပြည်ကြီးတွင် ကျော် စောထင်ရှားခဲ့၏။

မရှိခဏဘုရား ၏ ဘုရားဒကာမှာ သူခိုးကြီး ငတက်ပြား ဖြစ်ပါသည်။

မင်းကြီး မဟာဗန္ဓုလ ထွန်းကားချိန် မတိုင်မီကပင် ဆယ့်သုံးနှစ်သားနှင့် စစ်ကစားနိုင်တဲ့ စစ်ဘုရင်အဖြစ် တိုက်ပွဲကြီးတွေ ဝင်ခဲ့သူ မင်းရဲကျော်စွာ သည်လည်း

ဤအင်းဝပြည်ဘုရင်မင်းခေါင်၏ သား၊ သတ္တိသွေး ထက်မြက် လှသော မင်းသားတစ်ပါးဖြစ်ပါသည်။

ယင်းသို့လျှင် အံ့မခန်း လက်ရာမြောက် အဆောက်အဦတို့ အလယ်တွင် လက်ရုံးရည်၊ နှလုံးရည် ပြည့်၀ သောပုဂ္ဂိုလ်များနှင့်အတူ ကျမ်းဂန်စာပေ၊ ကဗျာ၊ ဂီတ၊ ရသစုံတို့ဖြင့်

ထုံမွမ်းကြိုင်လှိုင်ခဲ့သော အင်း၀ ပြည်ကြီး မှာ ပျက်စီးတိမ်ကော ဇနပုဒ်တောရွာကလေးဘဝသို့ ကျရောက်နေရပါသည်။

ယနေ့ မျက် မြင်သဏ္ဍာန်နှင့် ယခင်ရှေးအခါက ကြီးကျယ်ခမ်းနားခြင်း အတိတ်ကို ဆောင်နေရလျှင် ယုံနိုင်ဖွယ်ပင် မရှိ တော့ပါ။

ကလေးသူငယ်တို့အား ပြောပြသော ဒဏ္ဍာရီပုံပြင် တစ်ခုသဖွယ်သာလို့ ထင်ကောင်း ထင်မှတ်ကြ ပါတော့မည်။

ပထမ သရေခေတ္တရာ၊ ဒုတိယ ပုဂံခေတ်တို့က လက်ရာ အကြွင်းအကျန်တွေနှင့်စာလျှင် တတိယ အင်း၀ ခေတ်က

အကြွင်းအကျန် လက်ရာမွန်များ အတွေ့ရ အလွန်နည်းပါးလှပါတော့သည်။

ယခုလက်ရှိ တွေ့မြင် နေရသော နန်းတော်ရာ၊ မျှော်စင်၊ အုတ်ကျောင်းတော်ကြီးနှင့် ဦးအို အုတ်တံတားနှင့် ယုဒသန် ကျောက်တုံး အမှတ်အသားတို့သာ တွေ့ရမြင်ရခြင်းဖြစ်ပါသည်။

တစ်ခု တည်းသာ ကျန်ရှိတော့သော ဒေါ်ဒေါ်နု၏ အုတ်ကျောင်းတော်ကြီး၏ယခုအခြေအနေမှာတော့

ဖုန် အမှိုက်သရိုက်နှင့် လင်းနို့ချေးများ ပေကျံနံစော်နေသည်မှအပ အုတ်ကျောင်းကြီးမှာ အတော်ခိုင်ခံ့ပါသေး သည်။

သည့်ထက် သန့်ရှင်းစင်ကြယ်စွာထားပြီး ပြုပြင်ထိန်းသိမ်းသွားမည်ဆိုက ပြိုပျက်ပဲ့ရွဲ့ခြင်းမရှိ၊ ပကတိ အကောင်းအတိုင်း နေသွားဦးမည့် ဟန်အနေအထားမှာ ရှိနေပါသည်။

စာရေးသူတို့သည် အုတ် ကျောင်းတော်ကြီးအား ထက်အောက်ဝန်းကျင် အနှံ့အပြားကို အားပါးတရ ကြည့်ရှုလေ့လာကြပြီး နောက်

ကျောင်းကြီးပေါ်မှ ဆင်းလာကြပြီး အနောက်ဘက်မှ ဘုန်းကြီးကျောင်းဝိုင်းတစ်ခုကို ဖြတ်ကာ ဧရာဝတီ မြစ်ကမ်းစ သောင်စပ်သို့ ရောက်လာခဲ့ကြပါသည်။

အရင်က ဆိုလျှင် သည်နေရာသည် နန်းတော် မြို့ရိုး အပြင်တံခါးဝက သဲသောင်ခုံပင်ဖြစ်ပါသည်။ဒေါ်ဒေါ်နု အုတ်ကျောင်းကြီးအနီးရှိ မြို့တံခါးမှာ တကောင်းတံခါးဟု ခေါ်သည်။

ရှေးကတော့ လေသာ တံခါးဟုခေါ်ကြောင်း မှတ်သားသိရှိရပါသည်။

ယခုတော့ တံခါးလည်းမရှိ၊ မြို့ရိုးလည်းမရှိတော့ဘဲ ဘုန်းကြီး ကျောင်းဝိုင်း အထိမ်းအမှတ် ခြံစည်းရိုးသစ်ပင်ချုံနွယ်တို့ဖြင့်သာပြီးပါသည်။

ကျွန်းဦးတည့် သန်လျက်ခုံဆိုသည့်အတိုင်း ကျွန်းဦးရှိ အမြင့်အမြတ်ဆုံးနေရာ ဟူ၍လည်း မှတ်ယူစရာ ဖြစ် ပါသည်။

သဲခုံသောင်နုသည် ယခုမျက်မြင်အားဖြင့်တော့ ပဲခင်း ပြောင်းခင်းအဖြစ်နှင့်တွေ့နေရပါသည်။ ဒါ လည်း တစ်နည်းတော့ ကောင်းသည်လို့ ဆိုရမည်ပေါ့။


အလုပ်သမား တောင်သူလယ်သမားတို့၏ လုပ်အားကို တန်ဖိုးထားရမည့် အချိန်အခါ ဖြစ်သောကြောင့် အင်းဝမြို့၏

အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ ကျွန်းဦးတည့် သန်လျက်ခုံမှာ လယ်ယာကိုင်းကျွန်းသီးနှံများ ပေါက်ရောက်ရာ ဌာနကြီးတစ်ခုအဖြစ်

ပြောင်း လဲနေခြင်းသည်ပင် မင်္ဂလာတစ်ခုဟု ဆိုရတော့မည်သာတည်း။

လေသာ တံခါးပေါက်၀ ဖြစ်ဟန်ရှိသော နေရာဟောင်း၊ ကျောင်းခြံစည်းရိုး အပြင်ဘက်ရှိ ပဲခင်းကြီးထိပ်တွင် အလွန်ကြီးမားသော လက်ပံပင်ကြီး တစ်ပင်ကိုလည်း တွေ့ရပါသည်။

ယင်းလက်ပံပင် ကြီး၏ ပင်စည်းလုံးပတ်မှာ အတော်ပင် ကြီးမားတုတ်ခိုင်လှသည်။

အနည်းဆုံး ဤအပင်၏ သက်တမ်းမှာ နှစ် နှစ်ရာ လောက်တော့ရှိမည်ထင်၏။

ကျောင်းအစ်မ မိဖုရားကြီး ဒေါ်ဒေါ်နုကိုများ ဤအပင်ကြီး မီလိုက်လေမည်လား မပြောတတ်ပါ။

သို့မဟုတ် မိဖုရားကြီး အမိန့်နှင့်ပင် စိုက်ခဲ့သော လက်ပံပင်ကြီးပေလား။


အပွင့်ကလည်း ထူးခြားပါဘိသည်။ အဝါနု ရောင် အပွင့်များဖြစ်၏။ လက်ပံပွင့်အရောင်သည် အများအားဖြင့် နီနီရဲရဲဖြစ်၏။

ယခုတော့ လုံးလုံးမနီဘဲ၊ အဝါရောင် သက်သက်ပဲဖြစ်ပါသည်။ အရောင်ထူးခြားလို့များ မိဖုရားကြီးက မြင့်မြတ်တဲ့နေရာမှာ လာပြီး စိုက်ပျိုးစေသည်လားဟု စဉ်းစားချင်လာပါသည်။

သို့သော် အတူပါလာသော ဒေါ်မမကြီးကတော့ ကြွေကျ နေသော လက်ပံပွင့်ဝါဝါ အစိုအခြောက်တွေ တွေ့သမျှကို လိုက်ကောက်ပြီး

လျှော်ကြိုးနှင့် သီလျက်၊ အိမ် ရောက်လျှင် ပုန်းရည်ကြီးနှင့် ချဉ်ရည်ကျိုချက်ရမည်ဟု ဆိုနေပါသည်။

သြော် ကျွန်းဦးတည့် သန်လျက်ခုံ တည်းဟူသော အမြင့်မြတ်ဆုံးနေရာ အင်းဝမြို့ လေသာတံခါး အထွက်က ရတဲ့ လက်ပံပွင့်ချဉ်ရည်ဟာ အတော်ကို စားလို့များ ကောင်းနေမလား။

အုန်းပေါင်ခုံမှိုင်းကြီးတို့ ရှမ်းပြည်က ထွက်တဲ့ ပဲအုပ်ကို ငရုတ်စပ်စပ် ထောင်းကလေးနှင့် ရောလွေးလိုက်ရလျှင်

အင်မတန် တည့် သည့်ဟင်းစပ်တစ်ခွက်ပဲဟု ရှေးအညာ ဟင်းထမင်းများကို တွေးကြည့်လိုက်မိပါသေး၏။

အင်းဝပြည်ကြီး၏ နန်းဦးလေသာ တံခါးထိပ်ရှိ ကျွန်းဦးသန်လျက်ခုံဖြစ်သည့် သဲခုံသောင်နုပေါ်တွင် စိုက်ပျိုး ထားသော ပဲခင်း၊ ပြောင်းခင်း အတွင်းမှနေပြီး

ဧရာဝတီမြစ်ကြီးကို ရှုမျှော်လိုက်သောအခါ ဤမှာဘက် ဟု ဆိုအပ်သော ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်ရေချင်း နှီးနှောရောစပ်ရာ မြစ်ဝ၌ အလိုက်သင့်

တည်ရှိနေ သောသပြေတန်းခံတပ်ဟောင်းကြီးကို လည်းကောင်း၊ ရွှေကြက်ယက်ဘုရား၊ ရွှေကြက်ကျ ဘုရား နှစ်ဆူ တည်ရာ ကြက်ညီနောင် ကုန်းတော်ညို့ညို့ကိုလည်းကောင်း၊

အနောက်ဘက် မင်းဝံ တောင်တန်း စိမ်းလန်း လန်းကြီးပေါ်တွင် ဖြူဖြူဖွေးဖွေး ဗျိုင်းကလေးတွေ တစ်အုပ် တစ်သင်းလိုက် နားနေ ကြသလို ထိုထိုသော ထုံးဖြူဖြူဖွေးနေသော

စေတီအဆူဆူ၊ ဂူပုထိုး အမျိုးမျိုးများအား လှပ ကြည်နူး ဖွယ်ရာ တွေ့မြင်ဖူးမြော်နေရ ပါသည်။

ဧရာဝတီမြစ်နဒီကို နီနီရဲရဲနှင့် တစ်ဘက်နှင့်တစ်ဘက် အရောက်တံတားဖောက်ထားသော အင်းဝတံတား ကြီးကလည်း ခေတ်အမြင်နှင့် အင်မတန်မှ ပေါ်လွင်လျက် ရှိပါတော့သည်။

နဒီရေဖလာမှာ လှေနာဝါတွေ၊ သင်္ဘောတွေကလည်း ပေါလောပေါလောနှင့် မျောပြီး ခရီးကို စုန်ဆန် သွားလာနေကြပါသည်။

တစ်ခါတစ်ခါ လည်းအထက်အညာက ချလာသည့် စဉ့်အိုးဖောင်ကြီးများ၊

သစ်ဖောင် ဝါးဖောင်ကြီးများက တံတားနီနီအောက်တွင် တစ်ယောက်ဝင် တစ်ယောက်ထွက် အဆက်ပြတ်သည်ပင် မရှိပါလေ၊ သာယာ သော ရှုခင်းပါပေတကား။

တကယ်လို့များ ဤနေရာက အင်းဝမြို့ကြီး မပျက်မစီး၊ ဇနပုဒ်လည်း မဖြစ်ဘူးဆိုလျှင် ရွှေရောင် လျှမ်းလျှမ်း နှင့်

ဘုံနန်းပြာသာဒ် ကျောင်းကန်ဘုရားတွေနှင့် ဘယ်လောက် ကျက်သရေရှိလိုက်မလဲ။

ဒါကြောင့် လည်း မြဝတီမင်းကြီး ဦးစဟာ အင်းဝမြို့ဘွဲ့တွေ အများအပြား ရေးသားစပ်ဆိုတော်မူသွားပေ တာပဲ။

ဒီအထဲက နှစ်ပုဒ်၊ သုံးပုဒ် ထုတ်နုတ်ပြရမည်ဆိုလျှင် ၎င်းပတ်ပျိုးမျာ အင်းဝမြို့ရဲ့အင်္ဂါများပါ ထည့်သွင်းစပ်ဆိုထားပါတယ်။

အပြင်မြို့ရိုးဟာ ဖြောင့်ဖြောင့် အလုပ် ဘဲ တစ်မူဆန်းပြီး မြို့ရိုးရော ကျုံးပါ ခိုနန်းချိုး ထောင့်တွန့်တွေဖော်ပြီး တည်ခဲ့ခြင်း ကိုလည်းကောင်း၊


ပုံသဏ္ဍာန်အားဖြင့် ခြင်္သေံထိုင်နေဟန် မြင်နိုင်ခြင်း၊ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ပန်းလောင် စတဲ့ မြစ်များ၊ ချောင်း များ

လေးမျက်နှာရံဝန်းနေတဲ့အသွင် ရွှေဖလားကို ရေပေါ်တင်ထားသလို ရှိကြောင်း၊ အင်း ကိုးအင်း၊ ကန် ကိုးကန်ကို ဖို့တည်ထားကြောင်း၊

အောင်မြေသန်လျက်စွန်းပေါ်၌လည်း တည်ရှိကြောင်း များ ပါရှိပါသည်။

နောက်နှစ်ပုဒ်မှာလည်း မြဝတီမင်းကြီး၏ လက်ရာ ရတနာပူရ အင်းဝမြို့တော်ဘွဲ့များဖြစ်ပါသည်။

ကြုံတုန်း ထပ်မံ၍ ဖော်ပြရပါဦးမည်။မြဝတီမင်းကြီး ရေးသားသော ရတနာပူရ အင်းဝမြို့ဘွဲ့။

မင်းဝံတောင်ညွန့် မြတ်ရွှေဘုံ၊ မြရည်လှက်ကူး၊ ကျွန်းဦးတည့်သန်လျက်ခုံ၊ စမုံငယ်လေ ပန်းလောင်၊ သီတာ ငယ်ဝန်းမြောင်၊ နဖားတောင်၊ ပန်းလောင်ခွေ၍ ရစ်ပါလို့လေး၊

တောင်ခုနစ်ကယ်နှင့် မြစ်ခုနစ်သွယ်၊ မြင်းမိုရ် ထိပ်စွန်း၊ နတ်နန်းဝေယံနှယ်၊ သာကျယ်လေ၊ ပျော်ဖွယ်လေ ရှုမငြီး၊ ရွှေဘုန်းတော်ဝေဆာ၊

ပဒေသာလို ရာမက သိးပါလို့လေး၊ အံ့မပြီးနိုင်လို့၊ ပြည်ကြီးငယ်ဖွယ်၊ စုံစွာဖြိုးလှလေ၊ ရာမင်းနတ်ကယ်မို့၊ မြတ်ကျက်သရေ ဝေဝေတိုးရလေ

တစ်ခု ထူးခြားသည်မှာတော့ ဝန်ကြီးပဒေသရာဇာတို့၊ မြဝတီမင်းကြီးတို့ လက်ထက်ကထက် ယနေ့ ရှုခင်း တစ်ခုတိုးနေတာက အင်းဝတံတားကြီး ပါပဲ။

ဧရာဝတီမြစ်ကို တစ်ဘက်နှင့် တစ်ဘက် ဖြတ်ကူးပေးထား၍ မီးရထား၊ မော်တော်ကားနှင့် ခြေလျင် လူသားများပါ သွားလာကူးသန်းနေကြတဲ့ အဲဒီ အင်းဝတံတားကြီးဟာ လည်း စာဖွဲ့လောက်တဲ့ တံတားကြီးပေပေါ့။

မြဝတီမင်းကြီးတို့ လက်ထက်ကသာ အင်းဝတံတားကြီးရှိခဲ့မယ်ဆိုရင် အင်းဝမြို့ဘွဲ့ချင်းထဲမှာ ပါရမှာပင် တည်း။

သို့ပင်တည်း အင်းဝတံတားကြီး မပေါ်လာမီ နှစ်ပေါင်းများစွာက လူအများ သီဆိုလေ့ရှိတဲ့ သီချင်းတပေါင် တစ်ခုဟာ ရှိနေပါသေး၏။

ထို တပေါင်သီချင်းကား ရွှေကြက်ယက် မိကျောင်းပေါ်၊ မရာကျော် ကိုက်တဲ့မိကျောင်းလို့ ဆိုကြပါ သည်။

၎င်းသီချင်းသည် စာရေးသူ ၄၊ ၅ နှစ်သမီးလောက်ကပင် လူကြီးများ သီဆိုကြသည်ကို ကြားနေခဲ့ရပါ သည်။

ယခု စာရေးသူ၏ အသက်ပင် (၇၀)ပတ်ဝန်းကျင်တွင် ရှိနေပါပြီ။ စာရေးသူ မမွေးမီ ဘယ် ရာစုနှစ်ဆီ ကပေါ်နေသောသီချင်းဟုမည်သူ ခန့်မှန်းနိုင်ပါမည်နည်း။

၎င်းသီချင်းမှာ အင်းဝတံတားကြီး တည်ဆောက်သောအချိန်တွင်ပို၍ ခေတ်စားပြီး ဆန်းသစ် လာပြန်သည်ကို တွေ့ရပါသည်။

၁၉၃၅-၃၆ ခုနှစ်လောက်တွင် အင်းဝတံတား တည်ဆောက်ပြီးခဲ့သည်ထင်၏။

အလွန်ရှင်းလင်းနေသော ဧရာဝတီမြစ်ကြီး အလယ်တွင် နီနီရဲရဲ တံတားကြီးက ဖြတ်ကူးထားသဖြင့် ကြည့်ရသည်မှာ သတ္တဝါကြီးတစ် ကောင်မြစ်ကို ကန့်လန့်ဖြတ် ပေါ်နေသလိုလို ထင်ရပါသည်။

တံတားတစ်ဘက်မှာ စစ်ကိုင်းဘက်တွင်ရှိ၍ တစ်ဘက်သော တံတားထိပ်မှာ ရွှေကြက်ယက်ဘုရားနှင့် သပြေတန်းခံတပ်၏ အလယ်ကြား တွင် တည်ရှိပါ သည်။

ဤတွင် ရွှေကြက်ယက် မိကျောင်းပေါ်သော သီချင်းနှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။

ဧရာဝတီမြစ်နံဘေး ရွှေကြက်ယက်ကမ်းစမှ စစ်ကိုင်းဘက်သို့ ကန့်လန့်ဖြတ်ကူးထားသော အင်းဝတံတား နီနီရဲရဲကြီးမှာ ရုတ်တ ရက် ဧရာဝတီမြစ်ထဲမှာ မိကျောင်းကြီး ကန့်လန့်ပေါ်နေသယောင် ဖြစ်နေပါသည်။

ဤမျှမက သီချင်း၏ နောက်တစ်ပိုဒ်ဖြစ်သော (မရာကျော်ကိုက်တဲ့မိကျောင်း)မှာလည်း တစ်နည်းအားဖြင့် ဆက်နွယ်နေပြန်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အင်္ဂလန်နိုင်ငံကို အုပ်စိုးသူသည် ဝိတိုရိယ ဘုရင်မကြီးဖြစ်ပါသည်။

၎င်းဘုရင်မ လက်ထက်မှာပဲ မြန်မာပြည်အောက်ပိုင်း ရေး-မြိတ်-ထားဝယ်ထိ သိမ်းယူခြင်း၊ ဒုတိယရန်ကုန်မှ ပြည်-သရက်အထိ အလယ်ပိုင်းကို သိမ်းယူခြင်း၊

တတိယ အထက်မြန်မာပြည် မန္တလေး အထိ အလုံးစုံ သိမ်း ယူလိုက်ခြင်းဖြစ်၍ မြန်မာတစ်ပြည်လုံး စုံးစုံးမြှုပ် သူ့ကျွန်ဖြစ်ခဲ့ရသည်မှာ အနှစ်တစ်ရာ လောက်ရှိခဲ့ပြီ။

သို့ကြောင့် ဝိတိုရိယဘုရင်မကို မရာကျော်လို့ ဆိုလိုရင်းရှိခဲ့သည်။

၁၉၂၀ ခုနှစ် သပိတ်ကြီးမှအစ ဂျီစီဘီအေ၊ မန္တလေး ကွန်ဖရင့်ကြီး အပြီးအထိ မြန်မာတို့ နိုင်ငံရေး မျိုးချစ်စိတ်ဓာတ်များ နှိုးဆွတက်ကြွချိန် ၁၉၃၅ ခုနှစ်လောက်အတွင်းကိုယ်ပိုင်အုပ် ချုပ်ရေး မရမနေ တောင်းဆိုလာခဲ့၏။

ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ် ချုပ်မှုရရှိရန် ကြိုးစားပြီး ဝံသာနုတရားတွေ လှိုင်လှိုင်ကြီး ဟောနေချိန်ဖြစ်သည်။ ထောင်ကျခံ တိုက်ပွဲဝင်ကြ သည်။

ထိုအချိန်နှင့် ကိုက်၍ အင်းဝတံတားကြီး ပေါ်လာသောအခါ မရာကျော်ကိုက်တဲ့ မိကျောင်း (သို့မဟုတ်) (ကိုက်မယ့်မိကျောင်း)ဟု တပ်အပ်စွဲကြတော့သည်။

နှစ်တစ်ရာကျော်ဝိတိုရိယဘုရင်မ၏ လက်အောက်ခံ ကျွန် ဘဝမှ ရုန်းကန်ထကြတော့မည် အတိတ်နိမိတ်ဆိုပြီး အတော်စိတ်ဝင်စားခဲ့ကြသည်ကို တွေ့မြင်ကြား သိခဲ့ ရပါသည်။

ဟုတ်တော့လည်း အဟုတ်သားပါပဲ။ အဲဒီ တပေါင်းသီချင်းအတိုင်း မြန်မာပြည်ကြီး လွတ်လပ်၍ ပြည်ထောင်စု မြန်မာနိုင်ငံကြီး ဖြစ်လာတဲ့ ယနေ့အထိဆိုလျှင် ၂၅ နှစ်ပင် ရှိခဲ့ပါပြီကော။

ဒီသီချင်း ကို ဟိုအချိန်တုန်းက မည်သူ ရေးစပ်ခဲ့လေသနည်း။ အလိုလိုပေါ်ရင် တပေါင်လို့ခေါ်သည်။

လွန်ခဲ့ တဲ့ နှစ်တစ်ရာ လောက်ကဆိုရင် စစ်ကိုင်းနဲ့ ရွှေကြက်ယက် တစ်ဘက်ကမ်းနှင့် တစ်ဘက်ကမ်းကို မည်သူ ကကော တံတားကြီးဆောက်ဖို့ စိတ်ကူးပေါက်ပါဦးမည်နည်း။


ရွှေကြက်ယက်မှာ မိကျောင်းပေါ်ပြီးသည့်နောက် မရာကျော်၏ အင်ပါယာကြီး ပျက်စီးလိမ့်မည်လို့ကော ဘယ်ဗေဒင်ကမှ အဟောမထွက်ခဲ့ဖူးပါတကားလို့ စဉ်းစားစရာပင် ဖြစ်ပါသည်။

သို့ကြောင့်လည်း အင်းဝတံတားကြီးကို ကြည့်ရင်း နောက်ကြောင်းပြန် စဉ်းစားလို့ အတော်ကောင်းနေပါ သည်။

အတိတ်ဖြစ်စဉ်များဟာလည်း တကယ် မှတ်မှတ်ထင်ထင်ထားပြီး စဉ်းစားလျှင် ကောင်းသော အတွေ့ အကြုံကိုဖြစ်စေ၊

မကောင်းသော အတွေ့အကြုံကို ဖြစ်စေ၊ ရာဇဝင်အခြေခံ၊ သမိုင်း အခြေခံ ကလေး တွေ ဖြစ်နေတတ်ပြန်ပါသည်။

အင်းဝတံတားကြီး ဖွင့်ပွဲလုပ်စဉ်အခါက စာရေးသူ မန္တလေးမှာ ရှိနေခိုက်နှင့် ကြုံသောကြောင့် သွားခဲ့ရပါ သေး၏။

ထိုစဉ်က ရွှေကြက်ယက် မိကျောင်းပေါ်သောကိန်းနှင့် အင်းဝတံတားကြီး ဖွင့်ပွဲမှာ အထက်မြန်မာ

နိုင်ငံ၏ အုတ်အော်သောင်းတင်း ပွဲကြီးပွဲကောင်း တစ်ခုလည်း ဖြစ်ခဲ့ပါသည်။ အောက်ရပ်ကလူတွေလည်း လာကြသည်။

အညာပိုင်းကလည်း လာကြသည်။ ရှမ်းပြည်တောင်ပိုင်း၊ မြောက် ပိုင်းစသော တောင်ပေါ်ပိုင်းကလည်း လာကြပါသည်။

မန္တလေးတစ်မြို့လုံးလည်း ဤပွဲအတွက် လှုပ်လှုပ်ရွရွ ဖြစ်နေကြပါသည်။

အင်းဝဘက်နှင့် စစ်ကိုင်းဘက်၏ မြစ်ကမ်းနားတစ်လျှောက်မှာလည်း မဏ္ဍပ်ကနားကြီးတွေ ထိုးလို့၊ အစိုးရပိုင်ဆိုင်ရာ ဧရာမ ပါဝါ တန်ခိုးရှင်ကြီးများ ရှိုးအပြည့်နှင့် ရှိကြပါသည်။


စာရေးသူတို့ မန္တလေးမှ မနက်အစောကြီး နွားလှည်းနှင့်တပျော်တပါး လာခဲ့ကြပါသည်။

လှည်းခကလည်း ပေါလိုက်သည့်ဖြစ်ချင်း၊ မနက် ၅ နာရီက ညနေ ၆ နာရီအထိ တစ်ကျပ်သာ ပေးရပါသည်။ နွားကလေး တွေကလည်း ကြော့ကြော့မော့မော့၊ လှည်းဆရာကြီးကလည်း အမောင်းတော်လှသည်။

လှည်းပေါင်းမိုး ပေါ် မှာ နေပူသက်သာအောင် ကန့်လန့်ကာအနီကြီး အုပ်ပေးထားသေး၏။

အောက်မှ နွားစာ ကောက်ရိုး ခြောက် မြက်ခြောက်တွေ ထု တစ်ပေလောက် ခံထားပြီးမှ အပေါ်က သင်ဖြူးချောချော

ခင်းပေးထားသော ကြောင့် လှည်းပေါ် ထိုင်လိုက်ရသည်မှာ ဆိုဖာပေါ် ထိုင်လိုက်ရသလို ငြိမ့်ညောင်းလှပါ၏။


ဧရာဝတီမြစ်ရေတိုးသော အချိန်ဆိုလျှင် စာရေးသူတို့ စတည်းချခဲ့သော တတိယ တံတားအုတ်တိုင်ကြီးမှာ မြစ်လယ်လောက်တွင် ရောက်နေပါသည်။

အနှစ် ၃၀ ကျော် ၃၅ နှစ်အတွင်း အထက်ပိုင်း ရောက် တိုင်း မန္တလေးမှနေပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို စသည်တို့ကို အလည်အပတ် ရောက်မြဲ။

ရောက်တိုင်း သည်တံတားကြီး ကိုကူးရမြဲဖြစ်ပါသည်။ တံတားကြီးပေါ် ရောက်တိုင်းလည်း ဖွင့်ပွဲတုန်းက စတည်း ချခဲ့သော တတိယအုတ်တိုင်ကြီးကို အမြဲငုံ့ကြည့်မိ သတိရမိခဲ့မြဲပင်ဖြစ်ပါသည်။

အဲ သည် တံတားကြီးအောက်၌ လာရောက် စားသောက်ခဲ့ကြသူများအနက်မှာ ဤစာရေးသူ တစ်ယောက်တည်းသာ ကျန်ပါတော့လား။

လှည်းမောင်းပို့ခဲ့သော လှည်းဆရာကြီးလည်း ကွယ်လွန်ရှာပြီ။ မောင်ငယ်နှင့် ယောက်မငယ်တို့လည်း ကွယ်လွန်ကုန်ကြပြီ။

တပည့် လူငယ်ကလေးနှစ်ယောက်တို့ပင် ဒုတိယ ကမ္ဘာစစ်၏ စစ်ဦးဘီလူးကြောင့် ကွယ်လွန်ကုန်ကြသည်။

ယုတ်စွအဆုံး ဟောဒီ အင်းဝတံတားကြီး တောင်မှ အင်္ဂလိပ်တို့ဆုတ်ခွာအပြေးမှာ ဖျက်ဆီးချိုးဖဲ့ပစ်ခဲ့လို့ ပျက်စီးကျိုးပဲ့ ကျန်ရစ်ခဲ့ရသည်။

မြန်မာပြည် လွတ်လပ်ရေးရခါစကမှ ပြန်ပြီး ပြင်ဆင် အသုံးပြုရခြင်းဖြစ်ပါသည်။

တံတားကြီးလည်း အနိစ္စ၊ နယ်ချဲ့အစိုး ရလည်း အနိစ္စ၊ တံတားဖွင့်ပွဲတုန်းကပွဲတုန်းက ရောက်ခဲ့ကြရတဲ့ လူတွေလည်း လား။crd,ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သန်လျက်ခုံ