ဟေ့ကောင်တွေ… ရွာလယ်တိုက်ပျက်ကြီး ထဲမှာနေတဲ့စစ်သားတွေ…ငိုနေကြတယ်ကွ

ဖတ်လို့ပြီးသွားမှာ နှမြောရလောက်အောင်ကောင်းတဲ့ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ပိုစ့်စာမူဖြစ်ပါတယ်။ ဖတ်စေချင်လို့ကော်ပီယူလာတာ

စစ်သားတွေ ငိုသတဲ့

လယ်တွင်းသား စောချစ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင် ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ ညောင်ပင်ကြီးအောက်ရောက်လာသည်။

” ဟေ့ကောင်တွေ… ရွာလယ်တိုက်ပျက်ကြီး ထဲမှာနေတဲ့စစ်သားတွေ…ငိုနေကြတယ်ကွ…”

သတင်းထူး၊ သတင်းဦးကို အမောတကော ပြေးလာပြောခြင်း ဖြစ’ဘာဖြစ်လို့ငိုတာလဲကွ…”တအံံ့တသြ မေးမိကြသောစကား။


” မသိဘူးကွ…၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ…။ တချို့ကတော့ တိုက်နံရံ ကို လက်သီးနဲ့ထိုးပြီး ငိုတာကွ…””လာကွာ… သွားကြည့်ရအောင်…”

လှရွှေပြောသည်မှာ စိတ်ဝင်စားစရာမို့ကျွန်တော်တို့သွားကြည့်ကြသည်။ ဟုတ်ပါ သည်။ တိုက်ပျက်ကြီးထဲမှာ စခန်းချနေကြသော စစ်သားတိုင်း ငိုနေကြသည်။ မငိုသူတစ်ယောက် မျှမရှိ။ ဘာကြောင့်ငိုသည်ကို ဘယ်သူမျှမသိ။ ဘယ်သူ့မှလည်းမေး၍မရ ကျွန်တော်အိမ်ပြန် လာသည်။ အမေ့ကို မေးမည်။

” အမေ…အမေ…”

အိမ်ထဲဝင်သွားတော့ အမေဝမ်းပန်းတနည်း ငိုနေသည်။ ဆွေထဲ၊ မျိုးထဲမှ ချစ်ခင်သူ တစ်ယောက်သေဆုံး၍ ဝမ်းပန်းတနည်း ငိုကြွေး နေသောပုံ။” အမေ…ဘာဖြစ်လို့ငိုတာလဲ…ဘယ်သူသေ လို့ငိုတာလဲ…”


”ဗိုလ်ချုပ်အောင်ဆန်းသေပြီ ငါ့သားရဲ့ ” ” ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ အမေ…”ထိုနေ့ညမှစပြီး အမေက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပုံပြင်သဖွယ် ပြောပြသည်။

အမေက မြင်းခြံမြို့ နော်မန်ကျောင်းမှာ ၉ တန်းအထိ နေဖူးသည်။ ဗိုလ်ချုပ်ကို ချစ်ခင် လေးစား၍ ဗိုလ်ချုပ်အကြောင်း ကောင်းစွာ ပြောနိုင်ပါသည်။

နောင်ကြီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များမှာ ဖတ်၍ ပိုသိရသည်။


ဗိုလ်ချုပ်ကွယ်လွန်သောအခါ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဝမ်းနည်းပူဆွေး ငိုကြွေးကြသည်ဟု ဖတ်ရသော အခါ…” ဟုတ်တယ်ဗျ… အညာကျေးက ကျွန်တော် တို့ရွာကလေးမှာလည်း ငိုကြတယ်ဗျ…”ဟု ထောက်ခံမိပါသည်။


ဗိုလ်ချုပ်ကို တစ်နိုင်ငံလုံး ချစ်ကြသည်။ လေးစားကြသည်။ အမြတ်တနိုးတန်ဖိုးထား ကြည်ညိုကြသည်။ဘာကြောင့်ပါနည်း။

ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ် နိုးသည်။ သူ့ကိုယ်ကျိုးထက် တိုင်းပြည်နှင့် လူမျိုး အကျိုးကို ပိုပြီးအလေးအမြတ်ထားသည်။ ဂျပန် ခေတ် ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားစဉ် ဂျပန်များက နေ့စဉ်ပါးကိုရိုက်လွန်း၍ တစ်ယောက် က မခံနိုင်တော့ကြောင်း ပြောသည်။

ဗိုလ်ချုပ် က သူတို့ကို ပြန်တော်လှန်မည်ဆိုလျှင် သူတို့ထံမှ စစ်ပညာကို တတ်မြောက်ရန်လိုကြောင်း ပါး တစ်ချက်အရိုက်ခံရတိုင်း လွတ်လပ်ရေးရဖို့ တစ်ရက်ပိုနီးသွားပြီဟု မှတ်ယူရန်ပြောဆို သည်။

ထိုအချိန်က ဗိုလ်ချုပ်သည် အသက်ငယ် သေးသော်လည်း စိတ်ထားကြီးပေစွ။ တိုင်းပြည် လွတ်လပ်ရေးအပေါ်ထားသော စိတ်ဓာတ် ကြီးမြတ်ပေစွ။

ဗိုလ်ချုပ်သည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သော်လည်း ဗိုလ်ချုပ်မှာ ဘာမျှမရှိ။ တစ်ညနေမှာ အစည်း အဝေးမရှိ။ ချိန်းဆိုထားတာမရှိ၍ ပလေဒီယံ ရုပ်ရှင်ရုံမှာပြနေသော အင်္ဂလိပ်ဟာသကားကို ကြည့်ချင်သည်။

သူ၏ကိုယ်ရံတော်အပါးတော်မြဲ ဗိုလ်ထွန်းလှ ကို ပိုက်ဆံမည်မျှရှိသနည်းမေးသည်။ ဗိုလ်ထွန်း လှက နှစ်ကျပ်ရှိကြောင်း ပြောသည်။ ဗိုလ်ချုပ် က နှစ်ကျပ်ရှိလျှင် တစ်ကျပ်ကို ငါးမူးတန်းမှ နှစ်ယောက်ကြည့်၍ရကြောင်းပြောပြီး ဆရာ တပည့်ရုပ်ရှင်သွားကြည့်ကြသည်။ ဆင်းရဲသား များ ကြည့်သောအတန်းဖြစ်သည်။ သူတို့ရှေ့မှာ တစ်မတ်တန်းသာရှိသည်။ သူတို့နောက်မှာ တစ်ကျပ်တန်း၊ နှစ်ကျပ်တန်း၊ အထူးတန်းများ ရှိသည်။

ငါးမူးတန်းရှေ့ဆုံးအတန်းမှာ ရုပ်ရှင်ထိုင် ကြည့်နေသော ဗိုလ်ချုပ်ကို တစ်မတ်တန်းမှ လူ များတွေ့သွားကြသည်။ ဗိုလ်ချုပ်ရှိရာ နောက်သို့ လည်ပြန်လှည့်ကြည့်ရင်း စိတ်မကောင်းဖြစ်ကြ သည်။ ရုပ်ရှင်မကြည့်နိုင်။ နောက်တန်းများမှ လူများမှာလည်း တစ်မတ်တန်းက လူများ၏ ထူးခြားမှုကြောင့် ဗိုလ်ချုပ်ကိုတွေ့သွားကြသည်။ စိတ်မကောင်းဖြစ်ကြသည်။


”သြော်…ဗိုလ်ချုပ်ရယ်…”

ခံစားကြရသောစိတ်ကြောင့် ဟာသကားမှာ လည်း မရယ်ရတော့ကြောင်း ဗိုလ်ထွန်းလှက ပြောပြသည်။

”ကြီးကျယ်ခမ်းနားလိုက်တာ ဗိုလ်ချုပ်ရယ်… လွမ်းစရာကောင်းလိုက်တာ” ဟု ခံစားမိရပါ၏။

လွတ်လပ်ရေးအတွက် ဘိလပ်ကို ဗိုလ်ချုပ် သွားသောအခါ ဝတ်စရာ အနွေးထည်မပါ။ လွတ်လပ်ရေးအတွက် ပြည့်စုံစွာ ပြောဆိုရန် ပြင်ဆင်သွားသော်လည်း ကိုယ့်အတွက်ဘာမျှ ပြင်ဆင်ခြင်းမရှိ။

အိန္ဒိယနိုင်ငံတွင် ခရီးတစ်ထောက်နားမှ မိတ်ဆွေကောင်း မစ္စတာနေရူးက ဘိလပ်မှာ အလွန်အေးနေကြောင်း သတိပေးပြောဆိုပြီး အနွေးထည်ချုပ်ပေးလိုက်ရသည်။

ထိုလောင်းကုတ်အင်္ကျီကြီးမှာ ဗိုလ်ချုပ်နှင့် ခန့်ညားစွာ လိုက်ဖက်လှပါ၏။ လောင်းကုတ် အင်္ကျီအိတ်ထောင်များတွင် လက်နှစ်ဖက် နှိုက်၍ ရိုက်ထားသောဓာတ်ပုံမှာ ကြည့်၍ကောင်းလေစွ။

”ဘိလပ်ကိုသွားတာ ဘာပါလဲမေးကြတယ်၊ လောင်းကုတ်အင်္ကျီတစ်ထည်ပါတယ်” ဗိုလ်ချုပ် က ဟာသစကားကြွားကြွားဝါဝါ ပြောခြင်းဖြစ်၏။

နွေရာသီအစည်းအဝေးတစ်ခုမှာ ဗိုလ်ချုပ်က လောင်းကုတ်အင်္ကျီကြီးဝတ်ထားသည်။ လူများ က ပြုံးစိစိ။

နွေရာသီမှာပူ၍ လောင်းကုတ်အင်္ကျီကြီး ချွတ်ထားရန် အစည်းအဝေးမှ မိတ်ဆွေများက ပြောကြသည်။

”ကျုပ်နေမကောင်းလို့ဗျ…”


ရင်းနှီးသူတစ်ယောက်က ဗိုလ်ချုပ်နောက် ဘက်သို့သွားပြီး … ”ဗိုလ်ချုပ်က နေမကောင်းဘူးသာဆိုတာ ချွေးတွေကလည်းရွှဲလို့… ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေပါဦးမယ်…”

ပြောပြောဆိုဆိုအင်္ကျီကို နောက်မှဆွဲချွတ် လိုက်သည်။ အင်္ကျီလက်ထဲပါလာသည်။ သို့သော် ချွတ်သူက ဆက်မချွတ်နိုင်။ဗိုလ်ချုပ်ကျောမှာ အင်္ကျီကပြဲနေသည်။ ကျန်လူများလည်းလှမ်းမြင်၍ စိတ်မကောင်း ဖြစ်ကြသည်။


”ကဲဗျာ…ခုမှတော့ စိတ်မကောင်းဖြစ်မနေ ကြပါနဲ့ ဆက်ပြီးသာချွတ်လိုက်ပါ…”ဗိုလ်ချုပ်က ဘာမျှမဖြစ်။ အစည်းအဝေး ဆက်ပြီး ဆွေးနွေးသည်။

”သြော် ဂုဏ်တင့်လိုက်တာ ဗိုလ်ချုပ်ရယ်…ကြည်ညိုစရာလေးစားစရာကောင်းလိုက်တာ…” မရှိ၍ ရှိခြင်းဖြစ်ပါ၏။ ၁၉၆၅ ခုနှစ်တွင် ကျွန်တော် တို့တက္ကသိုလ် လူရည်ချွန်ကျောင်းသားဘဝက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွားလေ့လာရ သည်။ လူမှု အသုံးအဆောင်ပစ္စည်းဆို၍ ခမ်းခမ်း နားနား ဘာမျှ မရှိပါ။ ဗိုလ်ချုပ်၏ အဝတ်ဗီရိုထဲမှာ ဝတ်စုံလေး သုံး၊ လေးစုံသာရှိပါသည်။

ပြတိုက်မှ ရှင်းပြသူက-

”ဒီရွှေတောင်ပိုးလုံချည်လေးက ဗိုလ်ချုပ် အလွန်ကြိုက်ပါတယ်။ အခမ်းအနားသွားစရာ ရှိရင်… ဒီရွှေတောင်ပိုးလုံချည်လေးကိုပဲ ဝတ် လေ့ရှိပါတယ်…” ဟုပြောပြသည်။


‘ဒီပိုးလုံချည် မဝတ်ရင်ရော… တခြားဝတ် စရာ လုံချည်ကောင်းကောင်းရှိသေးလို့လား…” လူရည်ချွန် ကျောင်းသားတစ်ယောက်၏ မေးခွန်းဖြစ်သည်။ ”မရှိပါဘူး…”ရှင်းပြသူက ဖြေသည်။

မရှိသော ဗိုလ်ချုပ်ကို ချစ်ခင်လေးစားစွာ ဂုဏ်ယူကြရသည်။

လွန်ခဲ့သည့် ခြောက်နှစ်က ဗီယက်နမ်စာပေ အသင်းဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံသို့ ရောက်သည်။ နှစ်နိုင်ငံ စာရေးဆရာ အသင်းများချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုး ကြသည်။

ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းအကြောင်း စာအုပ်များစွာ ဖတ်ထား၍ သမ္မတကြီးဟိုချီမင်း ကို လေးစားသည်။ သမ္မတအိမ်ကို လိုက်ပြပါရန် ကျွန်တော်က တောင်းဆိုသည်။ ဗီယက်နမ် စာရေးဆရာများ လိုက်ပို့ကြပါသည်။ သမ္မတအိမ် ကို လူအများထူးခြားစွာ စိတ်ဝင်စားကြသည်။ နိုင်ငံခြားသားများစွာ လာချင်ကြသည်။

မိုးနှင်းများ တဖွဲဖွဲရွာနေစဉ်မှာ ထီးဆောင်း ထားသော လူတန်းကြီး တန်းစီနေကြသည်။

သစ်သားနှစ်ထပ်အိမ် မကြီးမသေးဖြစ်သည်။ လူတစ်ယောက် သင့်လျော်စွာ နေထိုင်နိုင်သော အိမ်ဖြစ်ပါသည်။ သမ္မတကြီး ဟိုချီမင်းမှာ လူပျို ကြီးဖြစ်သည်။

ခမ်းနားကြီးကျယ်သော လူ့အသုံးအဆောင် ပစ္စည်းဟူ၍ ဘာမျှမရှိပါ။

လူအများစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ နေကြသည်မှာ သမ္မတကြီး ဟိုချီမင်း၏ ဘာမျှမရှိ ခြင်းဖြစ်သည်။

ဗီယက်နမ်စာပေအသင်း ဥက္ကဋ္ဌက ကျွန်တော့်ကို ကြွားဝါပြောဆိုနေသည်မှာလည်း သမ္မတကြီးမှာဘာမျှမရှိခြင်းအကြောင်းဖြစ်သည်။

ကျွန်တော်က ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌကို မြန်မာနိုင်ငံသို့ ပြန်လည်ဖိတ်ကြားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရောက်လျှင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကိုပြန်လည်ပြသမည်ဖြစ် ကြောင်း ပြောပါသည်။

ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌက ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို သိပါကြောင်း၊ လေးစားပါကြောင်း ပြန်ပြောသည်။

ကျွန်တော့်စိတ်ထဲမှာ ဝမ်းသာအားတက်နေ သည်။ ဗီယက်နမ်စာပေဥက္ကဋ္ဌနှင့်အဖွဲ့လာလျှင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်ပြပြီး ပြန်ကြွားလိုက်ချင်သည်။

ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မရှိ၍ ရှိသူဖြစ်၏။

ထိုသို့မရှိ၍ ရှိသောကြောင့်ပင် ကျွန်တော်တို့ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ဗိုလ်ချုပ်ကို ချစ်ကြ၊ ကြည်ညိုကြ၊ မြတ်နိုး လေးစားဂုဏ်ယူနေကြရခြင်းဖြစ်ပါ၏။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners