
ကြောက်စရာကောင်းလောက်အောင် ကူးစက်မှုမြန်ဆန်တဲ့ ရောဂါကြောင့် ဆိုင်အများပိတ်ထားရချိန်မှာ ရိက္ခာအများအပြားဝယ်စုထားဖို့ ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေမှာ ဒုက္ခရောက်ကြရစမြဲပါ။
ဗီယက်နမ်နိုင်ငံက အဖိုးနဲ့အဖွားတို့ဇနီးမောင်နှံဟာလည်း ဒီလိုဒုက္ခကိုကြုံတွေ့ခဲ့ရပါတယ်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က ရပ်ကွက်တစ်ခုမှာနေထိုင်ကြတဲ့ သူတို့လင်မယားဟာ အဖွားဖြစ်သူနေမကောင်းဖြစ်စဉ်မှာ ဆန်ပြုတ်ပြုတ်တိုက်ဖို့ ဆန်မရှိတော့တာကြောင့် အဖိုးမှာ ဆန်ပြေးဝယ်ရရှာပါတယ်။
ဒါပေမဲ့လည်း ဆိုင်တွေက ပိတ်ထားတဲ့အတွက် အဖိုးမှာ ဆန်ဝယ်လို့မရတာကြောင့် စိတ်မကောင်းဖြစ်ကာ ငိုနေခဲ့ပါတယ်။
ငိုနေတဲ့အဖိုးကို မကြည့်ရက်တဲ့ Hai An လို့အမည်ရတဲ့ အမျိုးသားတစ်ဦးကတော့ အဖိုးရဲ့အဖြစ်ကိုသိရတဲ့အခါ သူ့အိမ်ကနေ ဆန်ဆီအနည်းငယ်ယူပြီး အဖိုးကို ဒါနပြုခဲ့ပါတယ်။
အခုလိုကာလဆိုးကြီးမှာ လူသားတိုင်းဟာ လိုအပ်မှုကိုယ်စီနဲ့ အနည်းနဲ့အများတော့ ဒုက္ခရောက်နေကြရတာပါ။
ဒါပေမဲ့ ကိုယ့်ရှိတဲ့အထဲကနေ ခွဲဝေပေးခဲ့တဲ့ ဒီအမျိုးသားရဲ့ ကူညီမှုလေးကြောင့်အဖိုးမှာ ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။
ဇနီးသည်အတွက် ဆန်ရသွားလို့ပျော်သွားတဲ့အဖိုးကိုကြည့်ပြီး ပရိသတ်ကြီးလည်း ထိုအမျိုးသားနဲ့ထပ်တူ ကြည်နူးမိလိမ့်မယ်လို့ ယူဆပါတယ်။
အားလုံးလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခရောက်ပြီး လိုအပ်နေတဲ့သူတွေကို တွေ့ကြုံလာခဲ့ရင် မျက်နှာမလွှဲဘဲ လိုအပ်သလောက် ကူညီပေးလိုက်ရအောင်နော်။
Shwe Yaung Myanmar ( Writer – Lwinlwin Aung)