အကြွေး နှစ်ထောင် မဆပ်မိလို့ နွားဘဝနဲ့ ပေးဆပ်ရတဲ့ ကိုသာမောင်

ငွေနှစ်ထောင် အကြွေးကြောင့် နွားဘဝနဲ့ ပြန်ဆပ်ခဲ့ရတဲ့ ကိုသာမောင် (ဖြစ်ရပ်မှန်)

လွန်ခဲ့သော နှစ်ပေါင်း( ၃၀ )ခန့်က ဖြစ်ရပ်မှန်ပါ။

လူတို့သည် သံသရာကြွေးကို ပေါ့ပေါ့လေးထားပြီး မကြောက်တတ်ကြ မိမိတို့ယူထားသော အကြွေးမှန်သမျှ ကျင်လည်ရသည့် ဘဝအဆက်ဆက် ၌နွားခြေရာနောက်ကို လှည်းဘီးပါသလို တကောက်ကောက် လိုက်ပါသွားသည်ကို မေ့လျော့နေကြ၏။

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်က ကိုသာမောင်သည် သူငယ်ချင်းတစ်ယောက်နှင့် အင်းတစ်ခုကို လေလံဆွဲရန် အတွက် ဘကြီးဘိုးထွန်းထံမှ ငွေနှစ်ထောင်ချေးငှားခဲ့ပါတယ်။

ဘကြီးက အတိုးပင်မယူပဲ ချေးပေးခဲ့ရာ အင်းပေါ်ခါနီး ဗွေဖောက်ပြီး လောင်းကစား ဖက်လာရာက မရှုံးသင့်ပဲ ရှုံးခဲ့တဲ့အတွက် အကြွေးကိစ္စကို စိတ်ပူပြီး သာမောင်တစ်ယောက် အိပ်ယာထဲ ဘုံးဘုံးလဲပါတော့တယ် ။

ဘကြီးဘိုးထွန်းက အကြွေးကို ဖြေးဖြေးခြင်းဆပ်ဖို့နဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်ရန်ပြောပီး ဆေးဖိုးကိုပင် ထုတ်ပေးခဲ့ပါသေးတယ်။

ကိုသာမောင့်စိတ်ထဲမှာ ဒီအကြွေးကို သူဘယ်လိုမှ မဆပ်နိုင်တော့ဟု ယူဆပြီး စိတ်လျော့လိုက်တဲ့နောက်မှာ ဘဝတစ်ပါး ကူးပြောင်းသွားပါတယ် ။

( ထိုခေတ်က ငွေနှစ်ထောင်သည် အလွန်တန်ဖိုးရှိပါသည် ) ကိုသာမောင်မှာ သားသမီးလေးဦးကျန်ခဲ့ပြီး ဇနီးဖြစ်သူမှာလည်း စိတ်ထောင်း ကိုယ်ကြေဖြစ်ကာသေဆုံးသွားခဲ့ပြန်ပါတယ်။

သားအကြီးဆုံးကိုစိုးနှင့် ညီဖြစ်သူတို့ဟာ ညီ မလေးနှစ်ယောက်ကို ဆက်လက် စောင့်ရှောက်ခဲ့ရာက မောင်နှမများ အသီးသီးအိမ်ထောင်ကျပြီးစီးပွါးရေး တိုးတက်ကောင်းမွန် လာခဲ့ပါတယ် ။

တစ်နေ့မှာတော့ ကိုစိုးနှင့်မောင်နှမများဟာ ဘကြီးဘိုးထွန်းကို အလွန်ဒေါသဖြစ်စရာ ပေါ်ပေါက်ခဲ့ပါတယ် ။

ဘကြီးဘိုးထွန်းဟာ သူ့အိမ်ကနွားလေးကို သာမောင်လို့ ခေါ်ဆိုတာကြောင့် ဖြစ်ပါတယ် ။

မောင်နှမတွေမကျေနပ်တာနဲ့ ဘကြီးဘိုးထွန်းအိမ် သွားပြီး မေးမြန်းကြတဲ့ခါ …

အေးကွာ… ငါလည်း စိတ်မကောင်းတာ အမှန်ပဲ ဒီနွားပေါက်လေးကို ပန်းဘဲစုမှာ ကြွေးသွားတောင်းရင်း ကြိုက်လို့ ငါ့ညီဆီကနေ ဝယ်ခဲ့တာ ဝယ်ပြီး ငါ့သူငယ်ချင်းအိမ်မှာ နွားလေးကိုချည်ထားခဲ့တယ်။

ငါ ပြန်လာတော့ ချည်တိုင်မှာ မရှိတော့ဘူး လိုက်ရှာတော့လည်း မတွေ့တာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။

အံ့သြစရာကောင်းတာက ငါ အိမ်ကိုရောက်တော့ နွားလေးက နွားတင်းကုပ်မှာ ရောက်နေတယ်။

စဝယ်ကတည်းက ငါ့ကိုလည်းတွေ့ရော ပယောပရီလုပ်နေတာ ငါလည်း မင်းတို့အဖေများ ဝင်စားသလားဆိုပြီး ဟေ့ကောင် သာမောင်ကြီးလို့လည်းဆိုရော ငါ့ဆီကို တန်းပြေးလာတာပဲ။

ဟာဗျာ…ဘိုးလေးကလဲ… မဖြစ်နိုင်တာဗျာ အဖေက နွားဘဝရောက်မလားဗျ …

အေးပါကွာ ငါကလည်း အဖြစ်ကို ပြောပြတာပါ ငါလည်းစိတ်မကောင်းပါဘူး မင်းတို့အဖေက သိပ်ရိုးတာ ဒါကြောင့် သူပိုက်ဆံလာချေးတော့ လွယ်လွယ်ကူကူ ငါ ချေးပေးခဲ့တာပေါ့။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘိုးလေးရာ…ဒီနွားကို အဖေ့နာမည် မခေါ်ပါနဲ့ဗျာ …

အေး… ငါလည်း တခြားနာမည်ပေးပြီး ခေါ်ပါတယ် မလှုပ်ဘူးကွ သာမောင်လို့ ခေါ်လိုက်လို့ကတော့ကြားတဲ့နေရာက ပြေးလာတာပဲ။

ဆက်ပြောလျှင် မောင်နှမတွေ ဒေါသပါလာတော့မှာသိတဲ့တွက် စကားဖြတ်ပြီး ပြန်လာခဲ့ကြပါတယ် ။

ညီမဖြစ်သူကတော့ လုံးဝမကျေနပ် အဖေ့နာမည်နွားကို ပေးထားတာ ဒါ အဖေ့သိက္ခာကို ချနေတာ သမီးအနေနဲ့ အဖေ့ဂုဏ်သိက္ခာကိုပြန်ဆယ်ရမှာပဲ ။

ကဲ… ဒါဆို နင်တို့ ဒီလောက်တောင် ဖြစ်နေကြတာကျေးရွာ တရားသူကြီးအဖွဲ့ကို တိုင်ကြရအောင်..

ကျေးရွာလူကြီးနှင့်အဖွဲ့ဟာ ကိုသာမောင့်ကိစ္စကို အမျိုးမျိုး တိုင်ပင်ပီးတဲ့ခါ လယ်ထဲသွားပီးကိုစိုးတို့ မောင်နှမတွေ ဘကြီးဘိုးထွန်းနဲ့ ကိုသာမောင်ဝင်စားတဲ့ နွားလေးကိုပါခေါ်ပြီး ဖြေရှင်းပါတယ် ။

နှစ်ဦးနှစ်ဖက် ကျေးရွာလူကြီးများ၏ အဆုံးအဖြတ်ကို နာခံပါမယ်လို့ ကတိပြုပီးတဲ့ခါမှာ ဦးဘိုးထွန်းကို ပထမဆုံး နွားလေးကို ခေါ်ခိုင်းစေပါတယ် ။

အထူးစိတ်ဝင်စားကြတဲ့အတွက် လာကြည့်တဲ့လူတွေကလည်း အနီးနားကရွာတွေပါ အုံးအုံးထနေအောင်ပါပဲ ။

ဦးဘိုးထွန်းက ရွှေနီရေ လာလာ … ထိပ်ကွက်ရေလာခဲ့ လာခဲ့ စသဖြင့် နွားနာမည်တွေကို ဘယ်လိုပဲ ခေါ်ခေါ် နွားလေးက တုပ်တုပ်မျှ မလှုပ်။

သာမောင်ရေလို့ခေါ်လိုက်တာနဲ့ ချက်ချင်း အပြေးအလွှားရောက်လာတာကို ကြည့်နေတဲ့သူတွေအား လုံး အံ့သြစွာ မြင်တွေ့ကြရပါတယ် ။

သည့်နောက် ကိုသာမောင်ရဲ့သားသမီး မောင်နှမလေးယောက်ကို အပြင်လူ( ၂၀ )နဲ့ရောပြီး တန်းစီ ခိုင်းထားလိုက်ပါတယ် ။

ကဲ မင်း သာမောင်ကြီး ဝင်စားတာမှန်လျှင် တန်းစီထားတဲ့အထဲက မင်းရဲ့သားကြီးဆီ သွားနမ်းစမ်းလို့ ပြောလိုက်တဲ့ခါမှာ နွားလေးဟာ သူ့သား ကိုစိုးရှေ့ တည့်တည့်သွားပီး နမ်းပါတော့တယ် ။

သား ကိုတရှုံ့ရှုံ့နမ်းရင်း မျက်ရည်တွေပါ တဖြိုင်ဖြိုင် စီးကျလာပါတယ် ။

လာကြည့်ကြတဲ့ ပရိသတ်ကြီးလည်း ကိုသာမောင့်အဖြစ်ကိုမြင်ပီး ဝမ်းနည်းလွန်းလို့ မျက်ရည်ကျတဲ့လူကကျ ငိုတဲ့လူက ငို … အဲသည်နောက် နွားလေးဟာ လူအများကြီး ကြားထဲက သမီးဖြစ်သူထံကို စိုက်စိုက်မတ်မတ်သွားပီး နမ်းရှုံ့လိုက်တဲ့ အခါမှာတော့

အောင်မလေး အဖေရဲ့… သမီး ရင်ကွဲပါပြီ ဖြစ်မှဖြစ်ရလေအဖေရယ်ဆိုပီး ချုံးပွဲချ ငိုပါတော့တယ်။

နွားလေးကိုဖက်ပြီး ငိုကြွေးလိုက်တဲ့ အသံဟာမြင်ရသူအပေါင်းရဲ့ ရင်ထဲမှာ ဆို့တက်သွားပြီး ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်တွေစီးကျ လာစေခဲ့ပါတယ် ။

ဤအဖြစ်အပျက်ဟာ သံဝေဂယူစရာကောင်းသလိုကိုသာမောင်ဟာ ဖခင်တစ်ဦးအနေဖြင့် မိသားစုရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း အကြွေးမပေးနိုင်တဲ့တွက် အပါယ်ဘုံသို့ ကျရောက်ရခြင်း။

အကုသိုလ်ကံ ပေးဆပ်ရတဲ့ခါ ပြုလုပ်သူသာလျှင်ပေးဆပ်ရခြင်း။

အဆိုပါ အတိတ်က အကုသိုလ်ကံသည် ဘဝပေါင်း မည်မျှထိ လိုက်လံ အကျိုးပေးမည်ကို မသိခြင်း။

ဒါကြောင့်… သူတစ်ပါးအကြွေးယူပြီး ပြန်မဆပ်သူသူများအနေနဲ့ သံဝေဂနဲ့ ဆင်ခြင်နိုင်စေဖို့အတွက် တင်ပြလိုက်ပါတယ်။

တရားရတနာ

Source: ZCCNEWS