ဝယ်စားရင် စျေးကြီးတဲ့ ကြက်ဥပေါင်း အိမ်မှာ ကိုယ်တိုင်လုပ်နည်း

စျေးကြီးပေးဝယ်စားရသည့် ကြက်ဥပေါင်းပြုလုပ်နည်းလေး…..

သားသားမီးမီးတွေအတွက်က ကြက်ဥကို အခုလို ပေါင်းကျွေးရင် ကြိုက်နှစ်သက်ကြပါတယ်။

လွယ်ကူမြန်ဆန်စွာ လုပ်ရလွယ် လွန်း တာမို့ ကြိုးစားကြည့်ကြပါနော်။

စျေးကြီးပေးဝယ်စားနေရတဲ့ ကြက်ဥပေါင်းပါဝင်ပစ္စည်းများ…..

၁။ ကြက်ဥ \ ၁ဝလုံး(အဆင်ပြေသလို ၄လုံးလောက်လဲရတယ်)

၂။ ဆား လက်ဖက်ရည်တဇွန်း၊

၃။ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းတဝက်

၄။ ခရုဆီ လက်ဘက်ရည်ဇွန်းတဇွန်း၊

၅။ ဆေးထိုးအပ် 20cc or 50 cc တချောင်း(မရှိရင် ကန်တော့နဲ့ ထည့်လို့ရ)

၆။ tissue စက္ကူ အနည်းငယ်(မရှိ လဲရ)

ပြုလုပ်ပုံ….

ကြက်ဥကို ချွန်နေသော ထိပ်ဘက်မှနေ၍ ဓားဖြင့် ဆေးထိုးအပ် ထိပ်ဝထက် အနည်းငယ်ပိုကျယ်သော အနေအထားဖြင့် ဖောက်ယူပါ။

အထဲမှရှိသော အစာများကို စုပ်ထုတ်ပါ၊ ဇလုံတလုံးအတွင်းထည့်ပါ။

ဆား၊ ငရုတ်ကောင်း၊ခရုဆီ တို့ကို ရောထည့်၍ နာနာခေါက်ပါ။

ဆေးထိုးအပ်ဖြင့် စုပ်ယူပြီကြက်ဥခွံ့ လေးပုံ သုံးပုံပြည့်အောင်ပြန်ဖြည့်ပါ၊ ပေါင်းမည့်အိုးကို ရေထည့်ပါ။

ပေါင်းခံမည့် ဇကာ ထဲတွင် တစ်ရှူးတစကို အောက်မှခံပြီး ဖြည့်ထားသော ကြက်ဥကို ထည့်ပါ။

ကြက်ဥမလဲ၊မစောင်းစေရ။ ပေါင်းမည့်အိုး အဖုံးသည် မှန်အကြည်ဖြစ်လျှင် ပိုကောင်းပါသည်။

လျှပ်စစ် မီးဖို တွင် အပူချိန် ၈၀၀C ဖြင့် အိုးအဖုံးတွင် ရေငွေ့ သီးလာသည်အထိထားပါ။

အဖုံးကိုပြန်ပိတ်ပါ ။ နည်းနည်းရေငွေ့ သီးလာလျှင် ပြန်ဖွင့်ပါ။ စုစုပေါင်း ရေဆူသည်မှ ၁ဝမိနစ်ခန့် တည်ပေးပါ။

တည်နေစဉ် အိုးဖုံးကို ရေငွေ့သီးလာသည်နှင့် ပိတ်လိုက်ဖွင့်လိုက် လုပ်ပေးရန် လိုပါသည်။

 

ကြက်ဥထိပ်မှနေ၍ သွားကြားထိုးတံဖြင့် ထိုးကြည့်ပါ။

အထဲသား ကျက်လျှင်မီးပိတ်၍ အိုးအပူရှိန်ဖြင့် ၁ဝမိနစ်ခန့်ထားပြီးမှ အအေးခံပါ။ နှစ်သက်ရာ အချဉ်နှင့်တွဲစားနိုင်ပါသည်။

ကြက်ဥနှင့်တွဲစားရန်…

၁။ ပဲပုတ် ၂ချပ်ကို မီးအေးအေးနှင့်ကင် မှုန့်နေအောင် ထောင်း ပါ။

ငရုတ်သီး အလှော်ထောင်း(အကြက်မှုန့်)ထည့် ၊ဆား အနည်းငယ် ထည့် အရသာမှုန့်အနည်းငယ်ထည့် ပြီး တို့စားနိုင်ပါသည်။

မက်ခါသီးမှုန့် နှစ်သက်လျှင် အနည်းငယ် ထည့်ပေးလိုက်ပါ။

၂။ မန်ကျည်းသီးကို ပစ်ပစ်ဖျော် ၊ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းထောင်းထည့် သကြားအနည်းငယ်၊ဆား အနည်းငယ်၊ ဟင်းခပ်မှုန့်အနည်းငယ်ထည့်၍ လည်းတို့စားနိုင်ပါသည်။

ကြက်ဥကို ပေါင်းနေစဉ် အဖုံးကို မကြာမကြာဖွင့် ပေးရန်လိုပါသည်။

အပူချိန်များလွန်းလျှင် ကြက်ဥများ ကွဲထွက်တတ်ပါသည်။

ပေါင်းပြီးသား ကြက်ဥကို အခွံပြန်ခွာ ၄စိတ်ရအောင် လွှာယူပြီး အကင်တုတ်တွင်ထိုးသီကာ မီးအေးအေးနှင့် ကင်ပြီး ကြက်ဥကင် လုပ်စားနိုင်ပါသည်။

ကြက်ဥနှင့်တွဲစားရန်အတွက် နံပါတ်၁ နည်းမှာ ရှမ်းပြည်ဘက်မှသူများ နှစ်သက်သောနည်းဖြစ်ပြီး နံပါတ်၂ နည်းမှာ အောက်မြန်မာပြည် ကရင်၊မွန် ဒေသဘက်မှနည်းဖြစ်သောကြောင့် နှစ်သက်ရာ ပြုလုပ်စားသုံးနိုင်ကြပါသည်။

ကြက်ဥမွှေစာတွင် ငရုတ်ကောင်းမှုန့်အစား တရုတ်မဆလာ (ရှောက်ကော ပတ်ကော )အမှုန့်ကို ပြောင်းလည်းထည့် ကြည့်ပါက အနံ့မွှေးစွာ တမျိုးလေး စားကောင်းပါသည်။

ကြက်ဥများထောင်ထည့်စဉ် ကြက်ဥတလုံးချင်း စီအောက်တွင် မီးဖိုချောင်းသုံး တစ်ရှူး များ အနည်းငယ်ခံပေးခြင်းက ကြက်ဥများ ပြိုလဲခြင်းမရှိအောင် ထိန်းပေးပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။