ရန်ဖြစ်စကားများတဲ့ လင်မယားနှစ်ဦးလုံး အဖမ်းခံလိုက်ရတဲ့ အဖြစ်အပျက်

လင်နဲ့မယား လျှာနဲ့သွားဆိုသလို ဇနီးမောင်နှံတွေ တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်ကြတဲ့အခါ ..

ရန်ဖြစ်စကားများရင်း လက်လွန်ခြေလွန်ဖြစ်တတ်ကြတာကတော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပါပဲ။

ဒါပေမဲ့ ကိုယ့်အိမ်တွင်းရေးရန်ပွဲတွေကြောင့်၊

ပတ်ဝန်းကျင်ကိုထိခိုက်စေတာကတော့ တော်တော်လေးဆိုးရွားတဲ့ဖြစ်ရပ်လို့ပြောရမှာပါ။

ဗီယက်နမ်နိုင်ငံ Quang Ninhပြည်နယ်မှာနေထိုင်တဲ့ ဇနီးမောင်နှံ၂ဦးဟာ တစ်ယောက်နဲ့တစ်ယောက်စကားများကြရာကနေ ရဲအဖမ်းခံရတဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ကြပါတယ်။

Ha Longမြို့ Lideco တိုက်ခန်းမှာနေထိုင်ကြတဲ့ သူတို့နှစ်ဦးဟာ အခြေအတင်စကားများကြရာက၊

အိမ်မှာရှိတဲ့ အိုးခွက်ပန်းကန်များနဲ့ အဝတ်အစားများကိုသာမက မတော်တဆထိခိုက်မိတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပန်းအိုးတွေနဲ့ ခရီးဆောင်အိတ်စတဲ့ပစ္စည်းများကိုပါ အိမ်ပေါ်ကနေပစ်ချခဲ့ကြပါတယ်။

သူတို့နေထိုင်တဲ့တိုက်ခန်းဟာ အထပ်၂၅ထပ်ရှိတဲ့ တိုက်အမြင့်ဖြစ်တာကြောင့် သူတို့ဇနီးမောင်နှံပစ်ချတဲ့ပစ္စည်းတွေဟာ ဖြတ်သန်းသွားလာသူတွေကို ထိခိုက်စေမိမှာစိုးရိမ်ရတဲ့အတွက်

ပတ်ဝန်းကျင်မှလူအများက ရဲတိုင်ကြားခဲ့တာကြောင့် သူတို့၂ဦးမှာ ရဲစခန်းမှာ စစ်ဆေးခံခဲ့ရတယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – Lwinlwin Aung )