မြန်မာပြည်မှာ မျိုးတုန်းလုနီးပါး ဖြစ်နေတဲ့ ကြောင်တံငါ

ကြောင်တံငါ (Prionailurus viverrinus)

🇮🇳 အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် Kolkata နားက Howrah မှာ ကြောင်တံငါကိုကျားနဲ့မှားပြီး ထိတ်လန့်မှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပွားပုံက ဩဂတ်စ်လ ၃၁ ရက်နေ့မှာ လူငယ်လေးအချို့ဟာ ကြောင်တံငါကိုတွေ့ခဲ့ရာက တစ်ခါမှမမြင်ဖူးတဲ့အတွက် အချင်းချင်းကျားတွေ့ခဲ့တယ်လို့ ပြန်ပြောခဲ့ကြပါတယ်။

အဲ့ဒီကနေ စကားစကားပြောပါများတော့ ကားကာကြောင်ကနေကျားဖြစ်သွားပါတော့တယ်။

ကြောင်တံငါဟာ အိမ်မွေးကြောင်ထက်ကြီးပြီး အကောင်ကြီးရင် ၁၆ ကီလိုဂရမ်အထိလေးပါတယ်။

အခု Howrah ဒေသမှာ ကျားတွေ့တဲ့သတင်းကို ဒေသဆိုင်ရာ ဆိုရှယ်မီဒီယာသတင်းဌာနအတော်များများကလည်း ထပ်ဆင့်ဖော်ပြကြရာကနေ တနယ်လုံး ကျားလန့်တဲ့အဖြစ်ရောက်ကုန်ပါတယ်။

အဲ့ဒီအနောက်ဘင်္ဂလားဒေသမှာ ကျားမတွေ့ရတာနှစ်ပေါင်းများစွာကြာပြီဖြစ်ပါတယ်။

လူအချို့ဟာ ရိုးရာလက်နက်တွေကိုင်စွဲပြီး ညဘက်မှာကျားရှာထွက်ခဲ့ကြပါတယ်။

သစ်တောနဲ့သားငှက်ထိန်းသိမ်းရေးဌာနက CCTV နဲ့စောင့်ကြည့်တဲ့အခါမှာ ကြောင်တံငါကိုတွေ့ခဲ့ကြပါတယ်။

Howrah Joint Environment Forum ရဲ့အတွင်းရေးမှူး Shubhdeep Ghosh က အခုလိုဖြစ်ရတာဟာ လူတွေဟာသားရိုင်းတိရိစ္ဆာန်ဗဟုသုတနည်းပါးပြီး ထိန်းသိမ်းမှုပညာပေးအားနည်းလို့လို့ဆိုပါတယ်။

ဒါလည်းအမှန်ပါပဲ။ ကျနော်တို့ငယ်စဉ်က စာပေဗိမာန်လက်စွဲစာစဉ်ထဲမှာ မြန်မာ့တောရိုင်းတိရိစ္ဆာန်များစာအုပ်ကိုဖတ်ဖူးပြီး ကြောင်တံငါ၊ အင်းကျား၊ ကြောင်ဝံပိုက်၊ ကြောင်နံ့သာစတဲ့ကြောင်မျိုးရင်းတွေအကြောင်းကိုဖတ်ဖူးပါတယ်။

အခုခေတ်ကလေးတွေခမျာမှာ မြန်မာ့သားငှက်မျိုးရင်းတွေ ဘာရှိမှန်းသိခွင့်မရကြတော့လောက်အောင် ပညာပေးမှုအားနည်းလွန်းပါတယ်။

ဝမ်းနည်းစရာကောင်းတာက တချိန်ကဧရာဝတီတိုင်းထဲမှာ ပေါပေါလောလောတွေ့ခဲ့တဲ့ကြောင်တံငါဟာ မြန်မာပြည်မှာမျိုးတုန်းလုနီးနီးဖြစ်သွားတာပါပဲ။

အရင်ကဆိုရင် မိန်းမလှကျွန်းလို ဒီရေတောတွေမှာ ကြောင်တံငါကို ပေါပေါများများတွေ့ရခဲ့ပါတယ်။

ကျနော်စိတ်ပျက်တာက မြန်မာပြည်မှာ ရှားပါးမျိုးစိတ်တွေကို အပျော်သတ်စား၊ သစ်ခုတ်ရင်းသတ်စားကြတာပါပဲ။

၁၉၉၈ တုန်းက ကျနော်ရောက်နေတဲ့ရွာမှာ သားအမိသားအဖသုံးယောက် ငပုတောဘက်က တောတက်ပြီးသစ်လုံးခြမ်းသွားကောက်ပါတယ်။

သူတို့က အိမ်ဆောက်ဖို့ သစ်လုံးတွေကို ပါးပုတ်ရာကထွက်လာတဲ့ သစ်လုံးခြမ်းတွေကို သွားတောင်းကြတာပါ။

သစ်လုံးကိုပါးပုတ်တယ်ဆိုတာက သစ်လုံးကိုလေးထောင့်ဖြစ်အောင်ဘေးသားတွေကို လွှနဲ့တိုက်ထုတ်လိုက်တာပါ။

အဲ့လိုသစ်သွားတောင်းရင်း ကြောင်တံငါကိုတွေ့တော့ ဖမ်းပြီးသတ်စားသတဲ့။

တောထဲမှာမီးဖိုပြီး ကြောင်ကိုအမွေးမီးမြှိုက်ကာ ဖက်တွေနဲ့အထပ်ထပ်ထုပ်ပြီး မီးဖိုအောက်မှာတွင်းတူးပြီးမြှုပ်ထားသတဲ့။

နောက်တော့ဖော်ပြီးဟင်းချက်စားတာ အရေခွံကအဆီတွေနဲ့ဆူပြီး ဝက်သားလိုစားကောင်းသတဲ့။ ကြောင်တံငါမှာရေပေါ်ပေါ်စေတဲ့အဆီပြင်ပါတာကိုး။

နောက်နေ့လည်းကျရော ငှက်ဖျားအကြီးအကျယ်ဖြစ်တာနဲ့ သစ်တွေကိုထားကာ ရွာကိုချောင်းအတိုင်းလှေအမြန်လှော်ပီးပြန်လာခဲ့ကြတယ်။

​တိုက်နယ်ဆေးရုံမှာ ကျနော့်အကိုကြီးကကြည့်လိုက်တော့ မရတော့ဘူးအိမ်ပြန်ခေါ်ပါလို့ပြောပြီး သူတို့အိမ်ပြန်ရောက်တာမကြာဘူးနဲ့ဆုံးတာပဲ။

တောမှတွေ့တဲ့ကြောင်သားကို ဖက်နဲ့မီးမြှိုက်စားလို့ ငှက်ဖျားဖြစ်တယ်လို့သူတို့ကယူဆကြတယ်။

အဲ့ဒီတုန်းကတော့ကျနော်က ရေနဲ့ကြောင်နဲ့မဆိုင်ဘူး။ Anopheles အနော်ဖလိခြင်ကြောင့်ငှက်ဖျားဖြစ်ရတာလို့ ရှင်းပြခဲ့သေးတယ်။

အခုသာဆိုရင်တောကြောင်တွေကိုသတ်မစားအောင် ဘာမှပြောနေမှာမဟုတ်ဘူး။

“Recent photographic records of Fishing Cat Prionailurus viverrinus (Bennett, 1833) (Carnivora: Felidae) in the Ayeyarwady Delta of Myanmar” ဆိုတဲ့စာတမ်းထဲမှာ WCS Myanmar မှ ဦးနိုင်လင်းတို့က ဧရာဝတီတိုင်းမှာ ရှားရှားပါးပါးတွေ့ရသေးတယ်လို့ဆိုပါတယ်။

ဒါဆိုရင်ကျေးဇူးပြုပြီးဆက်လက်ထိန်းသိမ်းကြစေချင်ပါတယ်။ ကြောင်တံငါတွေဟာ မျိုးတုန်းပျောက်ကွယ်ဖို့ ခြိမ်းခြောက်ခံနေရတဲ့ Vulnerable IUCN 3.1 စာရင်းပေါက်နေပါပြီ။

မြန်မာပြည်မှာ ဘိုကလေးနားက ရေလယ်ကျွန်းတို့၊ မိန်းမလှကျွန်းတို့လို ဒီရေတောတွေမှာပဲ ကျန်တော့တယ်လို့ယူဆရပါတယ်။

အဆိုးဆုံးက မြန်မာ့ရှားပါးသားငှက်တိရိစ္ဆာန်မွေးသူများ group လိုမျိုး Facebook မှာ group လုပ်ကာ ရှားပါးသားငှက်များကို မွေးမြူဖို့ဝယ်ယူရောင်းချတာတွေလုပ်တာပါ။

​အဲ့ဒီမှာသစ်ကြောင်တစ်ကောင်လောက်ဝယ်ချင်တာ၊ မျောက်ဝယ်ချင်တာ၊ တောငှက်ရောင်းတာ၊ ကြောင်နံ့သာ၊ မြွေပါ၊ ဝက်ဝံစတဲ့အိမ်မှာမမွေးသင့်တဲ့ အားလုံးနဲ့သက်ဆိုင်တဲ့နောင်လာနောက်သားအတွက်အမွေ ရှားပါးသားငှက်တွေကို တကိုယ်ကောင်းဆန်ကာ အိမ်မှာမွေးမြူဖို့ လုပ်နေတာကို စိတ်ပျက်စရာတွေ့ရပါတယ်။

သစ်တောဌာနကလည်းဘာလုပ်နေမှန်းမသိပါ။ ဖုန်းနံပါတ်ပါတာပဲ၊ အကောင့်ပါတာပဲ လိုက်လို့ရတာပဲ။

ဒီလိုမြန်မာ့မျိုးရင်းသားငှက်တိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်မွေးမြူနေရင် မြန်မာ့မျိုးရင်းဇီဝမျိုးကွဲတွေ မျိုးတုန်းပျောက်ကွယ်သွားဖို့ပဲရှိပါတော့တယ်။

စင်ကာပူမှာကျနော်တို့ တက္ကသိုလ်တက်တုန်းကအ​ဆောင်နေစဉ်မှာ ပြတင်းပေါက်နားမှာ တောဝက်၊ မျောက်၊ ဖွတ်၊ ရှားပါးကျေးငှက်စတဲ့တောသတ္တဝါလေးတွေကို တွေ့ရပါတယ်။

ဒီနှစ်ထဲမှာတောင်ဟော်တယ်မှာနေစဉ် ကျနော့်အခန်းအောက်ဖက် သစ်ပင်ကြီးမှာသိမ်းငှက်ကြီးလာနားတာတွေ့ရပါတယ်။

တလောကညီမတစ်ယောက်အောင်လောင်ငှက်ကြီးအိမ်မှာလာနားတာတင်ထားပါသေးတယ်။

ကျနော်ရေကူးကန်သွားရင် ဇီးကွက်တွေ၊ လင်းဝက်တွေ မြောင်းဘောင်ပေါ်မှာတွေ့ရတတ်ပါတယ်။

အဲ့ဒီတော့ သဘာဝသားငှက်တွေဟာ စင်ကာပူမှာသဘာဝအတိုင်းရှိနေပါတယ်။ သူတို့လိုမြေမရှိသူတောင်ထိန်းသိမ်းနိုင်ရင် ကျနော်တို့က ပိုတောင်ထိန်းသိမ်းနိုင်ပါတယ်။

အခုတော့ မြန်မာပြည်မှာ ခရီးသွားရင်လည်း စားသောက်ဆိုင်တွေမှာ လူတွေပြဖို့ ဝက်ဝံတွေ၊ မျောက်တွေ၊ တောကြောင်တွေမွေးထားတာ မလုပ်သင့်ပါ။

ဒီသားငှက်တိရိစ္ဆာန်တွေဟာ တောထဲမှာလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရမှ စိတ်ချမ်းသာပျော်ရွှင်တာပါ။

အခုလိုအိမ်မှာဆိုင်မှာမွေးမြူထားတာဟာ ရှားပါးမျိုးစိတ်တွေကို မျိုးတုန်းအောင်တဖက်တလမ်းကလုပ်နေတာနဲ့အတူတူပါပဲ။

သူတို့တွေဟာအိမ်မှာကြာကြာအသက်မရှင်ပါ။ အခုကိုဗစ်ကပ်ရောဂါမှာ တရုတ်ပြည်ဟာ သားရိုင်းတိရိစ္ဆာန်မွေးမြူရေးကိုစတင်နှိပ်ကွပ်နေပါပြီ။

ကိုဗစ်အစဟာ တောတိရိစ္ဆာန်နဲ့လူနဲ့ထိတွေ့မှုကနေ စတင်ကူးစက်တာဖြစ်နိုင်တယ်လို့ အားလုံးကသိထားကြပါတယ်။

Lab 🔬 ထဲမှာမွေးပြီးသုသေသနလုပ်တာတောင်သတိထားရပါတယ်။ တရုတ်ပြည်မှာ ဧပြီလတုန်းကမျောက်ကိုသုသေသနလုပ်ရင်း လူတစ်ယောက်ရောဂါကူးကာသေဆုံးခဲ့ပါတယ်။

အဲ့ဒီလိုတစ်ယောက်ကနေစရင်း mutation တွေ ကြားခံသတ္တဝါနဲ့လူမှာဖြစ်ရင်း ကပ်ရောဂါအထိဆိုက်ရောက်သွားတာ အခုလက်တွေ့ပါ။

ကဲ စာရှည်သွားပြီမို့ နောင်လာနောက်သားကလေးတွေ ဗဟုသုတရဖို့ ကြောင်တံငါအကြောင်းကို ကလေးတွေအတွက် နောက် post မှာထပ်ရေးပေးပါမယ်။

မြန်မာ့သားငှက်တိရိစ္ဆာန်များဟာ မျိုတုန်းလုနီးနီးဖြစ်နေပြီမို့ အချိန်မီထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Credit – Richard Myo Thant