ပန်းများပွင့်အောင် အားဆေးလုပ်နည်း

အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက်…..

ပန်းပွင့်စေတဲ့ အားဆေးတွေ…

ပန်းများပွင့်စေဖို့အိမ်သုံးဆေးများ….

အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက် ပန်းပွင့်စေတဲ့ အားဆေးတွေပြောပြချင်ပါတယ်ခင်ဗျ

ပန်းဆိုပေမယ့် ဓါတ်သဘောအရ အသီးနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် အလျင်းသင့်သလို ချဲ့ပြီး သုံးကြပါခင်ဗျ။

၁) ကြက်ဥခွံ….

ဒါကတော့ ကျွန်တော်အမြဲပြောနေကျမို့ တော်တော်များများသိနေလောက်ပါပြီခင်ဗျ။

ကြက်ဥအခွံမှာက အပွင့်အတွက်လိုအပ်တဲ့ Calcium နဲ့ Phosphoric acid တို့အပြင် Nitrogen ပါ ပါဝင်လို့ အပင်ကိုလည်း အားရှိစေပါတယ်။

ကြက်ဥခွံကို အမှုန့်ကြိတ်ပြီးပဲဖြစ်ဖြစ်သုံးလို့ရသလို ဆေးရည်အနေနဲ့လည်း သုံးလို့ရပါတယ်ခင်ဗျ။

ဆေးရည် ရယူပုံက ကြက်ဥခွံ ငါးလုံးခန့်ကို ထုခြေပြီး ရေတစ်လီတာနဲ့ပြုပ်ပါတယ်။

ပြီးရင် ရေတစ်ဂါလံနဲ့ ပြန်ရောသုံးပါတယ်ခင်ဗျ။ ဆေးရည်ပိုထိရောက်စေချင်ရင်တော့ တစ်ညတိတိ နှပ်ထားပြီးမှာ နောက်ရက်မှာ သုံးပေးပါ။

၂) ငှက်ပျောခွံ….

ငှက်ပျောခွံတွေကို အခြောက်လှမ်းထားပြီး နုတ်နုတ်စင်းတာပဲဖြစ်ဖြစ် blender ထဲထည့်ကြိတ်တာပဲဖြစ်ဖြစ် လုပ်ယူလိုက်ပါခင်ဗျ။

အစိုမသုံးဘဲ အခြောက်လှန်းပြီးမှ သုံးဖို့ ဂရုစိုက်စေချင်ပါတယ်။စိုနေချိန်ဆို ပိုးတွေ မှိုတွေလာတက်လို့ပါ။

ငှက်ပျောခွံအခြောက်မှာဆို အပင်အတွက်လိုအပ်တဲ့ Potassium, Potash, Phosphorous, nitrogen နဲ့ Magnesium ဓါတ်တွေပါဝင်လို့ အပင်၊ အပွင့်နဲ့ အမြစ်တွေအထိ အကုန်အားရှိစေပါတယ်ခင်ဗျ။

ရောဂါခံနိုင်ရည်ကိုလည်း မြင့်တက်စေပါတယ်။ ငှက်ပျောခြောက်အမှုန့်တွေကိုတော့ အပင်ခြေတွေမှာ ဖြူးပေးပြီး slow release fertilizer အဖြစ်သုံးနိုင်ပါတယ်။

ဆေးရည်အနေနဲ့ဖြန်းချင်ရင်တော့ ကြက်ဥအခွံပြုပ်ချိန်မှာ လက်တစ်ဆုပ်စာထည့်ပြုပ်ပေးပါခင်ဗျ။

၃) နွားနို့….

နွားနို့လောက် အဟာရပေါကြွယ်ဝတာကတော့ နွားနို့ပဲရှိမယ်ခင်ဗျ။ အသားဓါတ်တွေပြည့်ဝတဲ့အပြင် calcium ဓါတ်ကလည်း အပွင့်ကို သန်စေပါတယ်။

နောက်ပြီး နွားနို့ကနေ အချဉ်ပေါက်လာတဲ့ အကျိုးပြုပိုးတွေက အပင်မှာ ကျရောက်တဲ့ ပိုးတွေကို တိုက်ဖျက်ပေးပါတယ်။

ရေနဲ့ရောသုံးမယ်ဆို နွားနို့တစ်ဆ ရေလေးဆ ရောပေးပါခင်ဗျ။

ကုန်ကျစရိတ် သက်သာချင်ရင်တော့ နွားနို့တစ်ဆ ရေ ရှစ်ဆလည်း ရပါတယ်ခင်ဗျ။

ဒါတွေက အိမ်မှာ အလွယ်တကူရှိနေတဲ့ အသီး အပွင့်အားဆေးတွေပါ။

နွားနို့ကလွဲရင် ကျန်တာတွေက ကုန်ကျစရိတ်မရှိတဲ့ ဆေးနည်းတွေဖြစ်လို့ သုံးရတာ အဆင်ပြေကြမှာပါခင်ဗျ။

Credit– ကြည်မိုးမြင့်