နောင်ပွင့်လာမည့် အရိမေတ္တာယျဘုရားရှင် နဲ့ပတ်သတ်ပြီး ရှေ့ပြေးအဟောများ

လွန်လေပြီးသောအခါက နိဂြောဓာ ရုံကျောင်း ရွှေသလွန်တော်ထက်၌ ဂေါတမမြတ်စွာဘုရား သီတင်းသုံးတော်မူလျှက်ရှိပြီး ၊

ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ အစရှိတဲ့ သံဃာအရေအတွက် ရှစ်ကျိပ် (အပါးရှစ်ဆယ်)တို့အား ဆုံးမသြဝါဒ တရားစကားဟောကြားနေလေ၏။

ထိုအချိန်တွင် မိထွေးတော် ဂေါတမီက ပန်းနံ့သာ အမွှေးနံ့သာများစွာ လက်၌စွဲလျက် ရွှေသင်္ကန်း အဝတ်တစ်စုံ ထည့်ထားတဲ့ ပတ္တမြားကြုတ်ကို ခေါင်းပေါ်ရွက် ဆွမ်းစသော လှူဖွယ်ပစ္စည်းမျိုးစုံနဲ့၊

တံခွန် ပန်းနံ့သာများကို လက်မှာစွဲပြီး သာကီဝင် မင်းသားမင်းသမီး ငါးရာခြံရံလျက် ဘုရားရှိရာ နိဂြောဓာ ရုံကျောင်းတော်ကို ရွှေသင်္ကန်းစသော လှူဖွယ်ပစ္စည်း လှူဒါန်းဖို့ရာ ရောက်လာကြပါတယ်။

ထိုရွှေသင်္ကန်းသည် မိထွေးတော် ဂေါတမီ ကိုယ်တိုင်ရက်လုပ်သော သင်္ကန်းဖြစ်ပြီး အမွှေးအနံ့များနှင့်ထုံသင်းနေသော သင်္ကန်းဖြစ်ပါတယ်။

သင်္ကန်းကို ရက်လုပ်နေချိန်တွင်လည်း ယက္ကန်းဇရပ်ကို လူအစောင့်အကြပ် အမြဲထားပြီးတော့ ရွှေသင်္ကန်းကို ဂေါတမီကိုယ်တိုင်ယက်ကာ အလျားတစ်ဆယ့်လေးထောင် အနံ ခုနစ်ထောင်ရှိတဲ့ သင်္ကန်းနှစ်ထည်ကို ရက်လုပ်ခဲ့ပါတယ်။

သို့နှင့် မိထွေးတော် ဂေါတမီက မြတ်စွာဘုရား ကျောင်းတော်သို့ ရောက်တဲ့အခါ မြတ်စွာဘုရားကို မနီးမဝေးကနေ ရှိခိုးပြီး၊

ရွှေသင်္ကန်းထည့်ထားသော ပတ္တမြား မြကြုတ်ကိုဖွင့်၍ “ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား တပည့်တော်မရဲ့ လက်ထဲမှာရှိတဲ့ ရွှေအဝတ် သင်္ကန်းတစုံ (နှစ်ထည်)က တပည့်တော်မကိုယ်တိုင် ယက်လုပ်ထားတဲ့ သင်္ကန်းဖြစ်ပါတယ်ဘုရား။

တပည့်တော်မကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဤရွှေသင်္ကန်းကို အလှူခံတော်မူပါ ဘုရား”လို့ လျှောက်ထား ပြီးတော့ လှူဒါန်းပါတယ်။

သို့သော် မြတ်စွာဘုရားက နှစ်ထည်စလုံးကို အလှူမခံပဲ တစ်ထည်ကိုသာ အလှူခံခဲ့ပါတယ်။

ပြီးတော့မှ မိထွေးတော် ဂေါတမီအား ကျန်တဲ့ သင်္ကန်းတစ်ထည်ကို ငါဘုရားရှေ့မှာ ထိုင်နေတဲ့ သံဃာတွေကို လှူလိုက်ပါလို့ မိန့်ကြားပါတယ်။

မိထွေးတော် ဂေါတမီလည်း မြတ်စွာဘုရား မိန့်ကြားချက်အတိုင်း သံဃာပရိသတ် ဘက်ကိုလှည့်၍ လက်အုပ်ချီပြီး၊

“တပည့်တော်ရဲ့ရှေ့မှောက်မှာ ထင်ရှားရှိနေတဲ့ သံဃာအရှင်မြတ်တို့ဘုရား တပည့်တော်လက်၌ရှိသော ဤအဝတ်ပုဆိုး ရွှေသင်္ကန်းတော်ကို ဘုရားတပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် အလှူခံတော် မူကြပါဘုရား”လို့ လျောက်ထားပါတယ်။

သို့ရာတွင် သံဃာအပါး (၈၀) လုံးမည်သူမျှ ထပြီးအလှူ မခံဝံ့ခဲ့ကြပါဘူး။ အဘယ်ကြောင့်ဆိုသော် တစ်ထည်ကို မြတ်စွာဘုရားဝတ်၍ ကျန်တစ်ထည်ကို ရုံထားမယ်ဆိုရင် အလွန်တရာ တင်တယ့် သပ္ပါယ်ပေလိမ့်မယ်ဆိုတဲ့ စိတ်နှလုံးထားပြီး အလှူမခံပဲ နေကြတာပါ။

ထိုအချိန်တွင် သံဃာများရဲ့ အလယ်မှာထိုင်နေတဲ့ အဇိတရဟန်းက မြတ်စွာဘုရားဟာ မိထွေးတော် ဂေါတမီကို များစွာသော အကျိုးရှိသည်ကို လိုလားနှစ်သက်တော်မူသည်ကို မြင်တော်မူသည်ဖြစ်၍၊

သံဃာကို လှူခိုင်းနေတာလို့ စိတ်နှလုံး ထားပြီးတော့ ဂေါတမီလက်ထဲမှာရှိတဲ့ သင်္ကန်းတထည်ကို ရဲဝင့်တည်ငြိမ်စွာဖြင့် ထပြီးတော့ အလှူခံလိုက်ပါတယ်။

အဇိတရဟန်း အလှူခံပြီး တဲ့အခါ ကျန်နေတဲ့ ရဟန်းတွေက အုတ်အုတ်ကျတ်ကျတ် ကျယ်စွာသော အသံတွေဖြင့် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ အစရှိတဲ့ ရဟန်းတော်တွေတောင်မှ အလှူမခံဝံ့တဲ့ သင်္ကန်းကို ဘာမဟုတ်တဲ့ အညတရ မထင်မရှား အသေးအမွှားရဟန်းက အလှူခံရဲရမလားလို့ ကဲ့ရဲ့သော စကားသံ မျိုးစုံထွက်လာခဲ့ပါတယ်။

ထိုအသံများကိုကြားသော မြတ်စွာဘုရားရှင်က သံဃာပရိသတ်နဲ့ ဂေါတမီအစရှိတဲ့ ပရိသတ်တို့ရဲ့ ယုံမှားသံသယကို ပယ်ဖျောက်ဖို့ရာအတွက်၊

“ချစ်သားအာနန္ဒာ ငါဘုရားကို နတ်သားလေးယောက် လှူထားတဲ့ အနားလေးရစ်ရှိတဲ့ မြကျောက်သပိတ်ကို သွားပြီးတော့ ယူချေ”လို့ ယူခိုင်းလိုက်ပါတယ်။

အာနန္ဒာ ယူလာတဲ့ မြကျောက်သပိတ်ကို မြတ်စွာဘုရားက လက်ဝါးပေါ်တင် အဓိဋ္ဌါန်ပြီးတော့ ကောင်းကင်သို့ လွှတ်လိုက်တယ်ဆိုရင်ပဲ မြကျောက်သပိတ်ဟာ နိဂြောဓကျောင်းကနေ ကပိလဝတ်မြို့သို့ ဝဲပျံဖြတ်ကျော်ပြီး စကြာဝဋ္ဌာတိုက်သို့ ပျံတက်သွားပါတယ်။

တစ်ဆက်တည်းမှာပဲ မြတ်စွာဘုရားက “ငါဘုရား အဓိဋ္ဌာန် လွှတ်လိုက်တဲ့ မြကျောက်သပိတ်ကိုမှီအောင် လိုက်ပြီးတော့ယူချေ”လို့ မိန့်ကြားပါတယ်။

သို့သော် ဘယ်သူမှ လိုက်မယူရဲခဲ့ကြပါဘူး။ အဲ့ဒီအခါမှာ မြတ်စွာဘုရားက အဇိတရဟန်းကိုခေါ်ပြီး “ငါဘုရား လွှတ်လိုက်တဲ့ သပိတ်ကို လိုက်ပြီးတော့ ယူချေ”လို့ မိန့်ကြားမှုကြောင့်၊

အဇိတရဟန်းက မြသပိတ် ရှိရာရောက်ရာအရပ်ကို ရှာဖွေပြီး တစ်ခဏအတွင်းမှာ မြတ်စွာဘုရားကို ကပ်လှူနိုင်ခဲ့ပါတယ်။

ထိုအဇိတမည်သောရဟန်းသည် အဇာတသတ်မင်းနှင့် ကဉ္စနဒေဝီတို့ရဲ့သားတော်ဖြစ်ပါသည်။ အဇိ ဟူသည် တည်ကြည်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

အဇာတသတ်မင်းကြီးဟာ ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးနောက်ပိုင်းမှာ မြတ်စွာဘုရားကို အရမ်းကြည်ညိုကာ ငါကြည်ညို လေးစားကိုးကွယ် အားထားနေရတဲ့၊

မြတ်စွာဘုရားရဲ့ အမွေဆက်ခံဖို့ရာ ရာဇဂြိုလ်ပြည် ဝေဋ္ဌုဝန်ကျောင်းမှာ အဇိတမင်းသား ၁၆နှစ်အရွယ်တွင် အခြံအရံမင်းသား ငါးရာနဲ့အတူ ရဟန်းဝတ်ပေးခဲ့တာဖြစ်ပါတယ်။

ထိုအကြောင်းအရာကို မြတ်စွာဘုရားက ရှင်းပြခဲ့ပြီး “ချစ်သားတို့ အဇိတရဟန်းဟာ ချစ်သားတို့ထင်သလို အညတရ သာမညရဟန်းမဟုတ် တိမ်ဖုံးသော နေနဲ့ တူတယ်။

ပြာဖုံးသော မီးခဲနဲ့ တူတယ်၊ မြေမှုန်ဖြင့် ဖုံးအုပ် ထားခံရသော ပတ္တမြား ရတနာနဲ့ တူတယ်၊ မြေ၌မြှုပ်ထား ခံရသော ရွှေအိုးနဲ့ တူတယ်၊ ပွင့်လုနီးသော ကြာပန်းနဲ့ တူတယ်၊ ယုဂန္ဓိုရ်တောင်နှင့် နီးနေသော နေလုလင်နဲ့ တူတယ်၊ ဘုရားဖြစ်ဖို့ရန် မျိုးစေ့နဲ့ တူတယ်။

အညွှန့်နဲ့ တူတယ်။ ပါရမီ ပြည့်ပြီးသော ဘုရားလောင်း ယောက်ျားစစ် ယောက်ျားမြတ်ဖြစ်၍ နောင်သောအခါ (အရိမေတ္တာယျ ) အမည်ဖြင့် ဘုရားစင်စစ် ဖြစ်လိမ့်မယ်”လို့ ဗျာဒိတ် စကားမိန့်ကြား တော်မူပါတယ်။

ဆက်လတ်ပြီး ဂေါတမမြတ်စွာဘုရားက အဇိတရဟန်း ပြုကျင့်ခဲ့သော သီလသမာဓိနဲ့ ကုသိုလ်ထူးတွေကို ရှင်းပြ ဟောပြောခဲ့ပါတယ်။

“ချစ်သားတို့ အဇိတရဟန်းဟာ ရှေးလွန်လေပြီးသော အတိတ်ဘဝ ပဒုမ အမည်ရသော စကြာဝတေးမင်း ဘဝတုန်းက သုမိတ္ထ မြတ်စွာဘုရားကို ကျောင်း၊ သင်္ကန်း၊ ဆီမီးစသည်တို့ဖြင့် ပူဇော်ခဲ့တယ်။”

“ဗြဟ္မဘာဝီ မည်သော မင်းဖြစ်သော အခါတုန်းကလည်း မတ္တေယျ မြတ်စွာဘုရားကို ရတနာမဏ္ဌပ် တို့ဖြင့် ပူဇော်ခဲ့တယ်။

အဲဒီအချိန်မှစ၍ ၁၆သင်္ချေနှင့် ကမ္ဘာတသိန်းထက်မှာ ပွင့်တော်မူကြတဲ့ မုဟုတ္တမြတ်စွာဘုရား လက်ထက်မှာ ပဘာဝန္တ စကြာဝတေးမင်း ဖြစ်ပြီးတော့ စကြာဝတေးမင်းအဖြစ်ကိုစွန့်၊ မုဟုတ္တဘုရားထံမှာ ရတနက မထေရ်ရဟန်းအမည်ဖြင့် ပါရမီဖြည့်၍ ဘုရားဆုပန်ခဲ့တယ်။

အဲဒီမုဟုတ္တဘုရားလက်ထက် ရတနကမထေရ်ဘဝကစပြီး ဘုရားဆုပန် အတိုင်းမသိသော ပါရမီအဆောက်အဦးတို့ကို ဖြည့်ကျင့်ခဲ့တယ်။

တဏှင်္ကရာ ဘုရားစသော ၂၇ ဆူကုန်သော ဘုရားတို့ထံမှာ ပါရမီများစွာ ဖြည့်ကျင့် ဆည်းပူးပြီး ဗျာဒိတ်ခံခဲ့ရ၍ ယခုအခါ အဇာတသတ်မင်းနှင့် ကဉ္စနဒေဝီတို့ရဲ့သား အဇိတ မင်းသားအဖြစ် ဖြင့်ငါဘုရားရဲ့ သာသနာတော်၌ ရဟန်းပြု၍ အဇိတရဟန်းအဖြစ် ၊

သီလ သမာဓိ ပညာ အကျင့်တို့ကို ဖြည့်ကျင့်စေလျက် ပါရမီအပေါင်းကို ဆည်းပူးဖြည့်ကျင့်နေသော ဘဝတလျှောက် ခရီးအကြား၌ အညတြရဟန်း စသည့်ဖြင့် မထီမဲ့မြင် မပြုကြနှင့်”လို့ ဗျာဒိတ်စကား မိန့်ကြားတော် မူပါတယ်။

မြတ်စွာဘုရားရဲ့ ဗျာဒိတ်စကား ပြောကြားပြီးတဲ့ အဆုံးမှာ အဇိတရဟန်းက အားရဝမ်းသာစွာနဲ့ မြတ်စွာဘုရားကို လက်အုပ်ချီပြီးတော

“မိထွေးတော် ဂေါတမီထံက ရထားတဲ့ရွှေသင်္ကန်း အဝတ်ပုဆိုး တစ်ထည်ကို မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ ကျောင်းဆောင်အတွင်းမှာ မျက်နှာကျတ်အဖြစ် လှူဒါန်းပါတယ်ဘုရား။

ဤကဲ့သို့ လှူဒါန်းရသော ကုသိုလ် ကောင်းမှုကြောင့် တပည့်တော် ဘုရားဖြစ်သောအခါ ရွှေပန်းဆိုင်း၊ ငွေပန်းဆိုင်း၊ သန္တာပန်းဆိုင်း၊ ပုလဲပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက်ရတနာ ၇ ပါးနှင့် ပြည့်စုံပြီး ၊

တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန် မျက်နှာကျတ် ဖြစ်ရပါလို၏ ဘုရား”လို့ ဆုတောင်းပြီး ဘုရားရှင် ကိုဦးချကာ သူ့နေရာသူပြန် ထိုင်နေခဲ့ပါတယ်။

မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်း အဇိတရဟန်းလည်း ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဆုတောင်းခြင်းပြီးတဲ့အခါ ၊

အရှင်သာရိပုတ္တရာက အရိမေတ္တာယျဘုရားအကြောင်းကို သိချင်နေကြတဲ့ ရဟန်းတို့ရဲ့အလို အဇ္စျာသယကို သိသဖြင့်၊

အရှင်ဘုရား အဇိတရဟန်း ဘယ်သောအခါ ဘယ်သို့သော အခြင်းအရာဖြင့် အရိမေတ္တယျ ဘုရားဖြစ်မယ်ဆိုတဲ့ အကြောင်းကို လျှောက်ကြားလေသည်။

ထိုအခါ မြတ်စွာဘုရားက အရဟတ္တဖိုလ် စျာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂါတ် ကာလမှာ အရိမေတ္တယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြား တော်မူပါတယ်။

“ချစ်သားသာရိပုတ္တရာ၊ ငါဘုရား ပရိနိဗ္ဗာန်စံပြီး ကာလကြာသော် တဖြည်းဖြည်းနဲ့ သာသနာ ဆုတ်ယုတ်လာပြီးတော့ သာသနာအနှစ် ငါးထောင်ပြည့်တဲ့အခါမှာ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိမ့်မယ်။

ချစ်သား သာရိပုတ္တရာ သာသနာကွယ်ပြီးတဲ့ နောင်ကာလ ကြာရင်လူတွေဟာ မကောင်းမှုတွေသာပြု ကျင့်ကြလို့ လူတို့ရဲ့သက်တမ်းတွေက တစ်ရာကနေ ကိုးဆယ်၊ ကိုးဆယ်မှရှစ်ဆယ်၊ ရှစ်ဆယ်မှ ခုနှစ်ဆယ်၊ ခုနှစ်ဆယ်မှ ခြောက်ဆယ်၊ ခြောက်ဆယ်မှ ငါးဆယ် အစဉ်အတိုင်း အသက်တမ်း ယုတ်လျော့ကုန် ပြီးတော့ သက်တမ်းငါးနှစ် အရွယ်ရောက်တဲ့အခါ ငါးနှစ်အရွယ်ယောင်္ကျား မိန်းမတွေက အိမ်ထောင်တွေပြု၊ ယောက်ျားတွေရ မိန်းမတွေရနဲ့ သားတွေသမီး တွေနဲ့ ဖြစ်ကြလိမ့်မယ်။”

“ခြောက်နှစ် ခုနှစ်နှစ်တွေက မြေးတွေ မြစ်တွေနဲ့ ဖြစ်ကြလိမ့်မယ်။ အဲဒီအခါကြရင် ကပ်ကြီးသုံးပါး ပေါ်ပေါက် လာလိမ့်မယ်။ သတ္တန္တရကပ် လက်နက်ကြောင့် သေကြရတဲ့ ပုဂ္ဂိုလ်တွေ ငရဲပြည်သို့ ရောက်ကြ လိမ့်မယ်။

ဒုဗ္ဘိက္ကန္တရကပ်၊ ငတ်မွတ် ခေါင်းပါး အစာ မစားရလို့သေတဲ့ပုဂ္ဂိုလ် တွေက ပြိတ္တာဘုံသို့ ရောက်မယ်။ ရောဂန္တရကပ် အနာရောဂါဖြစ်ပြီး သေကြတဲ့ ပုဂ္ဂိုလ်တွေက ငါတို့ရောဂါဘယ တွေဖြစ်ရလို့ ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲတွေ ခံကြရသလို သူတပါးတွေလည်း ငါတို့လို ဆင်းရဲ ဒုက္ခတွေ မဖြစ်ကြပါစေနဲ့ ဆိုပြီး မေတ္တာစိတ်နဲ့ သေတဲ့အတွက် ကြောင့်နတ်ပြည်ကို ရောက် လိမ့်မယ်။”

“အဲဒီကပ်သုံးပါး ဆိုက်ရောက်နေကြရတဲ့ အချိန်အခါမှာ ဝိသကြုံနတ်သားက လူ့ပြည်ကို ဆင်းလာပြီး လူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတာကို မကြည့်မမြင်ရက်လို့ ဤကဲ့သို့ သတိပေး လိမ့်မယ်။

အိုလူသားတို့ ဒီကနေ့ကစ ၇ရက်အတွင်း လူသားတွေ အပြစ်မရှိအပြစ်ရှာ၊ အချင်းချင်း တယောက်နဲ့တယောက် သားငါးအမှတ်ဖြင့် သတ်ကြဖြတ်ကြ ခုတ်သတ်ကြလိမ့်မယ်။

အဲဒီဘေးအန္တာရယ်မှ လွတ်မြောက်ချင်ရင် (၇)ရက်စာရိက္ခာ အပြည့်အစုံယူပြီး တစ်ယောက်ချင်းသာ တောမြောင် ချောက်ခြားသို့ လူချင်းမတွေ့အောင် ပုန်းအောင်း နေပြီး (၇)ရက် ကျော်လွန်မှသာ လျှင်ပြန်လာခဲ့ကြပါ။

ယုံကြည်ကြတဲ့သူတွေက (၇)ရက် စာရိက္ခာယူပြီးတော့ တောတောင် ချောက်ခြား သို့သွား၍ ပုန်းနေကြတယ်။

မယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေက အချင်းချင်း သတ်ကြဖြတ်ကြလို့ အရိုးအသားတွေပြည့်လျှံ၊ အရိုးတွေ သွေးတွေနဲ့ ဖြစ်ကုန်ကြတဲ့အခါ မိုးကြီးရွာချ၊ အရိုးအသားတွေ မျောကုန်ကြလိမ့်မယ်။

တောမြောင် ချောက်ခြား ပုန်းအောင်းနေကြတဲ့ လူတွေ ၇ ရက် ပြည့်လို့ပြန်လာ ကြတဲ့အခါ လူတွေ မတွေ့ရ မမြင်ရလို့အချင်းချင်းရိုင်းပင်း ကူညီ ကုသိုလ်ကောင်းမှုတွေပြု မေတ္တာစိတ်တွေ ဖြစ်ပေါ်လာကြလိမ့်မယ်”လို့ဟောကြားခဲ့ပါတယ်။

လူအချင်းချင်း သတ်ပုတ်ပျက်စီးခဲ့ကြရပြီး၊ နတ်သား၏စကားကို ယုံကြည်သူတို့မှတဆင့် လူသားမျိုးနွယ် သက်တမ်းရှည်လာခဲ့ရခြင်းအကြောင်းမှာ မေတ္တာစိတ်၊ ကုသိုလ်စိတ် တွေဖြစ်ပေါ်ပေါက်လို့ကုသိုလ် ကောင်းမှုတွေ ပြုတဲ့အခါ ၊

ဆယ်နှစ် နေကြရသူတွေက အသက်နှစ်ဆယ်၊ အသက်နှစ်ဆယ်မိဘတွေက မွေးဖွားတဲ့သားသမီးတွေက အသက်လေးဆယ်။

အဲဒီလို အစဉ်အတိုင်း လူတို့ရဲ့သက်တမ်းဟာ ရှည်ရှည်ပြီး တက်သွားမှာဖြစ်တယ်။ ကိုယ့်အသက်ကို မရေမတွက်နိုင်အောင် အသင်္ချေယျထိ ဖြစ်သွားလတံ့။

သက်တမ်း မရေမတွက်နိုင်အောင် ရှည်တဲ့အသင်္ချေယျခေတ်မှာ အနိစ္စ ဒုက္ခ အနတ္တတရားတွေ အလွယ်တကူမမြင်နိုင်၊ အိုခြင်း နာခြင်း သေခြင်းတရား တွေမမြင်နိုင်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် အိုဖို့နာဖို့သေဖို့ဆိုတာ တော်တော်ကြာအောင် စောင့်နေရမှာဖြစ်သောကြောင့်ဖြစ်တယ်။

အိုတဲ့သူတွေ့ရင် အထူးအဆန်းဖြစ်သွားပြီး နာတဲ့သူတွေ့ရင်လည်း အထူးအဆန်း ဖြစ်ကြရလိမ့်မည်ဖြစ်ကြောင်း။

သေတဲ့သူတွေ့ရင်တော့ ဝိုင်းအုံကြည့်ရတဲ့ခေတ်။ သက်တမ်းရှည်တဲ့ခေတ်မှာ အိုနာသေ ခဏခဏမပေါ်တော့ သံဝေဂမဖြစ်။

သံဝေဂမ ဖြစ်တော့ အိုရမယ့်ဒုက္ခ နာရမယ့် ဒုက္ခသေရမှာကိုလည်း မကြောက်၊ မကြောက်ကြသည့်အတွက် ကိုယ်ကျင့်တရားတွေ ပျက်ပြားပြီး အသင်္ချေယျသက်တမ်းမှ တဖြည်းဖြည်းဆုတ်ယုတ်၍ သက်တမ်းတို လာမှာဖြစ်တယ်။

တဖြည်းဖြည်း သက်တမ်းဆုတ်ယုတ်လာပြီး သက်တမ်းတစ်သိန်းရောက်တဲ့အခါ ယခုငါဘုရား သီတင်းသုံးနေတဲ့ ဗာရာဏသီပြည်သည် အလျား ၁၂ ယူဇနာ အနံ ၇ယူဇနာ ကျယ်ဝန်းတဲ့ ကေတုမတီမည်သော မင်းနေပြည်တော် ဖြစ်လိမ့်မယ်။

အဲဒီကေတုမတီပြည်မှာ သင်္ခစကြာဝတေးမင်းအုပ်ချုပ်၍ မင်းလုပ်လိမ့်မည်ဖြစ်ကြောင်း၊ ရိုးရိုးဘုရင်မဟုတ်ကြောင်း၊ စကြာဝတေးမင်း။ စကြာဝတေးမင်းရဲ့ မိဖုရားမှာလည်း ဝိသာခါဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထို့နောက် သင်္ခစကြာဝတေးမင်းမှာ တစ်ဖက်သောရန်သူကို ချေမှုန်းပြစ်နိုင်တဲ့ သားပေါင်းတစ်ထောင် ဖြစ်ထွန်းအံ့။ ကေတုမတီမြို့နှင့်တကွ မြို့ပေါင်း ရှစ်သောင်းလေးထောင် ရှိလိမ့်မည်ဖြစ်ပြီး၊ ကေတုမတီမြို့လယ်ခေါင်မှာ ရတနာ ၇ ပါးနှင့် ပြည်စုံပြီး၊

တံတိုင်းအကာအရံနဲ့ လူတွေရဲ့ မျက်စိနဲ့စူးစိုက် မကြည့်နိုင်လောက်အောင်သော အရောင်အဝါဖြင့် အထပ်တစ်ရာရှိတဲ့ ပြသာဒ်ယာဉ်ကြီး ရှေးဘုန်းရှေးကံကြောင့် ပေါ်ပေါက်လာလိမ့်မယ်လို့ မြတ်စွာဘုရားက ဟောကြားတော်မူလေသည်။

ရှေးဘုန်းကံကြောင့်ဆိုတာကို သိအောင်ပြောပြရမယ်ဆိုရင် ကေတုမတီမြို့ဟာ ဟိုးရှေးအခါတုန်းက မဟာပနာဒမင်း နေသွားခဲ့ဖူးသည့်အတွက် အဲဒီမဟာပနာဒမင်းရဲ့ဘုန်း ကံနဲ့ ယခုလက်ရှိသင်္ခစကြာဝတေးမင်းရဲ့ ဘုန်းကံကို ပြောတာချစ်သားတို့။

သင်္ခစကြာဝတေးမင်းနဲ့ မဟာပနာဒမင်းဟာ အတိတ်ဘဝ ရှေးအခါက ကျူထရံသည် သားအဖနှစ်ယောက်ဖြစ်ခဲ့ဖူးစဉ်က ပစ္စေကဗုဒ္ဓါ အရှင်မြတ် ၈ ပါးကို ကျူရိုး သဖန်းသားတို့ဖြင့် သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီး၊

ဘုရားတပည့်တော်တို့ သားအဖနှစ်ယောက် ဘဝဖန်ခါ သံသရာကြီးထဲမှာ ကျင်လည်ကျတ်စား ပြေးလွှားကြသည်ရှိသော် မြင့်မြတ်သော ပုဂ္ဂိုလ်တို့နှင့်သာထိုက်တန်သော ဆန်းကျယ်သော ဘုံဗိမာန်ကြီးကိုရပြီးတော့ ၊

အဆုံးဘဝနောင်ကာလ၌ မဂ္ဂင်ဖေါင်ကြီးငြိမ့်ငြိမ့်စီးလျက် ဘေးအတန်တန် အေးငြိမ်းရာအမှန် နိဗ္ဗာန်အောင်ခန်းမြို့တော် နန်းသို့ ကူးမြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရပါစေသား အရှင်မြတ်တို့ဘုရားလို့ ဆုတောင်းပြီး ပစ္စည်းလေးပါးဖြင့် အသက်ထက်ဆုံး လှူဒါန်းခဲ့တယ် ချစ်သားတို့။

သားအဖနှစ်ယောက်သေတဲ့အခါ နတ်ပြည်မှာ အတူတူဖြစ်ကြရလိမ့်မယ်။ အဖက နတ်ပြည်မှာကျန်ခဲ့ပြီး၊ သားက နတ်ပြည်မှစုတေပြီး လူ့ပြည်မှာ သုရုစိမင်း သုမေဓာ၏သား မဟာပနာဒမင်း ဖြစ်လာလိမ့်မယ်ချစ်သားတို့။

အတိတ်ဘဝက ပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓ ၈ ပါးကို ကျောင်းလှူ ခဲ့တဲ့ကုသိုလ်ကံကြောင့် သိကြားမင်းက မဟာပနာဒမင်းနေဖို့ရာအတွက် ဝိသကြုံနတ်သားကို အမြင့် ၂၅ ယုဇနာ၊ အကျယ် ၈ ယုဇနာ အထပ် ၁၀၀ ရှိတဲ့ပြဿဒ်ကို ဝိသကြုံနတ်သားကို ဖန်ဆင်းပေးခိုင်းစေခဲ့လေတယ်။

မဟာပနာဒမင်း မရှိသောအခါ ပြဿဒ်ကြီးပျက်စီးမသွားပဲ နတ်ပြည်မှာကျန်ခဲ့သော အဖနတ်သားအတွက် ဂင်္ဂါမြစ်ထဲမှာမြှုပ်နေပြီး အရိမေတ္တယျဘုရားရှင်ပွင့်သောအခါမှ ဂင်္ဂါမြစ်ထဲမှ ထွက်ပေါ်လာ၍ ကေတုမတီမြို့လည်၌ သင်္ခစကြာဝတေးမင်း စံမြန်း ဖို့ရန်အတွက် ထွက်ပေါ်လာလိမ့်မည်ချစ်သားတို့။

ထိုအခါ အဖနတ်သားသည်နတ် ပြည်မှ စုတေ၍ကေတုမတီပြည် သင်္ခစကြာဝတေးမင်းဖြစ်လျက် အတိတ်ဘဝက သားတော်စပ်ခဲ့ဖူးသော မဟာပနာဒမင်းစံမြန်းခဲ့သော အထပ်တစ်ရာရှိသော ပြဿဒ်ကြီး၌ စံမြန်းလျက်နေစဉ် လူ့ဘောင်လောက ငြီးငွေ့လာသောအခါ၊

ရဟန်းမဝတ်မှီမှာပင် ငါ့ရဲ့ပြဿဒ်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ပါစေသတည်းဟု အဓိဋ္ဌာန်လျက် ထိုပြဿဒ်ကို ရဟန်း ပုဏ္ဏား ဆင်းရဲသား အထီးကျန် သူတောင်းစားတို့အား အလှူပေး၍ ဝိသာခါမိဖုရားနှင့်အတူ အနီးအပါးခစား ကုန်ကြသော ကုဋေကိုးသောင်းကျော်သော လူအပေါင်းတို့သည် တစ်ယောက်မကျန် သင်္ခမင်းနဲ့အတူ ဧဟိဘိက္ခုရဟန်းများ ဖြစ်လိမ့်မယ်ချစ်သားတို့။

စကြာဝတေးမင်း၏ အတိတ်ဘဝကသားတော် စသော မဟာပဒါနမင်းသည် လူ့ပြည် နတ်ပြည်တို့၌သာဖြစ်လျက် ဂေါတမဘုရားပွင့်တော်မူသောအခါ ဘဒ္ဒိယသူဋ္ဌေးဖြစ်လျက် ပြဿဒ်သုံးဆောင်ကို နွေ၊ မိုး၊ ဆောင်းသုံးရာသီတို့၌ တစ်လှည့်စီခံစားနေစဉ် မြတ်စွာဘုရား၏တရားတော်ကို နာကြားရ၍ဖြစ်လေသော်၊

ဘဒ္ဒိယရဟန္တာ ဖြစ်သောနေ့မှာပင် ဘဒ္ဒိယရဟန်းဟူသော အမည်ဖြင့် ရဟန်းဖြစ်လျက် မြတ်စွာဘုရားနှင့် အတူရေကြောင်းခရီး ကြွတော်မူစဉ် မြတ်စွာဘုရားက ဘဒ္ဒိယသည် ပုထုဇဉ်လော၊ ရဟန္တာလောဟု တခြားသော ရဟန်းများ သံသယလွတ်ကင်းစေခြင်းငှာ ချစ်သားဘဒ္ဒိယ သင်အတိတ်ဘဝက မဟာပနာဒမင်းဖြစ် ခဲ့စဉ်အခါတုန်းက စံမြန်းခဲ့သော ပြဿဒ်ကြီးဘယ်နားမှာလဲဟုမေး လိုက်သောအခါ

ဘဒ္ဒိယရဟန္တာမ ထေရ်သည် စျာန်အဘိညာဉ်ဝင်စားပြီး ပြဿဒ်ကြီး၏အထွဋ်ကို ခြေမဖြင့်ညပ်ယူ၍ မလိုက်သောအခါ

ပြဿဒ်ကြီးရေပေါ်၌ ယူဇနာနှစ်ဆယ် အမြင့်သို့ရောက်လေသော ငါး လိပ် ပုဇွန် နဂါး မိကျောင်း စသောသတ္တာဝါများ ပြုတ်ကျလာပါတယ်။

ထိုအခါ မြတ်ဘုရားက ချစ်သားဘဒ္ဒိယ၊ အတိတ်ဘဝတုန်းက အတူနေခဲ့တော်စပ်ခဲ့သော မောင်းမမိဿံနှင့်တကွ ဆွေမျိုးတွေ ပြဿဒ်ကြီးကိုစွဲလမ်းပြီး တိရိစ္ဆာန်တွေဖြစ်နေကြတာ၊

အခုပြုတ်ကျလို့ မင်းဆွေမျိုးတွေ ပင်ပန်းကြကုန်ပြီ ပြန်လွှတ်လိုက်ပါတော့လို့ မိန့်ကြားတော်မူသဖြင့် ပြဿဒ်ကြီးသည်နေမြဲတိုင်းနေရာဖြစ်သော မြစ်လယ်ခေါင်၌ပင်နစ် မြှုပ်သွားလေသည်။

ကေတုမတီမြို့ ပတ်ဝန်းကျင်မှာလည်း ရတနာတို့ဖြင့်ခြံရံ၍ အရောင်ခုနှစ်မျိုးရှိသော တံတိုင်းခုနှစ်ထပ်၊ ထန်းပင်စဉ်ခုနှစ်ထပ် ပေါ်ပေါက်၍ ကာရံထားလိမ့်မည်ဖြစ်ကြောင်း။

မြို့တံခါးလေးမျက်နှာမှာလည်း ရွှေဇရပ်တွေ ပေါ်ပေါက်လိမ့်မည်ဖြစ်ကြောင်း။ မြို့ထက်ဝန်းကျင်မှာရှိတဲ့ ရှင်ဘုရင်ဥယျာဉ်တွေထဲမှာ ပန်းမျိုးစုံတို့က မြရည်သွန်းသကဲ့သို့ မွှေးပျံ့သင်းလှိုင်နေပေလိမ့်မယ်။

ကေတုမတီပြည်၏ မြို့အလယ်ခေါင်၌ ၄င်းပြဿဒ် အယာမ် တံတိုင်းအယာမ်တို့မှာ အဖြူ၊ အနီ၊ အဝါ၊ အရွှေ၊ အစိမ်း၊ အမည်း၊ အကြောင်အကြား ပြိုးပြိုးပြတ်ရှိသော နတ်ပုဆိုးတန်ဆာ တခြားတခြားသော တိုင်းနိုင်ငံတွေမှ ထွက်ပေါ်လာတဲ့၊

အဝတ်ပုဆိုး၊ ထမင်းဘောဇဉ်၊ အဖျော်စသော လူအများသုံးဆောင် စားသောက်ကောင်းသော အရသာဟူသမျှတွေ ပဒေသာပင်မှာ တွဲလဲစွဲလျက် ရှိကြလိမ့်မယ် ချစ်သားတို့။

အဲဒီအချိန်မှာ အရိမေတ္တယျဘုရားလောင်းက ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့်ပြီး၍ တုသိတာနတ်ပြည်မှာ ရှိနေလိမ့်မယ် ချစ်သားတို့။

စကြာဝဋ္ဌာတိုက် တစ်သောင်းမှာနေထိုင်ကြတဲ့ နတ် ဗြဟ္မာအပေါင်းတွေက ဘုရားအလောင်းတော်နတ်သားကို အလောင်းတော်နတ်သား လူ့ပြည်ကိုဆင်း၍ ဘုရားဖြစ်ဖို့ရန် အချိန်တန်ပါပြီ။

လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးငှာ လူ့ပြည်ဆင်း၍ဘုရား ဖြစ်တော်မူပါလို့လျှောက်ထား တောင်းပန်ကြလိမ့်မယ် ချစ်သားတို့။

အလောင်းတော်နတ်သား က လူ့ပြည်ဆင်း၍ ပဋိသန္ဓယေူဖို့အရာအတွက် ဘုရားအလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာဓမ္မတာအရ ပဋိသန္ဓယေူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါးကို အရင်ကြည့်ပြီးမှ ယူလေ့ရှိပါတယ်။

၁။ဘုရားဖြစ်ဖို့ရာခေတ်အခါ ကာလကိုကြည့်ရှုခြင်း

၂။ ဘုရားဖြစ်ပွင့်ရာကျွန်းကိုကြည့် ရှုခြင်း

၃။ ဘုရားဖြစ်ပွင့်ရာဒေသကိုကြည့် ရှုခြင်း

၄။ ဘုရားအလောင်းတို့ ဖြစ်ရာ အမျိုးကို ကြည့်ရှုခြင်း

၅။ဘုရားအလောင်းမယ်တော်၏ အသက်အပိုင်းအခြားကို ကြည့်ရှု ခြင်းတို့ဖြင့် ပဋိသန္ဓတေည်ပြီး ဘုရားပွင့်တော်မူမှာ ဖြစ်ပါတယ်ခင်ဗျာ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website