အနော်ရထာမင်း၏ ထူးဆန်းသော အိပ်မက်ကြီး (၃)ခု

ဓမ္ပဒီပတိုင်း၊ ပုဂံပြည့်ရှင် အနော်ရထာမင်းသည် နတ်ရွာမစံမီ (၇)ရက်အလိုတွင်ထူးဆန်းသော အိပ်မက်ကြီး (၃)ခုကို မက်လေသည်။

ပထမအိပ်မက် – အနော်ရထာမင်း၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး၊

ထိုမီးတောက်ထဲမှ ရဲမက်တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းတို့ကို ပြန်ထောင်လေသည်။

ဒုတိယအိပ်မက် – အနော်ရထာမင်း၏ နန်းတော်သည်လည်း ပြိုကျလေသည်။

ထိုအခါ နန်းတော်အနောက်တွင် ရှိသော မီးဖို၏ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည် တည်ဆောက် ပေးလေသည်။

တတိယအိပ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရား တည်ရှိနေပြီး၊

မြေကြီးပေါ်တွင် နန်းတော်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ရေကြည်တို့သည်လည်း မီးနှင့်ရောထွေးကာ နန်းတော်အပြင်ထိသို့ပါ လျှံကာထွက်လေသည်။

ထို မီးအလျှံ၊ ရေအလျှံတို့သည် အနော်ရထာမင်းအား မြုပ်ပြီးနောက် ထိုထဲမှ လူသားတစ်ပါးထွက်လာကာ မြတ်စွာဘုရားရှင်အား ဦးတိုက် ရှိခိုးလေသည်။

နောက်နေ့မနက်တွင် အနော်ရထာမင်းသည် ပုရောဟိတ်ပုဏ္ဍားအား သူ၏ အိပ်မက်(၃)ခုကို မေးလေသည်။

ပုရောဟိတ်လည်း ထိုအိပ်မက် (၃)ခုအား သေချာဆင်ခြင်ပြီး တွက်ဆကာ အနော်ရထာမင်းအား သံတော်ဦး တင်လေသည်။

အရှင်မင်းကြီး ••

” ပထမ ” အိပ်မက်သည် နောင်သောကာလ၌ ပုဂံပြည်ကြီးသည် ပျက်စီး၊ ယိုယွင်းပြီးနောက် အရှင်မင်းကြီးတည်ထောင်၊ စုစည်းထားသော ပြည်သည် တကွဲတပြား ဖြစ်လိမ့်မည်။

ထို တကွဲတပြားဖြစ်သော ပြည်အား အရှင်မင်းကဲ့သို့သော ဘုန်းကံရှိသည့် မင်းတစ်ပါးမှ ပြန်လည်၊ စုစည်း တည်ထောင်လိမ့်မယ်။

” ဒုတိယ ” အိပ်မက်သည် ဤပြည်ထောင်သည် မညီညွတ်မှု များစွာ ရှိလာပြီး အရပ်လေးမျက်နှာ ကွဲနေသော ဤပြည်ထောင်အား သူတစ်လူ၊ ငါတစ်မင်း အုပ်ချုပ်လတ္တံ။

ထိုအခါ မညီညွတ်သော ပြည်ထောင်အား ပြန်လည်၊ စုစည်းမည့် ဒုတိယမင်းတစ်ပါး ပေါ်ပေါက်လာမည် ဖြစ်သည်။

တတိယအိပ်မက် – အရှင်မင်းကြီး၊ တတိယအိပ်မက်သည်ကား အလွန် ထူးမြတ်လေသည်။

ဤပြည်ထောင်သည် မပြိုမကွဲ မပျက်စီးသော ကာလဝယ် အရှင်မင်းကြီးကဲ့သို့သော ဘုန်းကံကြီးသည့် သာသနာပြုမင်းတစ်ပါး ပေါ်လိမ့်မယ်။

မြတ်ဗုဒ္ဓအား ကြည်ညိုသော ထိုမင်းသည် မြတ်ဗုဒ္ဓ သာသနာအား ဤပြည်ထောင်သာမကပဲ ဇမ္မူတခွင်သို့ ပျံ့အောင် ဖြန့်လိမ့်မယ်အရှင်မင်းကြီးဘုရား။

ထိုအခါ အနော်ရထာမင်းကြီးလည်း •• ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

ပုရောဟိတ်ကြီး၊ ငါကြည်ညိုတော်မူသော မြတ်ဗုဒ္ဓ၏ စစ်မှန်သောတရားတော်ကို ဇမ္မူတခွင်အထိပါ ဖြန့်မယ့် မင်းတစ်ပါး ပေါ်ထွန်းလာဦးမှာကို ငါကိုယ်တော်မြတ် အတိုင်းမသိ ဝမ်းသာတော် မူတယ်။

အနော်ရထာမင်းလည်း နှစ်သက်တော်မူသဖြင့် ပုရောဟိတ်အား ရွှေ (၁)ပြည်၊ ဆင်(၇)ကောင်၊ မြင်း (၈၀)တို့ကို ချီးမြင့်ကာ သထုံမြို့မှ ရရှိသော အကောက်ခွန်တို့အား အပိုင် စားစေသည်။

နောက်နေ့မနက်တွင်ကား အနော်ရထာမင်းကြီးမှ သူ၏ လေသာဆောင်သို့ ပုရောဟိတ်အား ဆင့်ခေါ်ကာ သာသနာပြုမင်း အကြောင်းအား မေးလေသည်။

မနေ့က၊ နန်းဆောင်တွင် မှုးမတ်၊ စစ်သည်ဗိုလ်ပါတို့ ရှိ၍ ရာဇ အိန္ဒြေဆောင်ကာမမေးမြန်းပဲ ဒီနေ့တွင်သာ လေသာဆောင်တွင် မေးလေသည်။

မင်းကြီး ။ ။ ဟဲ့ – ပုရောဟိတ်ကြီး၊ သာသနာပြုမင်းက ငါကိုယ်တော်မြတ် မရှိသည့်နောက်ပိုင်း ဘယ်ခေတ်မှာ ပေါ်မလဲ ကွဲ့။

ပရောဟိတ် ။ ။ မှန်လှပါ အရှင်မင်းကြီး ••ဘုရားသာသနာနှစ် (၅,၀၀၀) ရှိသည်တွင် ဝိမုတ္တိယုသ ခေတ် (၂)ခေတ် ရှိပါတယ်။

သာသနာနှစ် (၂,၅၀၀)တွင် ခေတ် (၅)ခေတ် ရှိပြီး တစ်ခေတ်တွင် နှစ်(၅၀၀) ရှိပါတယ်။ မြတ်စွာဘုရား ပွင့်ထွန်းသောကာလ နောက်ပိုင်း ပထမ ဝိမုတ္တ္တိယုသခေတ် နှစ်(၅၀၀) ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် သာသနာနှစ် (၂,၅၀၀)ကျော်ရင် ဒုတိယ ဝိမုတ္တိယုသခေတ် နှစ်(၅၀၀) ပြန်စပါမယ် ဘုရား။

ဒုတိယ ဝိမုတ္တိယုသခေတ်မှာ သာသနာပြုမင်း ပေါ်ပါမယ် အရှင်မင်းကြီး။

မင်းကြီး ။ ။ ဒါဆို သာသနာပြုမင်းက မြတ်စွာဘုရားရဲ့ သာသနာ (၂,၅၀၀)နဲ့ (၂,၆၀၀)ကြား ပေါ်မှာလား ပုရောဟိတ်ကြီး။

ပရောဟိတ် ။ ။ မှန်လှပါ ဘုရား ••

နက္ခတာယာ လမ်းကြောင်းအရ အဝိဇ္ဇာကင်းစင်သော သာသနာနှစ် (၂,၆၀၀)နား နီးမှာ ပေါ်မှာပါ ဘုရား။

ထိုမင်းလက်ထက်တွင် ဤပြည်သည် တစ်ရာ့တစ်ပါးသော တိုင်းနိူင်ငံတို့တွင် ထင်ရှားဧကန် ဘုန်းမီး၊ နေ၊ လ တောက်ပ ပါလိမ့်မည်။

တစ်ရာ့တစ်ပါးသော မင်းများလည်း ထိုမင်းအား လေးစား၊ ဦးခိုက် ကြလိမ့်မည်။

အနော်ရထာမင်းလည်း အားရသဖြင့် နဝရတ်လက်စွပ်ကို ပုရောဟိတ်အား ထပ်မံ ချီးမြှောက်လေသည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website